SFU

အကယ်ဒမီကို သူတို့ ဘာတွေပြောကြမလဲ (၃)

This article has been converted from Zawgyi One to Unicode

လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ရုပ်ရှင်ဝါသနာရှင် ပရိသတ်များ စိတ်ဝင်စား မျှော်လင့် နေကြတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန် ဆုချီးမြှင့်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနှစ်က ဆုရွေးချယ်ရေး စနစ်နဲ့ ပေးအပ်ခဲ့တဲ့ ဆု တချို့အပေါ် ပရိသတ်တွေရဲ့ ဘဝင်မကျတဲ့ စောဒက တက်သံတွေ ရှိခဲ့တာမို့ ဒီနှစ်အတွက် ဆုတွေကို ရွေးချယ်ပုံနဲ့ ပတ်သတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့ဝင်တချို့ရဲ့ ထင်မြင်ချက်၊ မှတ်ချက်တွေနဲ့ တကွ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် များရဲ့ အကယ်ဒမီအပေါ် ကြိုတင် ရင်ခုန်သံများ၊ သဘောထားအမြင်များကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ ကယန်းအလှ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ အသံကို ဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်

လတ်တလော လုပ်ဖြစ်နေတာလေးတွေ ကတော့ “ကယန်းအလှ” ကားကို တောင်တန်းဒေသက မကြည့်ရသေးတဲ့ နေရာတွေမှာ     လိုက်ပြတယ်။ သူတို့တွေကလည်း တော်တော်လေး အားရကျေနပ်ကြတယ်။ သူတို့ဘာသာစကားနဲ့ ရိုက်ထားတဲ့ ကားဖြစ်တဲ့ အတွက် အားပေးကြတာ သန်းနဲ့ချီတယ်။ ဒီကားကလည်း အာဆီယံမှာ Best of Jury Award ရခဲ့တယ်။ ကယန်းကို ရုပ်ရှင် ဈေးပွဲတော်တွေနဲ့ ချိတ်ဆက် ထားပါတယ်။ ထိုင်ဝမ်၊ သြစတြေးလျ၊ ဂျပန်နဲ့ ချိတ်ထားပေမယ့် အစီအစဉ်ကတော့ ဘာဖြစ်မလဲ မသိသေးပါဘူး။

ကယန်းအလှကို ရိုက်တုန်းကတော့ ရုပ်ရှင်ပွဲတော်၊ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်နိုင်အောင်ရယ်၊ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ အဓိကပါပဲ။
အခု အကယ်ဒမီဆုပေးပွဲမှာရော ဇာတ်ကားပတ်သတ်ပြီး ကျနော့်စိတ်ထဲမှာ မှန်းထားတာတော့ အများကြီးပါပဲ။ ဒါပေမယ့် ၇ ကားစလုံးကတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ရမယ်ဆိုရင်တော့ ကျေနပ်တယ်။ အဓိက ရစေချင်တာက အသံပိုင်းနဲ့ အမျိုးသမီး သရုပ်ဆောင်တွေကို ရစေချင်တယ်။ ကျနော်ကတော့ ပြဿနာမရှိပါဘူး။ မြန်မာနိုင်ငံမှာ ကျတော့လည်း မြန်မာနိုင်ငံရဲ့ လူကြီးတွေ ဆုံးဖြတ်ချက်ပါပဲ။ သူတို့ဆုံးဖြတ်လို့ ကျနော်တို့က ထိုက်တန်တယ် ဆိုလို့ရှိရင်လည်း ဝမ်းသာရမှာပေါ့။ အကယ်ဒမီ ဆိုတာကတော့ မြန်မာရုပ်ရှင် ထုတ်လုပ်သူတွေရဲ့ အိပ်မက်တခုပါပဲ။

“ကယန်းအလှ” ကားမှာ အောင်မြင်နေတဲ့ အနုပညာရှင်မပါဘဲ တိုင်းရင်းသားတွေနဲ့ ရိုက်ခဲ့တော့ စိန်ခေါ်မှုလို့ပြောကြတာကို လက်ခံတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားကားကို ရိုက်ဖို့ဆိုတာ တော်ရုံမလွယ်ဘူး။ ချက်ချင်း ထရိုက်လို့ ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ကျနော်တို့ရိုက်တာ ခြောက်နှစ် နီးပါကြာတယ်။ တကယ်တမ်း တိုင်းရင်းသားတွေနဲ့ ချိတ်ခဲ့တာ ၁၉၈၁ ခုနှစ် ကတည်းကပါ။ ကျနော့်အတွက်က သူတို့နေရာက ကျနော့်အိမ်လိုပဲ ဖြစ်နေပါတယ်။ သူတို့က ကျနော့်အမျိုးလိုပဲ ဖြစ်နေတာကိုး။ နာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီးတွေကို ပုံသွင်းပြီး ရိုက်မယ်ဆိုရင်တော့ ရိုက်လို့ရပါတယ်။ ဒါပေမယ့် အဲဒါကတော့ ဟန်ဆောင် တာပဲ ဖြစ်မှာမို့လို့ပါ။ နိုင်ငံတကာကို သွားပြမယ့် ကားဖြစ်တဲ့အတွက် ကျနော်တို့က ညာလို့မရပါဘူး။ တကယ့် အစစ်မှန်ကို သေချာ Traning ပေးပြီး လုပ်ရတာ။ နောက်ဆုံး ပရိသတ်က လာအားပေးကြတာ တွေ့ရတော့ ကျေနပ်ခဲ့ရတယ်။ သရုပ်ဆောင်တွေက အခြေခံ ကောင်းပြီးသားဆိုတော့ သိပ်မလေ့ကျင့် ပေးခဲ့ရပါဘူး။ အိုက်တင်တွေကလည်း သဘာဝကျအောင် လုပ်ပေးခဲ့လို့ နိုင်ငံတကာက လက်ခံတာပေါ့။

ဒီလိုကားပုံစံမျိုး နောက်ထပ် ထပ်ရိုက်ဖို့ ရှိတော့ရှိတယ်။ ဒါပေမယ့် အခုတောင် တော်တော် ပင်ပန်းနေပါပြီ။ ပုဂံက ကလေး တယောက် ဇာတ်ကတော့ ပထမဆုံး ရိုက်မယ်လုပ်ခဲ့တဲ့ ကားလေးပါ။ ဒါပေမယ့် ကယန်းအလှကို အရင်ရိုက်ဖြစ် လိုက်တာပေါ့။ အဲဒီကားက ကလေးလေး တယောက်ရဲ့ နှလုံးသားကို ကမ္ဘာကို ပြချင်တဲ့ ဆန္ဒပါပဲ။ အဲဒါကို အကောင်အထည် ဖော်ဖြစ်ဖို့က ပိုက်ဆံအပေါ်မှာ မူတည်ပါတယ်။ ၂၀၁၄ မှာ ရိုက်နိုင်အောင် ကြိုးစားနေပါတယ်။ ကလေး သရုပ်ဆောင်ကတော့ သိပ်ပြဿနာ မရှိပါဘူး။ အနုပညာ အသိုင်းအဝိုင်းထဲကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲ ဖြစ်ဖြစ် လိုက်ဖက်တဲ့ ဘယ်သူမဆို ရွေးချယ်မှာပါ။ ပုံစံကျတဲ့ သဘာ၀ အိုက်တင် လုပ်နိုင်တဲ့ ကလေး ဖြစ်ရမယ်ပေါ့။
ဇာတ်ကားတကား ရိုက်ရင် Concept ကို အရင် စဉ်းစားဖြစ်တယ်။ ကယန်းအလှက တကယ်တမ်း ပြောရရင် အမှတ်မထင် ရိုက်ဖြစ်လာတဲ့ ကားကလေးပါပဲ။ အဲဒီအချိန်မှာ ပရိသတ်ကို ခဏမေ့ထားမိတယ်။ ကိုယ်လုပ်ချင်ရာ လုပ်ရဖို့က အဓိက ဖြစ်နေတယ်။ ပရိသတ်က နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကိုယ့်နောက် ပါလာတာပေါ့နော်။ သူများ ခိုင်းလို့ ပိုက်ဆံရတာထက်စာရင် ကိုယ်လုပ်ချင်ရာ လုပ်ရမယ့် အလုပ်ပဲ ရွေးချယ်လိုက်တယ်။ ရုပ်ရှင်တကား ရိုက်ဖို့က မလွယ်ပေမယ့် ဆူလွယ်နပ်လွယ် ကားတွေဆိုရင်တော့ ကိစ္စမရှိပါဘူး။ ကျနော်တို့က ဘယ်ဘက်ကမှ မှားလို့မရတဲ့ ကားမျိုးဖြစ်သလို၊ သူတို့ရဲ့ ယဉ်ကျေးမှုကလည်း ရှိနေတော့ ထိန်းသိမ်း ခဲ့ရတာတွေ ရှိခဲ့တယ်။ နိုင်ငံတော်ကလည်း အသိအမှတ်ပြုရမယ်၊ တကယ် အရည်အသွေး ရှိရမယ့် ကားဖြစ်ဖို့ နည်းနည်း ခက်ခဲခဲ့ ရတယ်။ ကယန်းကို စရိုက်ကတည်းက ကိုယ်တကယ် လုပ်ချင်တဲ့အရာကိုပဲ ဦးတည်ပြီး လုပ်ဖြစ်တာပါ။ အကယ်ဒမီလည်း မရည်ရွယ်ဘူး၊ ဘာကိုမှလည်း မရည်ရွယ်ပါဘူး။ ကျနော်တို့ ပေးချင်တဲ့ Message က တကမ္ဘာလုံး ရသွားတဲ့အတွက် ကယန်း တိုင်းရင်းသားဟာ မြန်မာနိုင်ငံက တိုင်းရင်းသား ဆိုတာ ဒီကားကြည့်ပြီး သိသွားကြပြီ။ အစက ပဒေါင်တို့ဘာတို့ လျှောက်ခေါ် နေတာလေ။ ဒါကတော့ ကျနော်တို့လုပ်ခဲ့တဲ့ သမိုင်းတခုမို့လို့ ကျေနပ်ပါတယ်။

ဒီကားကို ရိုက်ရင်း အမှတ်တရ အဖြစ်အပျက်တွေက အများကြီးပဲ။ ငွေရေးကြေးရေး အမှတ်တရ အဖြစ်အပျက်တွေ၊ ရိုက်နေရင်းမှာ ကိုယ်က အချိန်ကြာလာတဲ့ အတွက် ကိုယ့်ကို ယုံကြည်မှု ကင်းလာတာတွေ၊ ရှယ်ယာ ထည့်ထားတဲ့ သူကလည်း ပြန်ထုတ် ပြန်ယူ သွားတာတွေ ကြုံခဲ့ရတယ်။ ကျနော်ကတော့ ဇွဲမပျက်ခဲ့ပါဘူး။ ဒီဇွဲကြောင့်ပဲ ဇွဲဆုရတယ် ပြောရမှာပဲ။ ကယန်းကို နိုင်ငံခြားမှာ အရင်ပြပြီး မြန်မာပြည်မှာ နောက်ကျပြီး ပြသဖြစ်တဲ့ အကြောင်းအရင်းက ‘ရုံ’ ကြောင့်ပါ။ ၂၀၁၂ ခုနှစ်မှာ ရုံပြခွင့် ရပြီလေ။ ဒါပေမယ့် ရုံရက်ကြောင့် ၂၀၁၃ သြဂုတ်လမှပဲ ပြခွင့်ရတယ်။ မြန်မာရုပ်ရှင် လုပ်သားတွေက တကားနဲ့ တကား ပြိုင်မတင်ရဲကြဘူး။ တကားပြီးမှ တကား ဆိုတော့ ပရိသတ်တွေရဲ့ ပိုက်ဆံကို အလှည့်စီပြီး ယူကြရတယ်လေ။ အဲဒါက တုံးလွန်းအား ကြီးပါတယ်။ ဟိုအရင်ခေတ်က ဒါမျိုး မရှိပါဘူး။ ဒီခေတ်မှာမှ ထုတ်လုပ်သူတွေက ကြောက်နေကြတယ်။ နောက်ပြီး ရုံပြဿနာလည်းရှိတယ်။ ဒါပေမယ့် ရုံပြဿနာ ကတော့ နောက်ပိုင်းကျရင် ပြေလည်သွားမှာပါ။ ဒီတကားပြီးမှ နောက်တကားဆိုတာ ဘယ်နိုင်ငံမှ မလုပ်ဘူး။ ရှက်စရာ ကောင်းတယ်။ အဲဒါကြီးကို ထိုင်စောင့် နေရတာ သိက္ခာကျလိုက်တာ။ မြန်မာ့ရုပ်ရှင်မှာ ထုတ်လုပ်သူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလိုက်ရင် အဆင်ပြေ သွားမှာပါ။ တကယ့် ကားကြီးတွေ ရိုက်ဖို့ လိုအပ်တယ်။ ကားကြီးမှ နိုင်ငံဂုဏ်ဆောင် နိုင်တာလေ။ ရုပ်ရှင်အောင်မြင်မှ နိုင်ငံအောင်မြင်မှာပါ။ အဖက်ဖက်က အောင်မြင်သလို ရုပ်ရှင်လည်းအောင်မြင်မှရမှာပါ။

မြန်မာရုပ်ရှင်လောက ဦးမော့လာနိုင်ဖို့ အရေးကတော့၊ ပညာကို လေ့လာတာ လူတိုင်း လေ့လာလို့ရတယ်။ အဓိကက မိမိကိုယ်ကိုယ် ပြင်လိုက်ရင် အောင်မြင်မှာပါ။ နိုင်ငံခြား ဈေးကွက်ကို မရှိဘူးလို့ ထင်ကြတယ်။ ကျနော်ဆို ၁၇ နှစ်လောက် နိုင်ငံခြား ဈေးကွက်ကို လေ့လာခဲ့တယ်။ အလကား လေ့လာလို့ မရရင် ကိုယ်ပိုက်ဆံနဲ့ကိုယ် လေ့လာပေါ့။ ကိုယ့်ပိုက်ဆံ ကျတော့ အိတ်ထဲက မထုတ်ချင်ဘူး၊ ဈေးကွက် အဆင်သင့်ရှိမှ ဆိုရင်တော့ ဘယ်လိုမှ မရဘူး။ ၉၃ နှစ်တာ ကာလမှာ ပထမဆုံး ရုပ်ရှင် ဈေးရောင်း ပွဲတော်ကို ရုပ်ရှင်လုပ်ငန်းက စီစဉ်ပြီးတော့ ကျနော်ရယ်၊ ဦးစင်ရော်မောင်မောင်၊ ဒေါ်ဆွေဇင်ထိုက်၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင် – ရုပ်ရှင်လုပ်ငန်းရယ်၊ MRTV – 4 က ဝိုင်းကူပြီး သွားခဲ့ကြတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကား ၄ ကားဖြစ်တဲ့ ကယန်းအလှ၊ ပန်းကြာဝတ်မှုန်၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ လက်ပံ တို့ကို ကျနော်တို့ယူသွားပြီး ကိုယ့်ဟာကိုယ် လုပ်ပေးခဲ့တယ်။ ဒီကားတွေ အားလုံးက ပိုင်ရှင်မှ မပါတာ။ မျိုးချစ်စိတ်ဆိုတာ ဒါကိုပြောတာပါ။ အဲဒါကြောင့် အတွေးအခေါ်ကို ပြောင်းရင်ပြောင်း၊ မပြောင်းရင် ဘယ်လိုမှ မတိုးတက်ဘူး။

လက်ရှိရွေးချယ်မယ့် အကယ်ဒမီ Board အဖွဲ့ရဲ့ ရွေးချယ်မှုစနစ် အပေါ် အမြင်ကတော့ နိုင်ငံတကာ ပုံစံပါပဲ။ ပုံစံကတော့ ဘယ်လိုပဲ ထားထားပါ။ နိုင်ငံတခုမှာတော့ သူ့ ပုံစံံနဲ့သူရှိမှာပဲ။ ဒါပေမယ့် ရွေးချယ်တဲ့ အကဲဖြတ်တဦးရဲ့ ဖန်တီးမှု အနုပညာပဲ။ သူဘယ်လောက် ဖန်တီးနိုင်သလဲ၊ ဒီလူက တကယ့်ဆရာလား၊ တကယ့် ရုပ်ရှင်ပါရဂူလား ဆိုတာ လိုအပ်ပါတယ်။ အကဲဖြတ် တဦးရဲ့ အတွေးအခေါ် က ကောင်းပြီး နိုင်ငံတကာ ဆန်နေရမယ်၊ ကိုယ်ကျင့်တရား ကောင်းတဲ့ အကဲဖြတ်လည်း ဖြစ်ရမယ်၊ မစ္ဆရိယစိတ်ထားတဲ့ အကဲဖြတ် တဦးလည်း မဖြစ်ရဘူး။

မနှစ်တုန်းက အကယ်ဒမီပေးပွဲကို ဝေဖန်သံတွေအပေါ် ကျနော်ကတော့ ဘယ်လိုမှမမြင်ဘူး။ အသစ်လည်း ရသင့်ရင် ရမှာပဲ။ အဟောင်းချည်းပဲ ရရမယ်လို့ ဘယ်သူမှ မပြောထားဘူး။ ယှဉ်ပြိုင်ခွင့် ကတော့ ပေးရမှာပေါ့။ ကျနော်ကတော့ ဘယ်သူပဲ ရရ ကျေနပ်တယ်။ အကဲဖြတ်ရဲ့ အဆုံးအဖြတ်ကို လေးစားရမှာပဲလေ။ သူ့မှာလည်း သူ့အတိုင်းအတာ ပေတံလေးတွေ ရှိမှာပဲ။ ရသင့်တဲ့ သူရမှာပဲလေ။ နိုင်ငံတကာရဲ့ အော်စကာမှာတောင် ဘာမှ ပြောလို့ မရတာ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ဝင်မယ် ဆိုရင်လည်း အစကတည်းက ဒီဆုံးဖြတ်ချက်ကို ကြိုက်ရင် ဝင်ပေါ့။ မဝင်ချင်ရင် အစကတည်းက ဒီနှစ် အကယ်ဒမီ ဆုံးဖြတ်ချက်ထဲမှာ မထည့်ပါနဲ့လို့ အစောကြီးကတည်းက ပြောလိုက်ပေါ့။ Board ကို လေးစားတယ်ဆိုရင် သူ့ဆုံးဖြတ်ချက်ကို လက်ခံလိုက်ပေါ့။
ကော်ပီကား ကိစ္စကတော့ အကဲဖြတ် တယောက်ကတော့ ကော်ပီကားလား ဘာလားဆိုတာ အစကတည်းက ဘယ်သိမလဲ။ ဇာတ်လမ်း စိစစ်ရေး စကတည်းက ကော်ပီကား မပေးဖို့ ပြောထားရမှာပေါ့။ အကဲဖြတ်ကတော့ တက်လာတဲ့ သူကို စိစစ် ဆုံးဖြတ် မှာပဲလေ။ အဲဒီအတွက် အကဲဖြတ်ကို အပြစ်ပြောလို့ မရပါဘူး။ ကော်ပီလားဆိုတာ အစကတည်းက စုံစမ်းရမယ်။ ကော်ပီမှန်း သိနေရင် တားရမှာပေါ့။

လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဒါတော့ ကျနော်တို့က အရှေ့ကိုချီတက်နေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံဆိုတော့ လူတိုင်းကတော့ မပြည့်စုံပါဘူး။ ကျနော်တို့လည်း ဆရာကြီးတွေမှ မဟုတ်တာ။ ဒါပေမယ့် ကိုယ့်လောကကို ချစ်တဲ့အတွက် ကိုယ့်စရိတ်နဲ့ကိုယ် တတ်နိုင်သလောက် လိုက်လေ့လာတာပဲပေါ့။ မိတ်ဆွေတွေ လိုက်ပေါင်းပြီး အောက်ကျနောက်ကျ ခံခဲ့ရတယ်။ မျက်နှာငယ်နဲ့ လိုက်ပေါင်း နေရာကနေ မျက်နှာကြီးလာတာပေါ့။ တိုင်းပြည်ကလည်း တဖြည်းဖြည်း ပွင့်လင်းလာပြီ။ ဘာပဲပြောပြော မြန်မာဆိုတာ လူတွေက စိတ်ဝင်စားလာကြပြီ။ မြန်မာ့ ရုပ်ရှင်လောကကို စိတ်ဝင်စားလာလို့ နိုင်ငံတကာက အနုပညာရှင်တွေလည်း လာနေပြီ ဆိုတော့ ကိုယ်ကလည်း နိုင်ငံတကာထွက်ဖို့ စဉ်းစားရမှာပဲလေ။ ကိုယ့် ဒီဈေးကွက်လေးမှာပဲ ထိုင်ကျေနပ်နေမလား စဉ်းစားကြပေါ့။ ကျနော်တို့တောင် လိုက်ရောင်း ပေးနေပြီပဲ။ နောက်နှစ်တွေမှာ ဈေးရောင်းပွဲတော် တက်နိုင်ဖို့ ကြိုးစားပေါ့။ ရုပ်ရှင် ဈေးရောင်းပွဲက အာဆီယံကား ၁၆၀ မှာ ကျနော့်ကားက Director of photography နဲ့ အဓိက ဇာတ်ပို့ သရုပ်ဆောင်က ဆန်ခါတင် ရခဲ့တယ်။ ဆုကတော့ ဇာတ်ကားဆုကို ရခဲ့တာပေါ့။ ဘာပဲပြောပြော အတိုင်းထက် အလွန် ဝမ်းသာမိတယ်။ မြန်မာပြည်အတွက် ဂုဏ်ယူစရာ ဆုတခုပဲ။ နောက်နှစ်တွေမှာ ရနိုင်ဖို့ မနည်းကြိုးစားရဦးမှာ။ ပြောလို့မရသေးဘူး။ မြန်မာ့ရုပ်ရှင်လောကမှာ ကားမိုက်မိုက်တွေ ရှိတာပဲ၊ ငါတို့ သွားအထင်သေးလို့ မရဘူးဆိုပြီး သတိထားမိသွား ကြတာပေါ့။ မြန်မာနိုင်ငံ ကိုယ်စားပြု အကဲဖြတ်ထဲမှာ ဦးအောင်လွင် ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကက သဘောပေါက် သွားတယ်။

နိုင်ငံတကာ စံမှာ ဘယ်လိုမှ မသတ်မှတ်ထားဘူး။ နိုင်ငံတကာကို သွားနေတဲ့ ကားတွေကိုကြည့်လိုက်ရင် သိသာပါတယ်။ ငါတို့ ဘာလုပ်သင့်သလဲ စဉ်းစားတတ်ဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်းကိုယ် ကောင်းအောင်လုပ်ပြီး နိုင်ငံတကာ ထိုးဖောက်နိုင်ဖို့ပဲ လိုပါတယ်။ ကိုယ့်ပစ္စည်းတွေကို သူများတတွေက တင်ပါရစေ လာပြောအောင် လုပ်ရမှာပေါ့။ အရင်က ဆင်ဆာ အတားအဆီးတွေ ရှိခဲ့တော့ ကယန်းအလှ ရိုက်ကူးရာမှာ ဆင်ဆာပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆင်ပြေ သွားပါတယ်။ ကျနော်တို့ ရည်မှန်းချက်ကို သူတို့ သိသွားတော့ ခွင့်ပြုခဲ့တာပေါ့။ ဇာတ်ကားရဲ့ ရည်မှန်းချက်နဲ့ ကိုက်အောင်လုပ်ရင် ခွင့်ပြုတာပဲလေ။

Loading