လတ်တလော ကျင်းပနေတဲ့ ဆီးဂိမ်း ပြိုင်ပွဲတွေမှာ ကြက်ခြေနီဝတ်စုံတွေ ဝတ်ဆင်လို့ တတပ်တအား ကူညီခဲ့တဲ့
အကယ်ဒမီ အနုပညာရှင် နှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ အကယ်ဒမီ ဝေဠုကျော်နဲ့ အကယ်ဒမီ အောင်ခိုင်တို့ပါပဲ။
ဒီလို ကြက်ခြေနီ ဝတ်စုံတွေဝတ်ပြီး ပါဝင်ကူညီ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး အကယ်ဒမီအောင်ခိုင်က သူဟာ အရင်ကတည်းက ကြက်ခြေနီတပ်ဖွဲ့မှာ ရာသက်ပန် အဖွဲ့ဝင်အဖြစ် ဝင်ထားတာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်က အခုမှ ကြက်ခြေနီ လုပ်တာမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကတည်းက ကြက်ခြေနီတပ်ဖွဲ့ကို ဝင်ခဲ့တာပါ။
ကျနော်တို့က ယူနီဖောင်းမဝတ်ဘဲ၊ ပြင်ပကနေပြီးတော့ပဲ ပရဟိတတွေ လုပ်နေပါတယ်။ အခုက ကြက်ခြေနီမှာ တပ်ဖွဲ့ဝင်တွေ ပြန်လိုပြီဆိုပြီး ပြန်စုတော့မှ ကျနော်နဲ့ကိုဝေဠုက အနုပညာ လောကမှာလည်း အနေအထားလေး တခုရောက်နေတယ် ဆိုတော့ တပ်ဖွဲ့ထဲ ပြန်ဝင်ဖို့ ဖိတ်ခေါ်တဲ့အတွက် ယူနီဖောင်းကို ပထမဆုံး ပြန်ဝတ်ပြီး ပြန်လုပ်ခဲ့တာပါ။ ကျနော်က သာကေတ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်ပါ” လို့ အောင်ခိုင်က ဆိုပါတယ်။
သူ့လိုပဲ အကယ်ဒမီ ဝေဠုကျော်ဟာလည်း သာကေတ မြို့နယ်က ကြက်ခြေနီတပ်ဖွဲ့ဝင် တဦးဖြစ်တယ်လို့ အကယ်ဒမီ အောင်ခိုင်ရဲ့ ဟြေပြချက် အရ သိရပါတယ်။
“ကိုဝေဠုကလည်း ၁၉၈၆ ခုနှစ် ကတည်းက ကြက်ခြေနီတပ်ဖွဲ့ထဲ ဝင်ခဲ့တဲ့ သာကေတမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်ပါ။ အရင်တုန်း ကလည်း ကျနော်တို့ ကြက်ခြေနီတပ်ဖွဲ့ထဲမှာ ပရဟိတတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်းကျတော့ အနုပညာ အလုပ်တွေနဲ့ဆိုတော့ မအားတော့တာနဲ့ ယူနီဖောင်း မဝတ်ဖြစ်တော့တာပါ။ အခု လိုအပ်လာတဲ့အခါ ယူနီဖောင်း ပြန်ဝတ်ဖြစ်တယ်။ ဆီးဂိမ်းကို ကြုံတဲ့အခါကျတော့ ကျနော်တို့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ် ကနေပြီး ရန်ကုန်တိုင်း ကြက်ခြေနီဌာနကို လှမ်းပြီး မီးရှုးတိုင် သယ်ဆောင်ရေးမှာ ပါဝင်ဖို့အတွက် ကြက်ခြေနီတွေ အားဖြည့်ပါဆိုလို့ အားဖြည့် ပါဝင်တာပါ။ နောက်ပြီး ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆီးဂိမ်းက အားကစားပွဲတွေမှာ လူမှု လုံခြုံရေး တာဝန်အတွက် ကြက်ခြေနီအင်အား ၁၀၀ ကျော် ထားရှိရတဲ့အတွက်၊ ကျနော်နဲ့ ကိုဝေဠုက ရန်ကုန်တိုင်း ကြက်ခြေနီ အရံတပ်ဖွဲ့ဝင် တပ်ခွဲမှူးတွေဖြစ်တဲ့အတွက် ပါဝင်လာခဲ့ရခြင်း ဖြစ်ပါတယ်” လို့ ဟြေပါတယ်။
ဒါ့အပြင် အကယ်ဒမီအောင်ခိုင်က သူ့အနေနဲ့ ဆီးဂိမ်းပွဲမလုပ်ခင် အရှေ့တောင်အာရှ ကျွန်းဆွယ် ငါးကြိမ်မြောက် ပြိုင်ပွဲကို ငယ်ငယ်တုန်းက ကြုံခဲ့ဖူးကြောင်း၊ ဒါပေမယ့် ကိုယ်တိုင် ပါဝင် လှုပ်ရှားခွင့်မရခဲ့ဘဲ အခု ၄၄ နှစ်ကြာမှ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့အပြင် ပြည်သူတယောက် အနေနဲ့တင် မကဘဲ၊ အခုလို တာဝန်ပေးခြင်း ခံရတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်းလည်း ဆိုပါသေးတယ်။
“တချို့ကလည်း ကျနော့်ကို ဘယ်လိုဖြစ်သွားတာလဲ ဆိုပြီး မေးတာခံရတာပေါ့။ ဘယ်လိုမှ ဖြစ်တာမဟုတ်ပါဘူး။ နဂို ကတည်းက ရာသက်ပန် ကြက်ခြေနီအဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် ဒီပွဲမှာ ကြက်ခြေနီ ယူနီဖောင်းကိုဝတ်ပြီး ပါဝင်ခဲ့တာပါ။ ကျနော်တို့က ဖွင့်ပွဲအတွက် မီးရှုးတိုင်ကြီး ပို့ဖို့ တာဝန်ပဲရှိပါတယ်။ ရန်ကုန်ကနေ မီးရှုးတိုင်ကြီးကို သယ်တဲ့ တလျှောက်လုံးမှာ အရင်က တိုင်းပြည်ဂုဏ်ဆောင်ပြီး ရွှေရခဲ့တဲ့ အဖိုးအရွယ်၊ အဖေ အမေအရွယ်တွေက သူတို့သယ်ချင်လွန်းလို့ သူတို့အသက်ကြီးပေမယ့်လည်း သယ်ကြတယ်။ မီးရှုးတိုင်ကြီးဘေးမှာ ကျနော်တို့ လိုက်ပါလာတာက ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ သူတို့ ကျန်းမာရေးအတွက်ပါ။ သူတို့ မတော်တဆ ခြေခေါက်တာတို့ ဘာတို့ ဖြစ်မှာစိုးတဲ့အတွက် ကျနော်နဲ့ ကိုဝေဠုတိုင်ပင်ပြီး သူတို့ ကျန်းမာရေးအတွက် သူတို့ အနောက်နားကနေ စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ။ ကိုယ့်နိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ ဒီလိုပွဲမျိုးမှာ ဒီလိုပါဝင်ခွင့် ရတဲ့အတွက် ပီတိဖြစ်ရသလို ဝမ်းသာရပါတယ်” လို့ အကယ်ဒမီ အောင်ခိုင်က သူ့ခံစားချက်နဲ့ အယူအဆတွေကို ဟြေဆိုပါတယ်။