နှစ်ပေါင်း ၄၀ ကြာမှ မြန်မာပြည်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲကြီးမှာ ပြဇာတ်တပုဒ် ကသလို ပါဝင် ဖျော်ဖြေ တင်ဆက်သွားခဲ့တဲ့ “မဟာ” ဆိုတဲ့ သီချင်းကို အားလုံး မြင်တွေ့ ခံစားမိလိုက် ကြမယ် ထင်ပါတယ်။ ဒီသီချင်း ဖျော်ဖြေမှုဟာ တခြားသော ဖျော်ဖြေမှုတွေထက် ပရိသတ် ပိုမိုနှစ်ခြိုက်ခဲ့တယ် လို့လည်း သိရပါတယ်။ဒီသီချင်းဟာ မြန်မာနိုင်ငံမှာ ရော့ခ်ဘုရင် တဆူဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မူပိုင် တေးသီချင်းတပုဒ် ဆိုရင်လည်း မမှားပါဘူး။ ၁၉၉၅၊ ၉၆ ကာလတွေက ပေါ်ပေါက်ခဲ့တဲ့ ဒီ “မဟာ” သီချင်းဟာ သူ့ရဲ့ အတိတ်က သမိုင်းကြောင်းတွေလည်း ရှိခဲ့တာတော့ အမှန်ပါပဲ။ တချိန်က ဒီသီချင်းဆိုလို့ ဇော်ဝင်းထွဋ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ဆီးဂိမ်းမှာ ဒီသီချင်းကိုပဲ လူတွေက နှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီသီချင်းရဲ့ သမိုင်းအစကို သီချင်းမူပိုင် အဆိုရှင် ဇော်ဝင်းထွဋ်နဲ့ အတူ ဧရာဝတီ သတင်းထောက် မစပ်စုက ပြန်လည်တူးဖော် ပြောဆို ဖြစ်ခဲ့ပါတယ်။
မေး။ ။ “မဟာ” သီချင်း စတင်သီဆိုဖြစ်ခဲ့တဲ့ အတိတ်က သမိုင်းကြောင်း အကျဉ်လေး အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ။ အဲဒီတုန်းက ပုဂံကို တချိန်လုံး သွားတယ်။ ကြိုက်တယ်ပေါ့။ ကိုယ်က အညာမှာလည်း ကြီးလာတာဆိုတော့ အညာကိုလည်း သဘောကျတယ်။ ပုဂံကိုလည်း သဘောကျတယ်။ ကျနော် စပြီး “မျောလွင့်ခြင်း” ဆိုတဲ့ အခွေထွက်တော့ အဲဒီတုန်းက ပုဂံမှာ “အသစ်က ပြန်စ” ဆိုတဲ့ သီချင်း သွားရိုက်တယ်။ အဲဒီမှာ မြို့ဟောင်းကြီး ခွာကာ မြို့သစ်သို့သွားဆိုတဲ့ စာသားပေါ့။ အဲဒီအခွေ ထွက်ပြီးတော့ နောက်တခေါက် ပုဂံ ကိုသွားတဲ့အခါမှာ ပုဂံက မြင်းလှည်းသမားတွေက ဒီအခွေ ထွက်တော့ ခင်ဗျားတို့ကတော့ ပျော်နေ၊ ကျနော်တို့မှာ အခွေထွက်တဲ့ အချိန် မြို့ဟောင်းက လူတွေ မြို့သစ်ကို ပြောင်းရတယ် ပေါ့လေ။ တော်တော် ဒုက္ခရောက်တယ် ပေါ့လေ။ သူတို့မှာ အဲဒီ သီချင်းကြားတိုင်း စိတ်တိုရတယ်ပေါ့။ ကျနော်က ရယ်လည်း ရယ်ချင်၊ နောက် ဖီလ်းလေး တခုက ရင်ထဲကို ရောက်သွားတယ်။ ငါကတော့ ပုဂံအတွက်ကို အကြွေးရှိနေပြီ။ သီချင်း တပုဒ်တော့ လုပ်ပေးမယ်လို့ အဲဒီကတည်းက တေးထားတာပေါ့။ ၉၂ လောက်ကတည်းက တေးထားပြီး တကယ်လုပ်ဖြစ်တော့ ၉၅၊ ၉၆ လောက်မှ လုပ်ဖြစ်တယ်။ အဲဒီမှာ ပုဂံမှာ အဓိကက မြဝတီ ရုပ်မြင်သံကြားက လွှင့်ချင်တယ် ဆိုတော့ လူမပါဘဲ ပုဂံရိုက်ကွင်း ရိုက်ကွက်တွေနဲ့ သီချင်းတပုဒ် လိုချင်တယ်ဆိုပြီး အဲဒီတုန်းက တာဝန်ခံထားတာ တေးရေး – မြသန်းစံပေါ့နော်။ သူက သီချင်း စာသားလေးတွေ ကျနော့်ကို လာပေးထားတယ်။ နောက် ကျနော်တို့ စတူဒီယို – D မှာ အဲဒီစာသားကို မယ်လိုဒီ ကောက်ထည့် ပြီးတော့ ၃ ရက်လောက် နေတော့ တခါတည်း ဆိုရင်း သွင်းလိုက်ပြီး အမှတ်တမဲ့ သီချင်းလေး တပုဒ် ဖြစ်သွားတာ ပေါ့လေ။ ဆိုပြီး တီးပြီးတော့လည်း ကိုယ့်ဘာသာကိုယ် သဘောကျကြပါတယ်။ နောက်တခါ နားထောင်တဲ့ သူတွေကလည်း ပြန်ကြားတာပေါ့နော်။ ပုဂံက လူတွေလည်း ကြိုက်ကြတယ်ဆိုတော့ တာဝန်တခုတော့လည်း ကျေသွားပြီ ပေါ့လေ။
မေး။ ။ ဆီးဂိမ်း ဖျော်ဖြေမှု အစီအစဉ်တခုအဖြစ်နဲ့ ပါဝင်ဖြစ်ခဲ့ပုံကရော။
ဖြေ။ ။ ဆီးဂိမ်းမှာကျတော့ အဓိကက ယဉ်ကျေးမှုဝန်ကြီးပေါ့။ သူက ဒီသီချင်းလေးနဲ့ အကတွေ ဘာတွေနဲ့ သေချာ လုပ်ချင်တယ်ပေါ့။ အဆင်ပြေတယ်ပေါ့။ ကျနော်ကတော့ ဝင်မဆိုတော့ဘူးပေါ့။ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ သူတို့ သရုပ်ဖော်မယ် ဆိုတော့ ကျနော်တို့ ပြန်တီး ပေးရတာပေါ့။ ပြန်တီးပေးတယ်၊ ပြန် ဆိုပေးလိုက်တယ်။ နောက်တခါ ဘယ်လို ပြောင်းပေး လိုက်ရသလဲ ဆိုတော့ အရင် မဟာ ဆိုတုန်းက ကျနော်တို့ရဲ့ Arrangement က သီချင်းကတော့ ဒီအတိုင်းပါပဲ။ ဒါပေမယ့် နောက်ခံ တီးလုံးတွေကို နည်းနည်း ပြောင်းပေးလိုက်တယ်။ အရင်တုန်းက Orchestra ကို စစ်ချီတဲ့ဆန်ဆန် ဇာတိသွေး ဇာတိမာန်ကြွအောင် ဆိုပြီးတော့ အပို့တွေနဲ့၊ ဆိုင်းပုံစံမျိုးနဲ့ တယောတွေနဲ့ တီးတယ်။ ဒီတခေါက်ကျတော့ အရှည်ကြီးလည်း တီးရမယ်၊ သီချင်းရဲ့ အလယ်မှာလည်း လူတွေက ဝင်တာ ထွက်တာ ဇာတ်လမ်း အခင်းအကျင်းတွေနဲ့ နောက်ဆုံး အကတွေနဲ့ ပိတ်မယ်ဆိုတော့ သုံးပိုင်းပေါ့။ အလယ် Body ပိုင်းက တပိုင်း၊ နောက်ခံ Background ကို ကြမ်းကြမ်းတမ်းတမ်း မသွားဘဲနဲ့ နွဲ့လိုက်တာပေါ့။ ဒီသီချင်း Arrangement ပိုင်းကို ကျနော်တို့ အင်ပါယာတီးဝိုင်းက အစအဆုံး တီးပေးတယ်။ နောက် အဓိကက ဓီရာမိုရ်နဲ့ တိုင်ပင်ပြီးတော့ သူလုပ်ချင်တဲ့ Arrangement လေးတွေလည်း ထည့်တာပေါ့လေ။ သူတို့က တယော အစစ်တွေ ထပ်ထည့် လိုက်တယ်။ အတိတ်က သမိုင်းကြောင်းတွေကို ပြန်သွားတဲ့ ပုံစံမျိုး၊ နောက်က Backing ကို နည်းနည်း နွဲ့လိုက်တာပေါ့။ ဒါပေမယ့် သီချင်း စာသားကတော့ တလုံးမှ မပြောင်းဘူး။ ဒီတိုင်းပါပဲ။ အကုန်လုံး ပြန်ဆို၊ ပြန်တီးပြီးတော့ ပုဂံခေတ်က ဗုံတွေပုံစံ ပြန်ထည့်လိုက်တာပါ။ နောက် ဒီတီးလုံး တီးကွက်တွေကို မီးအလင်းအမှောင် လုပ်တဲ့သူတွေဆီ ပို့ရပါတယ်။ သီချင်းက အားလုံးပေါင်း ၁၈ မိနစ်အထိ ဆွဲဆန့်ပြီးတော့ Lighting နဲ့ အတိအကျ ဘယ်လို သရုပ်ဖော်ကွက်တွေကို ဘာနဲ့ထိုးမလဲ ဆိုတာမျိုးကို ဦးစင်ရော်မောင်မောင် တို့လည်း ပါတော့ သူတို့နဲ့ တိုင်ပင်ပြီး လုပ်ကြတာပါ။
မေး။ ။ ဒီ “မဟာ” သီချင်းကို စီးရီး Title တခုအနေနဲ့လည်း အဲဒီကာလတွေမှာ ထွက်ခဲ့ သေးတယ်နော်။
ဖြေ။ ။ မဟာ စီးရီးမှာ မပါခင်၊ မြဝတီ ရုပ်မြင်သံကြားအတွက် မဟာ သီချင်း တပုဒ်တည်း ဆိုပေးလိုက်တာပါ။ နောက် တော်တော် ကြာတော့မှ မဟာ စီရီး ထွက်ချင်တယ် ဆိုပြီးတော့ မဟာတေးသံသွင်းက လူတွေက သူတို့ရဲ့ မဟာဆိုတဲ့ နာမည်နဲ့၊ ဒီမဟာသီချင်းနဲ့ စီးရီးထွက်ချင်တယ်ဆိုပြီး ဒီသီချင်းကို ထပ်လုပ်ခိုင်းတာပါ။ ပထမဆုံးကတော့ ဒီ မဟာ တပုဒ်ထဲ လုပ်ထားတာပေါ့လေ။ နောက်အပုဒ်တွေ အစီအစဉ်မရှိဘူး။ ၉၅ ခုနှစ် လောက်ကပါ။
မေး။ ။ စစ်အစိုးရ လက်ထက်မှာပဲ ဒီ“မဟာ” သီချင်း စပြီးထွက်လာတယ်။ ပြီးတော့ ဒီသီချင်းဟာလည်း စစ်အစိုးရရဲ့ လက်ဝေခံ မြဝတီ ရုပ်မြင်သံကြားအတွက် သီဆို ရိုက်ကူးပေးခဲ့ရတယ်၊ ဆိုတော့ အဲဒီကာလမှာ ပရိသတ်တွေအနေနဲ့ ဒီသီချင်းအပေါ် ဝေဖန်ခဲ့တဲ့ အနေအထား ဘယ်လိုရှိခဲ့တယ်လို့ မြင်မိခဲ့လဲ။
ဖြေ။ ။ ပထမ ဒီ မဟာသီချင်း တီဗီက စလာတဲ့ အချိန်တုန်းကတော့ ပုဂံသီချင်း တပုဒ်ပေါ့။ ကြိုက်ကြပါတယ်။ ကြိုက်ကြတယ် ဆိုတာက ပြန်ကြားရတာပေါ့လေ။ နောက် မဟာ စီးရီးထွက်တဲ့ အချိန်မှာ ကြိုက်တဲ့သူနဲ့၊ မကြိုက်တဲ့သူနဲ့ နှစ်မျိုး ကွဲပြားသွားတာရှိတယ်။ ကျနော့် တာဝန်ကတော့ ပြီးသွားတာပေါ့လေ။ ပထမကတော့ မဟာ ဆိုပြီး ပုဂံမြို့ကို တင်စားပြီး ဆိုလိုက်တာက တမျိုးပေါ့။ နောက်ကျတော့ ကိုယ်ကလည်း စီးပွားရေးအရ ပါသွားတာပေါ့လေ။ ဒီ တေးသံသွင်း ဆိုင်က ပိုက်ဆံကိုယူပြီး ကျနော်တို့က သူ့ကို အခွေတခွေ လုပ်ပေးရတယ်။ နောက် မဟာ ၁၊ ၂ ၊ ၃၊ ၄ ဆိုပြီး လုပ်ပေး ရတာကိုး။ ဆိုတော့ သတိလည်း ထားရတာပေါ့လေ။ အဲဒီခေတ်မှာ အဆိုတော်တွေက ဒီလို ပေါ်လစီ သီချင်းဆန်တာတွေ မဆိုကြဘူးလေ။ အကုန်လုံးက ရှောင်ကြတာကိုး။ ကျနော်တို့က အဲဒီအချိန်တုန်းက ကိုယ်ကလည်း တက်ကြွနေတဲ့အချိန်၊ ယုံယုံကြည်ကြည်နဲ့လည်း ဒါ ငါတို့ဆိုတာက၊ ငါတို့ တိုင်းပြည်အတွက်ဆိုပြီး ဖန်တီး ပေးလိုက်တာပါ။ အခု အချိန် မှာတော့လည်း ကျေနပ်ပါတယ်။ ကျေနပ်တယ် ဆိုတာက အခုလို နှစ် တော်တော်ကြာတော့ ပြန်လှည့် ကြည့်လိုက်တော့လည်း အဲဒီတုန်းက ဒီသီချင်းတပုဒ် အတွက် တော်တော် အချိန်ကုန်ခံပြီး သေချာ လုပ်ခဲ့တယ်၊ ကိုယ်တီးချင်တဲ့ တီးလုံးနဲ့ စာသားတွေ ဆိုခဲ့ရတယ်ပေါ့လေ။
မေး။ ။ အဲဒီကာလတွေမှာ ဒီ “မဟာ” သီချင်းကို ပရိသတ်တွေအနေနဲ့ စစ်အစိုးရရဲ့ ပေါ်လစီ သီချင်း တပုဒ်အဖြစ် သတ်မှတ် ခဲ့ကြမှုအပေါ် ကိုဇော်ဝင်းထွဋ်ရဲ့ သဘောထား ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ အဲဒီတုန်းကတော့ ရှင်းရှင်းပြောရရင် တိုင်းပြည် အခြေအနေအရ တေးရေးကလည်း မြသန်းစံက အဲဒီအချိန်တုန်းက ဗိုလ်မှူး မြသန်းစံ ဖြစ်တယ်ဆိုတာကလည်း ပါတယ်။ နောက် အဲဒီကာလမှာ တုန်းက ကျနော့်အထင် သူက မြဝတီမှာ ပေါ်လစီ ကားတွေ ရိုက်တာတို့၊ ဒါမျိုးတွေရှိတာကိုး။ အဲဒီလို အကန့်တွေ ရှိတဲ့အခါကျတော့ ရှင်းရှင်းပြောရရင် လူတွေကလည်း ဒီအချိန်မှာ ဒီလိုမျိုးပဲ မြင်မှာပဲလေ။ သူနဲ့ ကျနော်နဲ့ ကျတော့လည်း ဆယ်တန်း အောင်ကတည်းက ဂစ်တာ အတူ တီးခဲ့ ကြတာကိုး။ ကျနော်က သူ့ကို စစ်ဗိုလ် တယောက်အနေနဲ့ မမြင်ဘူး။ ဘော်ဒါ ညီအစ်ကိုလိုပဲ ငယ်ငယ်ကတည်းက နေလာတော့ အမှန်က ကျနော်က ဒီသီချင်းကလည်း စာသားလေး ကောင်းတော့ ဆိုတာပေါ့။ ဆိုတော့ ကျနော်က ရိုးရိုးသားသား ဆိုခဲ့တဲ့အတွက်ကြောင့် နောင်တတော့ မရဖူးပါဘူး။ ကျနော်တို့ ရိုးရိုးသားသားနဲ့ ဖန်တီးခဲ့တယ်။ ယုံယုံ ကြည်ကြည်နဲ့ လုပ်ခဲ့တယ်။ အဲဒီ အကျိုးဆက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲလာလာ ကျနော်တို့ကတော့ ခံနိုင်တယ် ။ လက်ခံပါတယ်။
မေး။ ။ အဲဒီ ကာလတွေမှာ ဒီလို ပေါ်လစီသီချင်းတွေ သီဆိုခဲ့ရတဲ့ အနုပညာရှင် တယောက်အနေနဲ့ အနုပညာ လုပ်ငန်းနဲ့ ပတ်သက်လို့ ထိခိုက်မှု၊ အပြင်းအထန် ဝေဖန်ခံခဲ့ရမှုတွေကို ဘယ်လောက် အတိုင်း အတာအထိ ခံခဲ့ရတာမျိုး ရှိပါသလဲ။
ဖြေ။ ။ အဲဒီလိုတော့ မရှိခဲ့ဘူး။ ပထမက ကျနော်တို့ အဲဒီလို ထင်တာပေါ့လေ။ ကျနော်တို့ ရှေ့မှာလည်း ရှိတယ်။ အဆိုတော်တွေ ဒီလို ဆိုလိုက်ရင် အဲဒီလို ဖြစ်သွားမယ်ပေါ့။ ကျနော်လည်း အဲဒီလိုထင်တာ။ ရတယ် … ထင်ပစေပေါ့လေ။ဒါပေမယ့် ကျနော်တို့က ဘာမှမဖြစ်ပါဘူး။ ဒီလိုပဲ ဘာလာလာ နဂိုကတည်းက ကိုယ့်ဘာသာကိုယ် လုပ်ချင်တာ လုပ်လာခဲ့တဲ့ ကောင်တွေဖြစ်တော့လေ။ တကယ်တမ်းကျတော့ ကျနော်တို့ ထင်သလိုတော့ မဟုတ်ဘူးပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်မှာ ကလည်း အမြင်ချင်းက တူမှမတူကြတာ။ ဒါကို ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူက တဝက်စီတော့ အမြဲလိုလို ရှိနေတာကိုး။ ရှိနေတော့ တကယ်ကိုပဲ ခုနက ပြောခဲ့သလိုပေါ့။ ဒါ ငါတို့ တိုင်းပြည်အတွက် ဇာတိသွေး ဇာတိမာန်အတွက်ပေါ့။ ခုနကလို ကောင်းတာတွေ၊ မကောင်းတာတွေ၊ အစွန်းရောက်တယ်ပဲ ပြောပြောပေါ့။ တက်ကြွတဲ့ လူတွေက တအား ကြိုက်တဲ့သူကလည်း ကြိုက်တယ်၊ မကြိုက်တဲ့ သူကလည်း ဒါ လုံး၀ မဆိုသင့်ဘူးလို့ ပြောတဲ့သူလည်း ရှိပါတယ်။ ကျနော်တို့ ဆိုတဲ့ အချိန်မှာ ဟာ … မင်း ဘာလို့ ဆိုတာလဲ ဆိုပြီး ကျနော့်ကို ဝိုင်းဖျက်တဲ့ သူကလည်း ရှိတာပေါ့။
နောက်ပြီး ကျနော် ကလည်း ရှေ့မှာ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” ဆိုတဲ့ တိုင်းရင်းသား သီချင်းတပုဒ် ဆိုခဲ့တာကိုး။ ဒါကလည်း ကျနော်တို့က ခုနက ပြောခဲ့သလို ယုံယုံ ကြည်ကြည်နဲ့ လုပ်ပေးခဲ့ရတယ်။ အဲဒီ အချိန်တွေက ကျနော်တို့က မလုပ်ပေး လို့လည်းမရဘူး။ ရှောင်လို့ မရတဲ့ အခြေအနေမှာ လုပ်ရတော့မယ်။ အဲဒီအချိန်မှာက နဝတ ခေတ်ကိုး။ နဝတရဲ့ မူဝါဒတွေကို သီချင်းလုပ်ပြီး ဆိုရမယ်ဆိုတဲ့ ပုံစံ၊ ဒါ မြန်မာ့အသံကနေ ကျနော်တို့ဆီ လာတော့ အဲဒီအချိန်မှာ ကျနော်တို့ ရွေးစရာမရှိခဲ့ဘူး။ မရှိတော့ တတ်နိုင်သမျှ ကိုယ့်ဘက်လည်း မပါ၊ သူ့ဘက်လည်း မပါ၊ တဝက် ကြားကနေ ကြံဖန်ပြီးတော့ ရပ်တည် ပေးရတာ ပေါ့လေ။ ဒါပေမယ့် အဲဒီလိုလည်း ရပ်တည်ရမယ်၊ ကိုယ့် အနုပညာကလည်း စစ်မှန်ဖို့ လိုသေးတာပေါ့။ အဲဒီလို ရပ်တည်ခဲ့ပြီးကိုယ်ကလည်း အတုတွေ မလုပ်ပေးခဲ့ဘူးပေါ့။ စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ဆိုလည်း အဲဒီလိုပဲ။ နဝတရဲ့ မူဝါဒ ၁၆ ချက်ရှိတယ်။ ဒီအထဲမှာမှ ကျနော်လက်ခံတာတော့ ဒီအချက်ရှိတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာတော့ နဝတမှ မဟုတ်ဘူး ဘယ်အစိုးရ တက်တက် ကျနော်တို့ ရင်ထဲကပဲ ပြည်ထောင်စုဆိုတာ ရှိခဲ့တဲ့အတွက် နောင်တချိန် မှာလည်း ဘယ်တော့မဆို ဒါကြီးက မတိမ်ကောတဲ့ အတွက် ဒီအချက်ကိုပဲ ဆိုပေးမယ် ဆိုပြီး ကျနော် လုပ်ပေးခဲ့တာ။ ဒါဟာလည်း ကျဉ်းထဲကျပ်ထဲ ကနေ အကောင်းဆုံး လုပ်ကြတဲ့ သီချင်းတပုဒ်ပေါ့။ အခုတော့လည်း ဒီအခြေအနေ တွေက မရှိတော့ဘူးပေါ့။ ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့ အခါမှာလည်း အဲဒီလို လုပ်ခဲ့တဲ့အတွက် နောင်တတော့ မရပါဘူး။ အတိုင်းအတာ တခုအထိတော့ အကျိုးရှိတယ်လို့ ထင်ပါတယ်။
မေး။ ။ ပေါ်လစီ သီချင်းတပုဒ်လို့ အများသိထားတဲ့ ဒီ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” သီချင်းက “မဟာ” သီချင်းထက် ပိုစောပြီး ထွက်လာတယ်လို့ ပြောလို့ရလား။ ဘာအတွက် ရိုက်ခဲ့တာလဲ။
ဖြေ။ ။ ပိုစောပါတယ်။ သိပ်အကွာကြီးတော့ မဟုတ်ဘူး။ အဲဒါက မြန်မာ့အသံအတွက် ရိုက်တာပါ။ အဲဒီတုန်းကလည်း မြန်မာ့အသံနဲ့ မြဝတီက အပြိုင်အဆိုင်လို ဖြစ်နေတော့ ဒီသီချင်းကို မြန်မာ့အသံအတွက် လုပ်ပေး လိုက်တာ။ အဲဒီတော့ မဟာ ကကျတော့ မြဝတီက လာတာပါ။
မေး။ ။ မဟာသီချင်းနဲ့ ပတ်သက်လို့ အရင် စစ်အစိုးရ လက်ထက်က ဖြစ်ခဲ့တဲ့ အနေအထားတွေကနေ ဒီဆီးဂိမ်းဖွင့်ပွဲမှာ ဒီ သီချင်း ဖျော်ဖြေမှုကို သဘောကျ အားပေးတဲ့ အနေအထား ဖြစ်လာတဲ့အပေါ် ကိုဇော်ဝင်းထွဋ်ရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ခုနက ပြောခဲ့သလိုပါပဲ။ ကျနော်တို့က စလုပ်ခဲ့ကတည်းက အတုမဟုတ်ဘူး။ အစစ်တခုကို လုပ်ခဲ့တာပါ။ သူ့အခြေအနေ သူ့အချိန်အခါ အရ အပြောအဆို ခံလိုက်ရတာ ရှိတယ်။ ကြိုက်တဲ့သူ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က မရိုးမသား လုပ်ခဲ့ရင် ဒီဘက် အချိန်အထိ ပါလာစရာ အကြောင်း မရှိပါဘူး။ ကျနော့် အဖိုးရေးတဲ့ “နဂါးနီ” သီချင်းလိုပေါ့။ နှစ်ပေါင်း ၄၀၊ ၅၀ မှာလည်း လူတွေ ပါးစပ်ဖျားမှာ ရှိနေသေးတယ် ဆိုတာကလည်း မှတ်ကျောက် တင်ခံတယ်၊ သီချင်းတွေက ခေတ်ရဲ့ မှတ်ကျောက်တင်တာ ခံနိုင်မှလည်း နောင်ခေတ်တွေကို ဖြတ်သန်းနိုင်တာကိုး။ ကျနော်ကတော့ တခေတ်တော့ အောင်သွား ပြီပေါ့လေ။ ဒီအတွက်ကိုလည်း ဂုဏ်ယူရမှာပေါ့လေ။ ကျနော်လုပ်ခဲ့တာ စစ်မှန်လို့လည်း ဒီဘက်တခေတ်ကို ထပ်ပါလာပြီ ပေါ့လေ။ အဲဒီလိုပဲ ကျနော် ယူဆပါတယ်။
မေး။ ။ ဒီသီချင်းကို တချို့သူတွေက ကော်ပီသီချင်းပါလို့ ထင်မြင်နေကြတဲ့ အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကော်ပီ သီချင်းမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ ကော်ပီ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ သီချင်း၊ အထူးသဖြင့် နောင်ပိုင်းလည်း ကော်ပီက မဆိုဖြစ်ဘူးဆိုတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ဖန်တီးပါတယ်။ ဒီ Music က ကျနော်ကိုယ်တိုင် ပါးစပ်က ရွတ်ထားတာ ဆိုတော့ ဒါကို အာမခံပါတယ်။ သူများဆီက ဝယ်ထားတဲ့ သီချင်းလည်း မဟုတ်ဘူးလေ။
မေး။ ။ မဟာသီချင်းအနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာပြီးမှ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အစီအစဉ် တခုအနေနဲ့ ပါဝင်ခဲ့မှုအပေါ်၊ ဒီ တင်ဆက်မှုကို မြန်မာ ပရိသတ်တွေအနေနဲ့ နှစ်ခြိုက်ခဲ့မှုအပေါ် ဘယ်လို သုံးသပ်ချင်ပါသေးလဲ။
ဖြေ။ ။ ဒီသီချင်းကို ရွေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ရမှာပါ။ သတိတရနဲ့ ရွေးတဲ့အတွက်ပေါ့။ ကျနော့်ကို နှစ်ပေါင်းများစွာ အစဉ်အဆက် အားပေးလာခဲ့တဲ့ ကျနော့် မိတ်ဆွေတွေကို ဒီသီချင်းလေးနဲ့ ပြန်ပြီး ကျေးဇူးဆပ်ရတယ် လို့လည်း ယူဆပါတယ်။ ဒီလို လုပ်ပြခွင့်ရတဲ့ အတွက်လေ။
မေး။ ။ ဒီ မဟာ သီချင်းကို ဖန်တီးပေးခဲ့တဲ့ တေးရေး မြသန်းစံ အတွက်ကိုရော ဘာပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့က ဒီသီချင်းကို စပြီး သူဖန်တီးကတည်းက မြင်မြင်ချင်းပဲ စာသား ဖတ်တာနဲ့ကို အရင်ဆုံး ကြက်သီး ထလောက်အောင် တကယ့်ကို ခံစားရတဲ့ စာသားတွေဖြစ်တယ်။ ဒါကြောင့်ကိုပဲ ကျနော်တို့ အင်ပါယာ တဝိုင်းလုံး တိုင်ပင်ပြီး ဂရုတစိုက်နဲ့ သေချာ စနစ်တကျ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဆရာ မြသန်းစံကို တသက်လုံး ကျေးဇူး တင်သွားရ မှာပါ။ ။