အခုကျင်းပနေတဲ့ SEA Games ပွဲကြီးအပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရုပ်ရှင်ဝါသနာရှင် ပရိသတ်များ စိတ်ဝင်စား မျှော်လင့် နေကြတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနှစ်က ဆုရွေးချယ်ရေး စနစ်နဲ့ ပေးအပ်ခဲ့တဲ့ဆု တချို့အပေါ် ပရိသတ်တွေရဲ့ ဘဝင်မကျတဲ့ စောဒကတက်သံတွေ ရှိခဲ့တာမို့ ဒီနှစ်အတွက် ဆုတွေကို ရွေးချယ်ပုံနဲ့ ပတ်သတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့ဝင်တချို့ရဲ့ ထင်မြင်ချက်၊ မှတ်ချက်တွေနဲ့ တကွ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် များရဲ့ အကယ်ဒမီအပေါ် ကြိုတင် ရင်ခုန်သံများ၊ သဘောထားအမြင်များကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ ဆုရွေးချယ်ရေး အဖွဲ့ဝင် အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နဲ့ မြန်မာ့ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌ ၁ ဒါရိုက်တာ ညီညီထွန်းလွင်တို့ရဲ့ အသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ဝင် အကယ်ဒမီဒေါ်ခင်လေးသိမ့်
ဇာတ်ကားတွေကို ဘုတ်အဖွဲ့က ရွေးချယ်တဲ့ နေရာမှာ ပထမ အဆင့်ကတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လုပ်ငန်းက သင့်လျော်တဲ့ ဆင်ဆာအဖွဲ့ဝင်တွေထဲကမှ ၁ နှစ်လုံး ရိုက်ခဲ့တဲ့ ၁၇ ကားကို ကြည့်တာပေါ့။ ဒုတိယ အဆင့်အနေနဲ့ အပေါ်ကို တင်ပေးတာ ၇ ကားပါ။
အဲဒီ ၇ ကားမှာမှ အကယ်ဒမီ သတ်မှတ်ထားတာက ၁၁ ဆုရှိတယ်။ ဒီနှစ်က ထူးထူးခြားခြား မနှစ်တုန်းက အားလုံးရဲ့ တောင်းဆိုမှုနဲ့ အထူးဆု ၁ ဆုကို အကယ်ဒမီပေးဖို့ အတွက် ရည်ရွယ်ထားတယ်။ နောက်နှစ်တွေမှာလည်း အထူးဆု ၁ ခုက ရှိနေမှာပဲ။ ၁၁ ဆုထဲမှာ မပါတဲ့ ကိစ္စတွေ ပေါ်လာလို့ရှိရင် ပေးနိုင်အောင် အဲဒီတဆုကို ထပ်ပြီးလျာထားတာပေါ့။ အဲဒီ အထူးဆုက ဒီနှစ်ကစပြီးပေးမှာ။ ဟိုးအရင်တုန်းကတော့ ပေးခဲ့ဖူးတယ်။ မပေးတာ ကြာသွားတော့ အဲဒီဆုအတွက်ကို လိုအပ်နေသေးတယ် ဆိုတာ လူကြီးတွေကသိလာတော့ အဲဒီဆုကိုထပ်ပြီး ထည့်တာ။ နောက်နှစ်တွေမှာ အမြဲတမ်းရှိနေပေမယ့်၊ ပေးတဲ့ဆုကတော့ တူချင်မှတူမှာပေါ့။
ဒီ အထူးဆုက ၁၁ ဆုထဲမှာ မပါတဲ့ဆု၊ ပေးသင့်ပေးထိုက်တဲ့ ဆုတခုပေါ့။ မဖြစ်မနေ ပေးရမယ်လို့တော့ မဟုတ်ဘူး။
ပေးမယ့်ဆု ၁၁ ဆုထဲမှာ ပါတဲ့ဆုတွေကတော့ အဓိကက ရုပ်ရှင်ကား တကားရိုက်ရင် မဖြစ်မနေ ပါဝင်တဲ့ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ အဓိက အမျိုးသား ဇာတ်ဆောင်၊ အမျိုးသမီး ဇာတ်ဆောင်၊ အမျိုးသား ဇာတ်ပို့၊ အမျိုးသမီး ဇာတ်ပို့၊ နောက်ခံ တေးဂီတ၊ တည်းဖြတ်၊ ဇာတ်ကားဆု၊ ဓာတ်ပုံဆု၊ အသံဆုတို့ပါ။
ရည်ရွယ်ထားတဲ့ အထူးဆုကတော့ ဘယ်ထဲကရမလဲ ဆိုတာ မသိဘူးပေါ့။ ထူးခြားတဲ့ ဟာမျိုးတွေပေါ့။အတိအကျ ပြောလို့ မရဘူး။
အန်တီက ဇာတ်ညွှန်း အဓိကဆိုတော့ ရွေးချယ်တဲ့နေရာမှာ ဘယ်လို အချက်မျိုးတွေ အဓိကထား ရွေးချယ်လဲ ဆိုတော့
ကားတကား ကောင်းပြီ ဆိုရင် ဒီကားမှာပါတဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင် အကုန်လုံး ကောင်းကြမှာပဲလေ။ ဇာတ်ညွှန်း မကောင်းဘဲနဲ့တော့ ကားတကားက ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ကျမတို့က အရင်ဆုံး ကောင်းတဲ့ကားတွေ ပရိသတ် ကြိုက်တာရော၊ အဆင့်အတန်း ရှိတာရော ကြည့်ပြီး ရွေးလိုက်တာပေါ့။ ဒီကားတကား ကောင်းရင် သူ့ရဲ့ ဇာတ်ညွှန်းကြောင့်လား၊ ဒါရိုက်တာ ကြောင့်လား အဲဒီ နှစ်ခုကို ကြည့်ရတာပေါ့။ ဇာတ်ညွှန်းက ဇာတ်ကားရဲ့ ပုံစံအတိုင်း သဘောက အကုန်လုံး မဟုတ်ဘူး။ ဇာတ်ညွှန်းက တခြား၊ ကားကတခြား ရိုက်ထားတယ် ဆိုရင်တော့ ဇာတ်ညွှန်းသမားနဲ့ မဆိုင်ဘူးပေါ့။ ဒါရိုက်တာနဲ့ပဲ ပတ်သက်မှာပေါ့။ ပထမဆုံး ကားအကောင်းတွေ အကုန် ရွေးလိုက်တယ်။
ဇာတ်ညွှန်းနဲ့ ရိုက်ထားတာတွေက ဘယ်လိုအပ်စပ်မှု ရှိတယ် မရှိဘူး ဆိုတာကို ကြည့်ရတာပေါ့။
ဒီနှစ် ကားတွေအပေါ်မှာ သုံးသပ်ရရင် ကားတွေရဲ့ ဇာတ်လမ်းက ရသစုံတယ်။ ခေတ်က ပြောင်းလာတဲ့ အခါကျတော့ မော်ဒန် ဖြစ်လာတာတွေလည်း ပါတယ်။ နိုင်ငံခြားမှာ သွားရိုက်ပြီးတော့ အားထုတ်မှုတွေလည်း ပါလာတယ်။ ဘာပဲဖြစ်ဖြစ် အဆင့်အတန်းရှိတဲ့ ကားတွေ ပါလာတယ်။ နောက် ရိုးရာမပျက်တဲ့ ကားတွေလည်း ပါလာတယ်။ ကားတွေစုံတော့ အကုန်လုံးက အဆင့်မရှိတဲ့ ကားတွေမဟုတ်ဘူး။ အဆင့်အတန်းရှိတဲ့ ကားတွေပါတယ်။ ယေဘုယျ ကားတွေလည်း ပါတာပေါ့။ အပေါ်ကို တက်လာတာ ကောင်းတဲ့အချက် တခုခုပါနေလို့ပဲ။ ဒီ ၁၁ ဆုထဲမှာ ရနိုင်တဲ့ ဆုတခုခု ပါရင်လည်း အပေါ် တင်ပေးလိုက်တာပဲ။
ကားတွေ စုံလို့ ရွေးချယ်ရ ခက်လာတာမျိုးတော့ မဟုတ်ပါဘူး။ အမြဲတမ်းကတော့ ခက်မှာပဲ။ အနုပညာဆိုတာ ၁ နဲ့ ၁ ပေါင်းတော့ ၂ ဖြစ်တာ မဟုတ်ဘူးလေ။ သူတို့က အမြဲတမ်း အားထုတ်ထားတယ် ဆိုရင်တော့ ကံ၊ ဉာဏ်၊ ဝီရိယ အကျိုးကတော့ ရှိနေမှာပဲ။ ကံကတော့ ကျမတို့ ဗုဒ္ဓဘာသာ အရပေါ့။ အမြဲတမ်းကတော့ ကိုယ့်ဘက်က ကြိုးစားနေဖို့ အရေးကြီးတာပဲ။
မနှစ်တုန်းက အကယ်ဒမီ ဆုတွေအပေါ် လူတွေ မကျေနပ်ချက် အသံတချို့ ရှိခဲ့တဲ့အတွက်ကြောင့် ဒီနှစ်မှာ ကျမတို့ ၁၆ ဦးကို သူတို့က အိတ်ပိတ်ပြီး ပေးလိုက်တဲ့ဟာက လူကြီးအထိပေါ့၊ ဝန်ကြီးအဆင့် မသွားဘူး။ ရုပ်ရှင်လုပ်ငန်းက တာဝန်အရှိဆုံး သူနဲ့ ကျမတို့ အဖွဲ့မှာဆိုရင် ခေါင်းဆောင်ပေါ့။ အဓိကက သူတို့နှစ်ယောက်ကို တင်ပေးရတယ်။ အဖွဲ့ခေါင်းဆောင် ဆိုရင်လည်း ကျမတို့အားလုံးရဲ့ ကိုယ်စားပေါ့။ ပထမ အဆင့်မှာလည်း အဖွဲ့ခေါင်းဆောင် ရှိတယ်၊ ဒုတိယမှာလည်း အဖွဲ့ခေါင်းဆောင် ရှိတယ်။ ကျမတို့အဖွဲ့ ခေါင်းဆောင်နဲ့ သူတို့အရှေ့မှာ စာအိတ်ကို ဖောက်ပြီးတော့ ဒီအမှတ်တွေကို အတိအကျရွေးပြီးတော့ အကယ်ဒမီပေးမယ်လို့ ကျမတို့က သိထားတာပေါ့။ အဲဒီတော့ အဖြေကိုတော့ ကျမတို့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ကျမတို့ ကျတော့ လူကြီးတွေ ဖွင့်ဖောက်တဲ့အမှတ်ကို မသိတော့ဘူးလေ။ ကျမတို့ ပေးတဲ့အမှတ်လည်း ကိုယ့်ဟာကိုယ်ပဲ သိတာပေါ့။
ကိုယ့်ရဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကိုပဲ အကဲဖြတ်ရတာတော့ မဟုတ်ဘူး။ အားလုံးကိုတော့ အကဲဖြတ်ရတယ်။ ကျမ ပေးထားတာချည်းပဲ သိထားရတာ။ ဒါပေမယ့် ရမ်းသမ်းပြီး ပေးတာတော့ မဟုတ်ဘူး။ ကိုယ်ကတော့ Specialized သမားကိုတော့ မေးရတာပေါ့။ ဒီထဲမှာ Specialized သမားတွေ အကုန်လုံး ထည့်ထားတယ်။ သူတို့ကို အဓိကထားတော့ ပရမ်းပတာတော့ မဖြစ်ဘူးပေါ့။
စိစစ်ရွေးချယ်ရေး Board အဖွဲ့ထဲမှာ ဒီနှစ် စာပေပညာရှင် နှစ်ယောက် ပါပါတယ်။ အနုပညာရှင် ဘက်ကမဟုတ်ဘဲ စာပေပညာရှင် နှစ်ယောက်ကို ထည့်ထားတာ အဲဒီအတွက် နယ်ပယ် ပိုစုံသွားတာပေါ့။ ဒီနှစ် အကယ်ဒမီဆုပေးတာ အရင်နှစ်တွေနဲ့ မတူဘူး။ လုံးဝကို မတူတာ။ ဘုတ်အဖွဲ့မှာ ထည့်တဲ့ မန်ဘာတွေကိုက မပါသလောက်ပါပဲ။ စာပေပညာရှင် နှစ်ယောက်ရယ်၊ ဓာတ်ပုံပညာရှင် ဆိုလည်း ဓာတ်ပုံမှာ အကြီးဆုံးကို ထည့်ထားတယ် ဆိုတော့ နောင်ဆိုလည်း ဆက်ပြီး သူတို့ လုပ်ကိုင်သွားရမှာပဲ။ အန်တီတို့ အနေနဲ့ ပြောရမယ်ဆိုရင် ရုပ်ရှင်နဲ့ မပတ်သက်တာ ဒီသုံးယောက်ပဲလို့ ပြောရမှာပေါ့။ အရင်နှစ်တုန်းက ဆိုရင် ရုပ်ရှင်နဲ့ မဆိုင်တဲ့ ဌာနဆိုင်ရာ ပြင်ပပုဂ္ဂိုလ်တွေ ပါတယ်လေ။ အခုနှစ်ကတော့ လုံးဝမပါဘူး။ အနုပညာရှင် သီးသန့်ပဲ ပေးထားတယ်။ မြန်မာ့ရုပ်ရှင် လုပ်ငန်းဘက် အပိုင်းကတော့ သူတို့ကတော့ Leader တစ်ယောက်ကို ထားထားတယ်။ ဒါပေမယ့် အဲဒီလူက လုံး၀ ပါဝင်ပတ်သတ်မှု မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ကျမတို့ကို ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီ ကျွေးမွေးပြုစုတယ်။ တကယ်လို့ ဇာတ်ကားကို ကျမ တယောက်တည်းဖြစ်စေ၊ အများနဲ့ဖြစ်စေ ကြည့်ချင်ရင် ပြန်ဖွင့်ပေးတယ်။ ၁ လ လုံးလုံးက တယောက် ကြည့်ချင်လည်း ပြပေးတာပဲ၊ နှစ်ယောက် ကြည့်ချင်ရင်လည်း ပြပေးတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့က ဆုတခုကို ထောက်ခံပြီဆိုရင် ဘာအတွက်ဆိုတာ ပြန်ရေးပေးရတဲ့ အတွက် သူတို့ ပြန်ပြပေးတယ်။
အနုပညာနဲ့ မူးယစ်ဆေးမှုတွေ ကိစ္စကတော့၊ အဲဒါတွေက မဆိုင်ဘူး။ အနုပညာက အနုပညာ သီးသန့်ပဲ။ ကျမတို့ အမှတ်ထဲမှာ ဒီအမှတ်တွေ မပါဘူး။ ဟိုအရင်တုန်းက ဆိုရင် အဲဒီလိုမျိုး ပြဿနာတွေရှိရင် ဆုမပေးတာတို့ ဘာတို့ ဆိုတာကတော့ ကျမပြောတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ ထဲကမှ ကံကို ပြောတာပေါ့။ ကံဆိုတာ ဒီလိုအကယ်ဒမီ ပေးဖို့အတွက် ဦးဆောင်တဲ့သူက ချမှတ်တယ် ဆိုရင် မရတော့တာတို့ ဘာတို့ ဖြစ်တာပေါ့။ ကျမတို့ကတော့ အစကတည်းက အဲဒီအချက် မပါဝင်ဘူး။ ဒါကြောင့် ကံလို့ပြောတာ။ အခုအချိန်မှာ သူရိုက်ထားတာ ကလည်း ရှိနေတယ်။ လူကြီးတွေ ချမှတ်တဲ့ စည်းမျဉ်း စည်းကမ်းကလည်း တမျိုးဖြစ်နေရင် သူ့ကံပဲပေါ့။ ဒါမျိုးတွေကလည်း ကျမတို့ဘဝမှာ အများကြီးကြုံခဲ့ရတယ်။ ရုပ်ရှင်မှာ ငါအရမ်းတော်တာပဲ ဆိုလို့ ရချင်မှရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကံတခုက ရှိနေတာကိုး။ ဒီနှစ်မှာ ကံဆိုတဲ့ အရာကတော့ ကျမတို့ရဲ့ စည်းမျဉ်း စည်းကမ်းထဲမှာ လုံးဝမပါဝင်ဘူး။ အထက်ကလူကြီးတွေလည်း လုံးဝကို ထိန်းချုပ်မှု မရှိဘူး။
မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုအတွက် မနှစ်တုန်းက ပြောခဲ့သလို ပရိသတ် ဆန္ဒမဲဆိုတာ ကားတွေအားလုံးက ပရိသတ်တွေ ရှေ့မှောက် မရောက်ဘူး။ အရင်တုန်းက ဆိုရင် ကျမတို့ကားတွေ အကုန်လုံးပြခဲ့ပြီးမှပဲ အကယ်ဒမီ ပေးတာလေ။ အခုက တချို့ကားတွေက ပရိသတ် မကြည့်ရသေးတာ ရှိတယ်။ အဲဒီလို အခက်အခဲကြောင့် သူတို့က မထည့်ထားဘူးပေါ့။ အကယ်ဒမီ မတိုင်ခင်မှာ ရန်ကုန်နဲ့တကွ နယ်တွေ အားလုံးက ပြပြီးသွားရင် အဲဒီစနစ် ဖြစ်လာမှာပေါ့။ အဲဒါမျိုးကလည်း ဖြစ်သင့်တာပေါ့။ ကားတွေက အရမ်းနည်းတော့ ရန်ကုန်မြို့ရဲ့ တနေရာဝင်တာနဲ့ အကယ်ဒမီ စာရင်းဝင်အဖြစ် သတ်မှတ်လိုက် တာကိုး။
မြန်မာ့ရုပ်ရှင် လုပ်ငန်းအနေနဲ့ ဒီနှစ်လည်း အကယ်ဒမီ ကိစ္စမှာ သူတို့တာဝန် ယူထားတယ်ဆိုပေမယ့် ကျမတို့ကိုပဲ အကုန်လုံး လွှဲပေးထားပါပြီ။ ဘာမှတော့ ထူးခြားမှာ မဟုတ်ဘူး။ ဆုပေးမှာတော့ နိုင်ငံတော်ကပဲ ဆုပေးမှာလေ။ လုပ်တဲ့ လုပ်ငန်း အားလုံးကိုတော့ ကျမတို့ ရုပ်ရှင်အစည်းအရုံးကိုပဲ မနှစ်ကတည်းက စခိုင်းထားပြီ ဆိုတော့ ဒီနှစ်က အကုန်လုံးလိုလို လုပ်တတ်သွားပြီပေါ့။ အမှားအယွင်း မရှိတော့ဘူးပေါ့။ ဒီနှစ်ကိုက သူတို့ဘက်က မလုပ်သလောက်ကို ရှိပါတယ်။ ဆုကတော့ နိုင်ငံတော်ကပဲ ပေးမှာပေါ့။ ဒီဆုက နိုင်ငံတော်ဆုကိုး။ ပိုကောင်းအောင်တော့ ဉာဏ်ကွန့်ပြီး လုပ်ထားတယ်။ မနှစ်တုန်းက ဆိုရင် ကိုယ့်အချင်းချင်းပဲ ပေးတယ်။ ဒီနှစ်ကကျတော့ ရုပ်ရှင်မှာ သဘာရှိတဲ့ သရုပ်ဆောင်တွေနဲ့ ဂျာနယ်လစ်တွေ ခေါ်ပြီးပေးခိုင်းတယ်။ ဒါကတော့ ကျမတို့သဘောနဲ့ သူတို့တွေက လုပ်ခွင့်ပေးထား တာပေါ့။
အကယ်ဒမီပွဲနဲ့ ပတ်သတ်ပြီး ဖြည့်စွက်ပြောရမယ်ဆိုရင် ဒီနှစ်အကယ်ဒမီပေးပွဲကတော့ ထူးခြားမယ်ထင်ပါတယ်။ ငွေရေးကြေးရေးရော၊ တင်ထားတဲ့ တင်ဒါတွေကလည်း ငွေကို အဓိကမထားဘဲ ပိုပြီးတော့ အနုပညာမြောက်အောင် အခါတိုင်းနှစ်တွေနဲ့ မတူဘဲ၊ ပိုပြီးစိတ်ဝင်စားစရာ ကောင်းမယ်လို့ ကျမကယူဆပါတယ်။ ပုံစံကလည်း လုံးဝပြောင်းသွားပြီး ခါတိုင်းလို ပုံစံံမျိုးမဟုတ်ဘဲ တင်ပြပုံတွေ ပြောင်းသွားတယ်။ ပေးတာကတော့ နိုင်ငံတော်အဆင့်က ပေးပြီး ကျန်တဲ့ကိစ္စတွေ ကိုတော့ ရုပ်ရှင် အစည်းအရုံးကလို့ ခွဲခြားပေးလိုက်တာပေါ့။ အခုယူထားတဲ့ တင်ဒါကုမ္ပဏီကလည်း လုပ်ချင်တာကို ဇွတ်မလုပ်ဘူး။ လူကြီးတွေကို အကုန်တိုင်ပင်ပြီးမှ လုပ်တယ်။ ကုမ္ပဏီကသာ အကုန်လုံး တာဝန်ယူတယ်ဆိုပေမယ့် ကျမတို့ ရုပ်ရှင်အစည်းအရုံးကပဲ လုပ်ပေးနေရတာပေါ့။ အချိန်ကလည်း အရမ်းကပ်တော့ သူတို့အဖို့မှာ ညတိုင်း ပင်ပန်းစွာ လုပ်ပေးနေတာ တွေ့ရပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ(၁)၊ ဒါရိုက်တာညီညီထွန်းလွင်
ဒါရိုက်တာ တယောက်အနေနဲ့ အကယ်ဒမီ ဇာတ်ကားတွေ ရွေးချယ်ရာမှာ ဘယ်လိုစည်းမျဉ်းတွေနဲ့ ရွေးချယ်သင့်လဲ ဆိုရင် သူတို့မှာ စည်းကမ်းတွေ၊ နည်းလမ်းတွေ မျိုးစုံရှိတယ်။ ဒါရိုက်တာရဲ့စံက ဇာတ်ကောင် ရွေးချယ်တာ၊ တည်နေရာ ရွေးတာ မှန်ကန်ရမယ်။ ဇာတ်လမ်း တခုလုံးကိုလည်း ကိုင်တွယ်တာ မှန်ကန်ရမယ်။ ဇာတ်ကားတခုလုံးကို ခြုံကြည့်ရင် သဘာ၀ ကျတာမျိုး ဖြစ်ရမယ်ပေါ့။ အကယ်ဒမီ အရည်အချင်းမှာကိုက ဇာတ်လမ်းနာမည် ရွေးချယ်တာလည်း အဓိကကျတယ်။ ပညာရပ်ပိုင်း ဆိုင်ရာတွေကတော့ အများကြီး ပါသေးတာပေါ့။
ဇာတ်ကားမှာပါတဲ့ အနုပညာရှင်တွေရဲ့ အရင်တုန်းက၊ လူမှုရေး နိုင်ငံရေးပြစ်ချက် တခုခုကြောင့် အကယ်ဒမီမပေးတာ မျိုးက
ဟိုးတုန်း ကတော့ ရှိခဲ့တယ်။ ဦးညီ အထင်ကတော့ အရင်အစိုးရတွေ လက်ထက်တုန်းကဆို နိုင်ငံရေးငြိစွန်းတာ မပြောနဲ့၊ အကယ်ဒမီတောင် တက်ရောက်လာတဲ့ သူကိုပဲ ပေးတာ။ မလာတဲ့သူဆိုရင် မပေးဘူး။ ဦးညီတို့ သဘောအရ ဆိုရင် လာလာ မလာလာ သူ ရထိုက်ရင် ပေးရမယ်ပေါ့။ သေချာ သတိထားကြည့်ရင် အကယ်ဒမီပွဲကို မလာတဲ့သူကို ပေးတယ် ဆိုတာ တော်တော် ရှားတယ်။ ကိုယ်စား ယူသွားတယ်ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်။ သူက အတော်ဆုံး ထိုက်တန်တဲ့သူ ဆိုရင် ပေးရမှာပေါ့။ အကယ်ဒမီရထိုက်ပြီး နစ်နာခဲ့တာတွေ ရှိခဲ့တာပေါ့။ ဒီတယောက်က ပြစ်ချက်ကလေးတခု ရှိသွားတယ်ဆိုရင် မပေးတာရှိတယ်။ သူက အကယ်ဒမီ တစ်ပြေးတဲ့ စာရင်းထဲမှာ ပါတယ်ပေါ့။ ဥပမာ နေပြည်တော် မဟုတ်ဘဲ ရန်ကုန်မှာ လုပ်တုန်းကဆိုရင် တချို့လည်း မသွားမိဘူး၊ အဲဒါကို အိမ်တွေဘာတွေကို အတင်းလိုက်ခေါ်တဲ့ ဟာမျိုးလည်း ကြားဖူးတယ်။ အဲဒါကြောင့် ဦးညီတို့က နောက်တာပေါ့၊ အကယ်ဒမီ ပေးတာလား၊ အကျင့်စာရိတ္တကို ရွေးတာလားပေါ့။ အမှန်ကတော့ မဆိုင်ဘူး။ အရည်အချင်းရှိပြီး သရုပ်ဆောင်တာ ကောင်းတယ်ဆိုရင် ပေးရမယ်။ အရင်ကတော့ အကယ်ဒမီ ပေးပွဲအပေါ်မှာ လူရည်လူရည်မွန်ပဲ ပေးတာလားလို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်ခဲ့တယ်။
အခုဆိုရင် အကယ်ဒမီအနား နီးမှ အရင်ကလုပ်ခဲ့တဲ့ မူးယစ်ဆေးမှုတွေ ပေါ်ပေါက်လာတဲ့အပေါ် မှတ်ချက်ပေးရမယ်ဆိုရင် အဲဒါတွေက လွန်ခဲ့တဲ့ငါးနှစ်က ကိစ္စတွေ facebook မှာ ပြန့်နေတာကို ပြောတာပေါ့နော်။ အဲဒီမှာဆိုရင် တယောက်က ရသင့်တယ်ပေါ့။ ရသင့်တဲ့ အပေါ်မှာပဲ လွန်ခဲ့တဲ့ငါးနှစ်က ကိစ္စတွေက ပေါ်လာတယ်။ ဦးညီသဘောအရ ဆိုရင် ဒါတွေက မဆိုင်ဘူး။ အရေးကြီးတာ ဒီနှစ်ထဲမှာ အတော်ဆုံးလို့ သတ်မှတ်နေရင်တော့ သူ့ကိုပေးရမှာပေါ့။
ဒီနှစ်ရွေးချယ်တဲ့ အကဲဖြတ်ဘုတ်အဖွဲ့ကတော့ အဲဒါမျိုးတွေမကြည့်ပါဘူး။ ဘုတ်အဖွဲ့ထဲ ပါတဲ့ သူတွေကလည်း ရုပ်ရှင် သမားတွေဆိုတော့ သူတို့ကတော့ အဲဒါတွေ လုပ်မှာမဟုတ်ဘူး။ အကျင့်စာရိတ္တ ရွေးချယ်တဲ့ ပွဲကြီးလည်း မဟုတ်ဘူးလေ။ ဦးညီအပေါ်က ပြောတာတွေက အရင်တုန်းက ဖြစ်ခဲ့တာတွေပေါ့။ အခုကတော့ အဲဒါတွေ မရှိတော့ပါဘူး။ အပြင်လူ အနေနဲ့ကတော့ ဒါတွေက ရိုက်ခတ် လာနိုင်မလားပေါ့။ ဘုတ်အဖွဲ့ထဲမှာ ပါတဲ့ ရုပ်ရှင်သမားတွေ ကတော့ ထည့်သွင်း စဉ်းစားမယ် မထင်ဘူး။
အကယ်ဒမီ ဘုတ်အဖွဲ့ထဲမှာ ကိုးယောက်ရှိတယ်ဆိုရင် နှစ်ယောက်အပြိုင် ဖြစ်နေရင်တော့ မဲနဲ့လုပ်မှာပေါ့နော်။ မဲများတဲ့ သူကို ရွေးပေးတာပေါ့။ နှစ်တိုင်းကတော့ မဲစနစ်နဲ့လုပ်ခဲ့တာပဲ။
အကယ်ဒမီ ရွေးချယ်ရေးမှာ ဝိဝါဒတွေ ကွဲနေတာကတော့ ဦးညီတို့သဘောအရ ပြောရင် ရုပ်ရှင်သမားတွေမှာ ဝိဝါဒကွဲတယ်။ ဥပမာ တည်းဖြတ်တို့၊ အသံစနစ်တို့၊ အရုပ်တို့ဆိုရင် ဒီဘက်က ရုပ်ရှင်ပညာရှင်တွေ အကဲဖြတ်ပေးပေါ့။ ကျန်တဲ့ ဇာတ်ကားကို ခံစားတဲ့ အပိုင်းဆိုရင် ဦးညီသဘောအရ အပြင် စာပေပညာရှင်တို့ကို အကဲဖြတ် ပေးစေချင်တယ်။ တချို့ကပြောတာ ရုပ်ရှင် ပညာကိုတတ်မှ အကဲဖြတ် ခိုင်းရမယ်ပေါ့။ ဦးညီသဘောအရ ဆိုရင် အဲဒီလိုမဖြစ်နိုင်ဘူး။ ဦးညီကလည်း ကိုယ့်ရုပ်ရှင် သမားတွေရဲ့ အခြေအနေကို သိနေတော့လေ။ သူတို့က ကားတကားလုံးကို ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်ဖို့ကျတော့ မှန်ပါ့မလားလို့ ဦးညီကတော့ သံသယရှိတယ်။ အပြင်ပရိသတ်၊ ဒါမှမဟုတ်လည်း အပြင်ပညာရှင်တွေကို လုပ်စေချင်တယ်။ ဥပမာ ဆရာမဂျူး တို့လို့ စာရေးဆရာမတွေက ရုပ်ရှင်ဝေဖန်တာ တော်တော်ကောင်းတော့ အဲဒီလို ပညာရှင်မျိုးတွေ ထည့်သွင်း ပါဝင်စေချင်တယ်။ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေး ပညာရှင်တွေ၊ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ဝေဖန်ပြီး အကဲဖြတ် ပေးတာကို ကြိုက်တယ်။ ဒါပေမယ့် ရုပ်ရှင်လောကထဲက တချို့တွေကျတော့လည်း ရုပ်ရှင်လောကထဲက သူတွေ ဆုံးဖြတ်တာ အမှန်ပဲလို့ ယူဆတယ်။ ဦးညီအနေနဲ့ ကျတော့ တမျိုးဖြစ်နေတယ်။ ရုပ်ရှင်သမားတွေ ဆုံးဖြတ်တာက မှန်နိုင်မယ် ဆိုတာထက် ဘက်လိုက်မှုတွေ နည်းနည်း ရှိနေတယ်လို့ ထင်တယ်။ တကယ်လို့ ဦးညီသာ ဒိုင်ဖြစ်နေရင် ကိုယ်သံယောဇဉ် ရှိတဲ့သူကို ဦးစားပေး မိမယ်။ ရုပ်ရှင်သမားချင်း ဆိုတော့ ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ကလည်း ရှိနေတယ်။ အဲဒါကြောင့် ရုပ်ရှင်သမားတွေကို ဦးညီကတော့ မပါစေချင်ဘူး။ နောက်တခုက ပရိသတ်ရဲ့ ရွေးချယ်မှုပေါ့။ နိုင်ငံခြားမှာလို ဆန္ဒခံယူတာ နည်းနည်း မှန်နိုင်တယ်ပေါ့။ မြန်မာပြည်မှာကားက ၁ နှစ်ကို ၁၅ ကားလောက်ပဲ ထွက်တော့ သိပ်လည်း ခေါင်းစားစရာ မရှိပါဘူး။
အခု အကယ်ဒမီပေးတာက မြန်မာ့ရုပ်ရှင်လုပ်ငန်းက ပေးတာကိုး။ ဦးဇင်ဝိုင်း လက်ထက်တုန်းကတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပေးဖို့ တောင်းထားတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒါက မြန်မာနိုင်ငံ အမျိုးသား ရုပ်ရှင်ကောင်စီ ပေါ်လာရင် အဲဒီက ပေးသင့်တယ်လို့ တောင်းထားတယ်။ ဒါပေမယ့် အမျိုးသားရုပ်ရှင် ကောင်စီဆိုတာလည်း မပေါ်လာ သေးဘူးလေ။ ဒါကြောင့် နောက်နှစ်တွေမှာလည်း အစည်းအရုံးက တောင်းထားတာကို မပေးဘဲ မြန်မာ့ ရုပ်ရှင်လုပ်ငန်းကပဲ ပေးစေချင် ပါတယ်။ အဲဒါက ရုပ်ရှင်သမားတွေမှာ ဝိဝါဒ ကွဲလွဲနေတာပဲ။ တချို့က ကိုယ့်ဟာကိုယ် ပေးမယ်ပေါ့။ ဦးညီအနေနဲ့ ကျတော့လည်း မပေးစေချင်ဘူး။ မပေးစေချင်ဘူး ဆိုတာက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်း ကပဲ ပေးစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေဗိမာန်ဆုနဲ့ အမျိုးသားစာပေ ဆုတောင် မတူဘူးလေ။ ဘယ်ဟာမြင့်တာလဲ မပြောချင်ဘူး။ စာပေဗိမာန်ဆုက စာပေဗိမာန်ကပေးတာ။ အမျိုးသားစာပေဆုက အစိုးရကပေးတာလို့ နားလည်တာကိုး။ အကယ်ဒမီကိုလည်း အစိုးရကပေးတာ ပိုကောင်းမယ်လို့ ထင်တယ်။ အစည်းအရုံးက ပေးတာတော့ မဖြစ်စေချင်ဘူး။ ဦးညီ ကတော့ မဖြစ်စေချင်ဘူး ဘက်ကရှိတယ်။
ဒီနှစ်မှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ရှေးနှစ်ကဖြစ်ခဲ့တဲ့ မကျေနပ်ချက် အသေးအမွှား လေးတွေ၊ အမှားလေးတွေ၊ အလွဲလေးတွေကို သင်ခန်းစာယူပြီး လုပ်ကြမှာပါ။ မနှစ်ကတော့ ပြောစရာလေးတွေ ရှိခဲ့တော့ ပြောစရာ မဖြစ်အောင် လူကြီးတွေက ဆင်ခြင်မှာပါ။
– ဆက်လက်ဖော်ပြပါမည်။
ဧရာဝတီ သတင်းထောက် မေမြန်မာ စုစည်းဖော်ပြသည်။