SFU

မြန်မာမလေးကို ချစ်တယ်

This article has been converted from Zawgyi One to Unicode

စာအုပ်အမျိုးအစား – ဝတ္ထုတိုပေါင်းချုပ်
စာအုပ်အမည် – သူဟာ မြန်မာမလေးပါ
စာရေးသူ – နှင်းဝေငြိမ်း
စာအုပ်တိုက် – မုဒိတာစာပေ
ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၃
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၂၀၀၀ ကျပ်

ရသစာပေ ဆွံ့အရှားပါးလာပြီ၊ လူတွေ စာဖတ်အားနည်းလာပြီ၊ စာအုပ်တွေ ရောင်းအား ကျဆင်းလာပြီ ဆိုသည့် အသံများ ဆူညံနေသော ကာလတွင်ပင် ဝတ္ထုတို ပေါင်းချုပ်စာအုပ်တွေ ဟောတအုပ် ဟောတအုပ် ထွက်လာသည်ကို တွေ့ရသည်။ ယခုနောက်ပိုင်း ထုတ်ဝေသူကြီးများကို အားမကိုးတော့ဘဲ စာရေးသူများ ကိုယ်တိုင် တနိုင်တပိုင် ထုတ်ဝေလာကြသည်လည်း ရှိသည်။ ဘယ်သူထုတ်ထုတ်၊ ဘယ်ပုံစံနှင့် ထုတ်ထုတ် စာပေလောကအတွက် ကောင်းသော အလားအလာများချည်း ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည်ပင်။

ကျမလက်ထဲ ရောက်လာသော စာအုပ်ကလေးက ဆွဲဆောင်အား ကောင်းလှသည်။ ဆရာမ နှင်းဝေငြိမ်း၏ “သူဟာ မြန်မာမလေးပါ” ဝတ္ထုတို ပေါင်းချုပ်စာအုပ်ဖြစ်သည်။ ကျမသည် ဝတ္တုတိုများကို ချစ်သူပီပီ ဝတ္ထုတိုပေါင်းချုပ် စာအုပ်များ ထွက်လျှင် စာအုပ်၏ အဖုံးပန်းချီ၊ အတွင်းပန်းချီများကိုပါ ခံစားပါသည်။ စာအုပ်အဖုံးသည် ဆွဲဆောင်မှုရှိရမည်။ အတွင်းမှ ဝတ္ထုကို ကိုယ်စားပြုရမည်။ အတွင်းသရုပ်ဖော် ပန်းချီများသည်လည်း တပုဒ်ချင်းစီ၏ ကိုယ်စားပြုချက်များ ပါဝင်သဖြင့် ဝတ္ထုမဖတ်မီ (သို့) ဝတ္ထုဖတ်ပြီး ပန်းချီကိုပါ ပူးတွဲခံစားပါသည်။

အတွင်းသရုပ်ဖော်ပုံများကို ဝတ္ထုတိုပေါင်းချုပ်တိုင်းမှာ မသုံးကြပါ။ အတွင်းသရုပ်ဖော်ပုံ သုံးခြင်း မသုံးခြင်းကတော့ ဝတ္ထုကို ထိခိုက်ခြင်း မရှိသော်လည်း၊ သုံးလျှင်မူ ဝတ္ထုအပေါ် ခံစားရာမှာ တန်ဖိုးတက်သည်ဟု ယူဆပါသည်။ ဤသည်မှာ မိမိ တဦးတည်း၏ ခံစားချက်ဖြစ်သည်။ ယခုစာအုပ်မှာ ဒီဇိုင်းဟန်မျိုး၊ နိုင်လင်း (စွယ်တော်) ဟု မှတ်တမ်းတင်ထားပြီး မျက်နှာဖုံး သရုပ်ဖော်မှာ စာရေးသူ ဆရာမနှင်းဝေငြိမ်း ကိုယ်တိုင်ဖြစ်နေခြင်းက စာအုပ်၏ထူးခြားမှုပင် ဖြစ်သည်။

အနုပညာ၏ ကန့်သတ်မှုနယ်ပယ် ကျယ်လွင့်ခြင်း လိပ်ပြာတောင်ပံ တဖျပ်ဖျပ်ခတ်သံ။ အနုပညာ ဖန်တီးရှင်၏ စိတ်ဝိဉာဉ် လှိုင်းတံပိုး ရိုက်ခတ် စေစားချက်သည် ကဗျာရယ်၊ ဝတ္ထုရယ်၊ ပန်းချီရယ်ဟု နယ်ပယ်မရွေး၊ ကိုင်းကူးကိုင်းလက်၊ တွဲယှက်ပြန့်ကား နှလုံးသားဆုံမှတ် ဗဟိုချက်ဆီ သက်ရောက်ခြင်း ဂုဏ်ရည်တို့၏ တင့်တယ်ခြင်းမှာ စံပ္ပါယ်နေပုံ။

ဆရာမ နှင်းဝေငြိမ်း၏ ကောက်ကြောင်းသည် ကျမအာရုံမှာ ထင်းကနဲ။ ကိုယ်နေဟန်တင့်တင့်၊ မျက်မှန်ဝင့်ဝင့်၊ နှုတ်မှု နှုတ်ရေးကြွယ်ကြွယ်၊ လှုပ်ရှားပုံသွက်လက်၊ အသက်ထက်နုပျိုသော နှစ်လိုဖွယ် မျက်နှာထားပိုင်ရှင်။ ၁၉၈၂ ခုနှစ် ဂီတသတင်းစဉ် ဂျာနယ် မှစ၍ ဝတ္ထုတိုများ စတင်ရေးသားပြီး ယနေ့အထိ လုံးချင်း ၃၆ အုပ်ထုတ်ဝေပြီးသူ။ ဝတ္ထုတို ၂၀ဝ ကျော်၊ ဆောင်းပါး၊ ရသစာတမ်းများ ရေးသားခဲ့သူ။ ရွက်နုဝေ မဂ္ဂဇင်း၊ မုဒိတာ မဂ္ဂဇင်း၊ မဏိဇောတ မဂ္ဂဇင်းတို့တွင် တာဝန်ခံ အယ်ဒီတာ၊ စီစဉ်သူအဖြစ် တာဝန်ယူခဲ့သူ။ နာဂစ် ခံစားမှုအမှတ်တရ “မုန်တိုင်းနှင့် လူ” စာအုပ်စီစဉ်ခဲ့။ နာဂစ် အလွန် အမျိုးသမီးများဘဝ မြှင့်တင်ရေးအဖြစ် “ဖီးနစ်” ခံစားမှုစာစု ထုတ်ဝေခဲ့။ လက်ရှိ မြန်မာ့အာမခံလုပ်ငန်း မအူပင်ခရိုင်၌ ခရိုင်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ဆဲ။ သူ့ဝတ္ထု အတော်များများကို ရုပ်ရှင်ဗီဒီယို ရိုက်ကူးရာမှာ “မင်္ဂလာရှိသော မိန်းမ” ဝတ္ထုသည် စာဖတ်ပရိသတ်ကိုရော၊ ရုပ်ရှင်ကြည့်ပရိသတ်ကိုပါ ဖမ်းစားညှို့ငင်နိုင်ခဲ့သည်။

ယခုလည်း ဖြူလွလွအောက်ခံမှာ စုတ်ချက်ထင်းထင်း သူ့လက်ရာ ဝတ္ထုတိုပေါင်းချုပ် စာအုပ်က ဖမ်းစားထားပြန်ပါပြီ။ သူ ခေါင်းစီး တင်ထားသော အပုဒ်ကိုပင် စတင်ဖတ်ရှုမိသည်။ ဝတ္ထုက နိုင်ငံခြားမှ ရောက်လာသော မြန်မာပြည်ဖွား၊ နိုင်ငံခြားမှာ ကြီးသည့် ဧည့်သည် သားအမိနှစ်ယောက် ဖြစ်သည့် ခင်ပွန်းသည်၏ အစ်မ မိတ်ဆွေများကို ကြိုဆိုနေရာချ လိုက်ပါ ပို့ဆောင်ရင်း ထိုသားအမိနှင့် ရင်းနှီးခင်မင်သွားရသည့် အကြောင်းပင်။ အမေက အသက်လေးဆယ်အရွယ် ဆိုဖီယာ။ သမီးက ဆယ့်ခြောက်နှစ်သမီး ဆွိ။ သူတို့တိုင်းပြည်နှင့် ရာသီဥတု မတူသဖြင့် ပူလောင်ပြင်းရှမှုကို အလူးအလဲ ခံနေရရှာသူ။ အမေက သမီးကို နားလည်မပေး။ သမီးအကြိုက် သမီးအလိုကို လစ်လျှူရှုထားသဖြင့် အရွယ်ရောက်စ ဂျစ်တစ်တစ် ကန်တန်တန် ကလေးမလေး၏ နှေးကွေးလေးလံ အေးစက်စက် တုံ့ပြန်မှု။

နိုင်ငံခြားကလူတွေ မြန်မာပြည်ရောက်လျှင် ဖြစ်လေ့ဖြစ်ထရှိသော မနှစ်မြို့မှုများကို ဆရာမနှင်းဝေငြိမ်းက ဝတ္ထုတို အတတ်ပညာဖြင့် ထိတို့ပြသွားသည်။

“မြန်မာထမင်းဆိုင်မှာ ဝင်စားစဉ်၊ ငါးပိရည်ဖျော်နှင့် အတို့အမြှုပ်ပန်းကန်များပေါ်က တဝီဝီပျံသန်းနေသော ယင်ကောင် တကောင်ကိုမြင်ပြီး ငိုမလိုမျက်နှာလေးနှင့် ဆွိ မျက်လုံးလေးမှိတ်ကာ …”

“တခါမှာတော့ ညောင်ပင်လေးဈေးသို့ ငါးပိငါးခြောက် ဝယ်ချင်သည်ဆို၍ ခေါ်သွားရာ၊ နာရီဝက်လောက်မှာ သားအမိ နှစ်ယောက် နှာခေါင်းပိတ်၊ မျက်စိပိတ်နှင့် ထွက်ပြေးလာကြရုံမက အော့သလို အန်သလိုဖြစ်ကာ …”

“အနံ့အသက်တွေ မခံနိုင်လို့ တဲ့၊ သူပြန်ချင်တာဆိုပဲ အစ်မရယ်။ ဖုန်တွေ သဲတွေကိုလည်း သူကြောက်ပုံရတယ်။ ပြီးတော့ ဟိုတယ်တွေ လျှောက်ရွေးရတာ၊ အနံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင် မသန့်ရှင်းလို့တဲ့။ အရမ်းလည်းပူလို့တဲ့။ အစားအသောက် ဆိုင်တွေကလည်း မသန့်ရှင်းလို့တဲ့ အစ်မရယ်”

“ထိုကိစ္စများအတွက် တဟင်းဟင်း ရယ်သွမ်းသွေးကာ ရှက်စဖွယ်ဖြစ်ခဲ့ရသော ကျမသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသော အခုတလော ကြားနေရသည့် အသံတွေအတွက် ထိန်းသိမ်းရေးတွေ ကတော့ အမျိုးပေါင်း အနန္တပါပဲလား” ဟု စာရေးသူက မီးမောင်းထိုးပြသွားသည်။ ပြောင်းလဲစ ပြုနေသော တိုင်းပြည်မှာလုပ်စရာတွေ၊ ပြုပြင်စရာတွေ အများကြီးဟု ထောက်ပြသွားသည်။

သားအမိနှစ်ယောက် ဆိုဖာပေါ်ထိုင်နေရာက စာရေးသူအသက်ကို လှမ်းမေးရာ အသက်ကို ပြောပြလိုက်တော့ နှစ်ယောက် စလုံး ဆိုဖာပေါ်မှ ဖျာပေါ် ဆင်းထိုင်ခဲ့ကြတာ၊ ဘုရားပေါ်၌ လက်နှစ်ဖက်စုံမိုး၍ ပိပိပြားပြား ထိခြင်းငါးပါးနှင့် ရွှေတိဂုံ စေတီတော်ကြီးကို ရှိခိုးခဲ့ပုံတွေ။ ဆရာတော်တွေကို ဖူးသည့်နေ့က သူဝတ်လာတာ ဒူးလယ်လောက် မီနီစကတ်ဂါဝန်မို့လို့ မဝင်ရဲဘဲ ရပ်နေပုံ ကလေးတွေ၊ စာရေးသူ လက်ဆောင်ပေးသော မြန်မာဝတ်စုံကို လိုလိုလားလား လက်ခံပုံများကို ထောက်ချင့်၍ ကျမကိုယ်တိုင်ပင် ဆွိကို မြန်မာမလေးအဖြစ် အသိအမှတ်ပြုလိုက်မိသည်။ မြန်မာ့ဒေသ ဝန်းကျင်၏ အနံ့အသက် အပေါ် မနှစ်မြို့စွာ တချက်ပြုံး၊ နှစ်ချက်ရယ်၊ သုံးခါတည် စံနစ်ဖြင့် ရက် (စ်) … နိုး … ကို ဆွဲငင်စွာ ပြောတာက လွဲ၍ နိုး … နိုး …  က ဘယ်လောက်ပဲများများ တကယ်တော့ ဆွိသည် မြန်မာမလေးသာ ဖြစ်ပါသည်။

ဆရာမနှင်းဝေငြိမ်း၏ “ဆရာမြင့်” ဝတ္ထုသည် ကျမအဖို့ ဒုတိယဆွဲအားဖြစ်သည်။ ထိုဝတ္ထုကို ရတီမဂ္ဂဇင်းမှာ ပါစဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့သည်။ လှေခါးအတက်အဆင်း လောကဓံ အနိမ့်အမြင့်တွင် ဆရာတပည့် ဆုံပုံမှစ၍  ဆရာမြင့်၏စရိုက်ကို ခြယ်ပြသွားသည်။

“အရာရှိကြီး တယောက်ဖြစ်သော ဆရာမြင့်သည် တရုံးလုံးက သူ့ထက်ရာထူးငယ်သူ မည်သူ့ကိုမဆို ငါ့တပည့်ဟုသာ စွဲမှတ်ခဲ့သည့်အပြင် သူ့အနားမှာ သူ့ကိုဂရုစိုက် ပြုစုစောင့်ရှောက်သူ အနည်းဆုံး ငါးဦးလောက်ရှိမှ ကျေနပ်တတ်သူဖြစ်၏။ အလွန်လည်း မာနကြီးခဲ့သူပင်” …။ စာရေးသူ ခြယ်မှုန်းထားသော ဆရာမြင့်စရိုက် ဖြစ်သည်။

ဌာနမှူးက ဆရာမြင့်ထံ ပို့ခိုင်းသော စာရင်းများကို ဆရာမြင့်လက်မခံ။ မင်းတို့ ဘာအသုံးကျလဲ။ သွား … ငါ့တပည့် ကျော်စိုးကိုသာ ဒီစာရင်းတွေ ပြန်လုပ်ခိုင်း …။  တကယ်တမ်းမှာတော့ ဇာတ်ကောင်ဝေဝေက ထိုစာရင်းကိုပင် စာရွက် အချောပေါ်တွင် လက်ရေးလှလှဖြင့် ပြန်ကူးရေးကာ ဖိုင်ကောင်းကောင်းငှားပြီး ပြန်တင်လိုက်သည်။ ကျော်စိုး ပြန်လုပ်ပေးလိုက်တဲ့ စာရင်းတွေပါ ဆရာမြင့် ဟုလည်း ပြောလိုက်သည်။ ဆရာမြင့် ကျေနပ်စွာ စာရွက်များကို လက်မှတ် ထိုးကာ မင်နီဖြင့် စာရင်းကို အတည်ပြုပေးလိုက်၏။

ငါ့တပည့်မှ ငါ့တပည့် … ဟု ရုံးတွေမှာ ဆရာမွေး တပည့်မွေးသော စရိုက်ပျက်တခုကို ကောင်းမွန်စွာ လှစ်ပြနိုင်သော ဝတ္ထုဖြစ်သည်။ ကျမတို့ ရုံးတွေ၊ ကျောင်းတွေ၊ လုပ်ငန်းခွင်တွေမှာ ဆရာမြင့် ဘယ်နှယောက်ရှိ၍ ကျော်စိုးဘယ်နှဦး ပေါ်ထွက်လာပြီလဲ။ နောက်ဆုံး သူ့တပည့်ကပင် သူ့ဆရာအပေါ် စိတ်နာသွားခဲ့သည်။

“သူတပည့်မွေး ကောင်းလိုက်တာ … ငါ့ကို တခြားအရာရှိအားလုံး မုန်းပြီး အပြတ်နှိပ်ကွပ်ကြတာ အလုပ်မပြုတ်ရုံတမယ်ပဲ။ သူကသာ ရာထူး တက်သွားတာ။ ငါတို့ကျတော့ လူရှေ့ရောက်ရင် တပည့်ရင်း … ဆရာရင်းနဲ့ …၊ ဒါနဲ့ပဲ ငါလည်း စာရေး အဆင့်နဲ့ ဆေးပင်စင် ယူခဲ့ရတဲ့ဘဝ ရောက်သွားတာပဲ”

ဆရာမြင့် ဝတ္ထုသည် အထက်ပါစကားလုံးများဖြင့် ပိရိသေသပ်စွာ အနားသပ်သွားခဲ့သည်။

“အင်အားကြီးသော (ဘဝအသိ) အာနိသင် ပါရှိနိုင်မှုသည် စာရေးဆရာ၏ စေတနာအပေါ်၌ တည်နေသည်ဟုလည်းကောင်း၊ ထိုစေတနာ ကျရောက်ရာဖြစ်သော သက်ရှိသက်မဲ့လောက အဖြစ်အပျက် အမူအရာတို့၏ အနုအရင့် အတိမ်အနက် ပေါ်၌လည်း (ဝါ) ဘဝအကြောင်းအရာ အလေးအပေါ့ အပေါ်၌လည်း တည်နေသည်ဟု လည်းကောင်း သတိပြုအပ်ပါသည်”

ဆရာဇော်ဂျီက ရသစာပေအဖွင့်နှင့် နိဒါန်းမှာ စေတနာစေ့ဆော်မှုနှင့် ပတ်သက်ပြီး ထိုသို့ မှတ်ချက်ပြုထားသည်။ ဆရာမ နှင်းဝေငြိမ်းသည် ဘဝပြဌာန်းမှုမှ ရရှိလာသောအသိအပေါ်တွင် စေတနာလောင်းသွန်မှုဖြင့် သူ့ဝတ္ထုတွေကို ထုဆစ် ခြယ်မှုန်းလေ့ ရှိသည်။ ထိုရင့်ကျက်မှု အလှတရားကို “သံသရာစစ်တလင်း” မှာ တွေ့နိုင်သည်။ ရပ်ကွက်ထဲမှာ လူလေးဦး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးရာ သူ့အသုဘ အရင်ချမည် ကိုယ့်အသုဘ အရင်ချမည်ဆိုပြီး မြန်မာစရိုက် ရှေးရိုးစွဲ အယူအဆ တွေကို ဆုပ်ကိုင်ပြီး အငြင်းပွားကြရာမှာ ဆရာဆိုသူ ဥက္ကဋ္ဌကြီးက ဝင်ရောက် ဖြေရှင်းပေးလိုက်ပုံမှာ သဘောကျချင် စရာ ကောင်းလှ၏။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ သိချင်စိတ်ဖြင့် ဖတ်နေရသည်မှာ ရသစာပေ၏ နက်ရှိုင်းမှု အင်အား တရပ်ပင် ဖြစ်တော့သည်။

“သေဆုံးသူ လေးဦးအနက်မှ သုံးဦးကို မီးသင်္ဂြိုဟ်လိုက်ကြပြီး တဦးကိုတော့ ကောင်းမွန်ကျနစွာ ဂူသွင်းပေးလိုက်လေသည်။ ထိုသူတဦးမှာ မည်သူဖြစ်မည် ဆိုတာကိုတော့ဖြင့် ကျနော်ပြောပြဖို့ လိုမည်မထင်ပါ” ဆိုပြီး ဝတ္ထုအဆုံးသတ် ငြိလုံးဖြင့် စာဖတ်သူအတွက် အတွေးစ ချန်ရစ်ခဲ့သေးသည်။

ရသစာပေ ဝတ္ထု ရေးသားရာတွင် အတွေးရှုထောင့်သည် အရေးပါလှသည်။ မိမိဇာတ်ကောင်ကို ဘယ်ရှုထောင့်က ချပြမလဲ။ ထိုအခါ စေတနာနှင့်သာ မလုံလောက်တော့။ ကျွမ်းကျင်ပိုင်နိုင်မှုပါ ယှဉ်တွဲလာခဲ့ပြီ။ “ဗန်းဆင့်လာပြီ” ဝတ္ထုမျိုးကို ကျမတို့ မကြာခဏ မဂ္ဂဇင်းစာမျက်နှာ ပေါ်တွေမှာ ဖတ်ရသည်။ မြို့တွေမှာ မြင်ရလေ့ မြင်ရထရှိသော ကလေးတွေကို ဇာတ်ထုပ်များ ကပြလေ့ရှိသူ။ ကလေးတို့ရဲ့ လက်ခုပ်သံကို  ရရှိသူ။ သနားကြပါခင်ဗျာဟု နှုတ်မှမဆိုဘဲ ပရိတ်သတ်ရဲ့ မေတ္တာကြေးကို ရရှိသူ။ တခြား သူရေးသော ဝတ္ထုများနှင့် မတူသည်မှာ စာရေးဆရာ၏ ချဉ်းကပ်မှုပင်။ “ဗန်းဆင့်သည် သူ့မှာဘယ်လိုဒုက္ခတွေ ရင်ဆိုင် နေရပါတယ် ဟူသော ငိုချင်းရှည်တခွန်း တစချမပြဘဲ သူ့အလုပ်ကိုသူ ကောင်းမွန်စွာ လုပ်ပြရင်း စေတနာဖြင့် ပေးသောငွေနှင့် စေတနာပြည့်သော ပီတိကိုရယူကာ သူ့ဝမ်းရေးကို သူဖြေရှင်းနိုင်သောသူ တဦး ဧကန်ဖြစ်လေရာ ဗန်းဆင့်ကို ဘယ်လိုလူတန်းစားထဲ သတ်မှတ်သင့်ပါသနည်း” တဲ့။ စာဖတ်သူတွေကို တွေးတော ဆင်ခြင်ဖွယ် မေးခွန်းမေးထားပြီး စာရေးသူ ကိုယ်တိုင်က သူ့သဘောထားကို ရဲရဲချပြထားသေးသည်။

“အနုပညာသမား ဆိုတာ ကိုယ့်ဒုက္ခတွေကို သူများဆီ မပေးလိုက်ဖို့နဲ့ ကိုယ့်သုခတွေကို သူများဆီ ပေးတတ်ဖို့ လိုတယ်”

အစဉ်အမြဲ ကိုယ့်ဒုက္ခကိုသာ ဒုက္ခထင်ပြီး ခိုညည်းသလို ညည်းလေ့ရှိသော၊ ကိုယ့်ကိစ္စကိုသာ အရေးတကြီး ဖြေရှင်းဖို့ အားသွန်လေ့ ရှိသော၊ သူတပါးကိုသာ အားကိုးတကြီး ကယ်ပါ ယူပါ အကူအညီ လက်ဖြန့် တောင်းခံလေ့ရှိသော၊ ရေသာခို အချောင်လိုက် အတ္တထူထဲသူ လူ့လောကထဲမှ လူလူသူသူတို့အတွက် လက်တို့ သတိပေးလိုက်သော စကားရပ်အတွက် စာရေးသူကို ကျေးဇူးတင်ဖွယ် ကောင်းလှ၏။

“မိမိဖန်တီးသော စာပေအနုပညာ ပစ္စည်းကို ပရိသတ်ထံ ရောက်အောင် ဘယ်လိုယာဉ်ရထားဖြင့် ပို့မည်လဲ” ဟု စာတမ်း တစောင်မှာ အင်္ဂလိပ် စာရေးဆရာ ဆမ်းမားဆက်မွမ် (၁၈၇၄-၁၉၆၆) က မေးထားဖူးသည်။ ထိုအမေးကို ကျွမ်းကျင်လိမ္မာရာ ယာဉ်ရထားဖြင့် ပို့ပါမည်ဟု ကျမဖြေချင်ပါသည်။ ဆရာမ နှင်းဝေငြိမ်းသည် အသောဓာတ်၊ အရွှင်ဓာတ် ရှိသူဖြစ်ရာ ထိုအခင်း အကျင်းကို “နတ်သံနှော ပြောလိုက် ချင်ပါရဲ့” နှင့် “လက်ဆွဲ နှုတ်ဆက်ကြသူများ” မှာတွေ့နိုင်သည်။ “ခွီးရှောင်ရှိန်း” မှာ တိုင်းရင်းသူလေး တယောက် မြို့ပြမှာ ရိုးရှင်းသန့်စင်စွာ ဘဝဝမ်းစာရှာဖွေမှု အခက်အခဲများကို ခင်းကျင်း ပြသထားသည်။ “သွေးနှောသူများ” မှာ စာရေးသူ တိုက်တွန်းမိသမျှ ခေတ်က သွန်းလောင်းပေးလိုက်သည့် ပုံသဏ္ဍာန် ပျက်ယွင်းနေသော ကာလပြယုဂ်ကို မြင်ရသည်။ “ပြောင်းဖူး” မှာတော့ သားထံမှ သင်ယူလိုက်ရသော အလင်းတစ၊ ဆေးရုံကြီး အိုင်စီယူရှေ့ ဂိတ်များမှာ ပူပင်သောကနှင့် အတွင်းသို့ လူနာကြည့်ဝင်လိုသူများ လက်ဆွဲနှုတ်ဆက်ခြင်း ယဉ်ကျေးမှုဓလေ့ဖြင့် ကျွမ်းဝင်ဖို့ လိုကြောင်း ထောက်ပြချက်။

ဆရာမနှင်းဝေငြိမ်း၏ ဝတ္ထုအပုဒ် ၂၀ ပါဝင်သော ထိုစာအုပ်အတွက် စာမျက်နှာကိုထောက်ချင့်၍ တပုဒ်ချင်းစီ၏ ထင်မြင်ချက် ကို ရေးမပြတော့ပါ။ ဆမ်းမားဆက်မွမ်ရဲ့ စကားအရ လူတွေဘာကြောင့် ဝတ္ထုဖတ်ကြသလဲ၊ ပျော်ရွှင် ကြည်နူးစရာ ကျေနပ် နှစ်သက်စရာ တခုခုကို လိုချင်၍ ဖတ်ကြခြင်းဖြစ်သည်။ ဝတ္ထုထဲတွင် သူတို့လိုချင်သည်ကို ရှာသည်။ ယင်းတို့အနက် ကျေနပ်မှု တခုက ဝတ္ထုထဲမှာ င့ါအကြောင်း၊ ငါတို့လို လူမျိုးတွေအကြောင်း ရေးထားတာပဲ ဟူသော အချက်ပင် ဖြစ်သည်တဲ့။

ဆရာမနှင်းဝေငြိမ်း၏ “သူဟာ မြန်မာမလေးပါ” ဝတ္ထုတိုများကို ဖတ်ခြင်းဖြင့် မြန်မာအကြောင်း၊ မြန်မာဓလေ့စရိုက်၊ မြန်မာတို့ နိစ္စဓူဝ ကျင်လည်နေရသည့် လူမှုအခင်းအကျင်း၊ မြန်မာတို့ ဖြတ်သန်းခဲ့ကြရသည့် ကြပ်တည်း ကျဉ်းမြောင်းသော ခေတ် အခြေအနေ၊ ခေတ်က ပုံသွင်း ထုဆစ်လိုက်သည့် စနစ်သားကောင်များ၊ ထိုအရာများ အားလုံး စာဖတ်သူတို့ရင်နှစ် နှလုံးဆီမှာ ပြည့်ဝသော အာလျကို ဖြည့်စွမ်းနိုင်မည် ဟုမျှော်လင့်မိပါသည်။

ဝတ္ထုမှာ နိုင်ငံရေး တရားမဟော၊ လက်သီးလက်မောင်း မတန်း၊ ဈေးခုံပေါ်မှာ သားတစ် ခင်းကျင်းသလို တစ်တစ်ခွခွ စကားလုံးများ မပါ။ စာရေးဆရာသည် စာရေးဆရာ ပီပီသသ စာပေအနုပညာအလုပ်ကို လုပ်သွားခဲ့တဲ့အတွက် စာဖတ်သူများ ကိုယ်စား ဆရာမ နှင်းဝေငြိမ်းသို့ ကျေးဇူးတင်ရင်း …။

Loading