လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီဆုရခဲ့ကြတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ဖွေးဖွေးတို့နှစ်ဦး ပူးပေါင်းပြီး ပရဟိတ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂ ရက်နေ့က ရန်ကုန် Park Royal Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
အလှူငွေများကို ရုပ်ရှင် သက်ကြီးရန်ပုံငွေ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ ကလေး ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၊ ဝိသာခါ သီလရှင် အမျိုးသမီး စာသင်ကျောင်း၊ မေရီချက်မင် ကလေးများ စာသင်ကျောင်း၊ ထိန်လင်း အခမဲ့ဆေးခန်း၊ လက်ပံရုပ်ရှင်ကား ရိုက်ကူးမှုမှာ ပါဝင်ခဲ့တဲ့ စက်မှုလုပ်သားများ၊ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းနဲ့ ပုဂ္ဂလိက စာနယ်ဇင်းများ နာမကျန်းရန်ပုံငွေ စတဲ့ နေရာတွေကို အလှူငွေ ကျပ် ၁၀ သိန်းစီနဲ့ စုစုပေါင်း ကျပ်သိန်း ၁၁၀ လှူဒါန်းခဲ့ပါတယ်။
အလှူငွေ လှူဒါန်းပွဲမှာ အကယ်ဒမီ ပြေတီဦးက မိဘနှစ်ပါးနဲ့ သူ့ရဲ့ လက်ဦးဆရာတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ဦးခင်ဇော်၊ ဒါရိုက်တာ ဦးအောင်မြင့်မြတ်တို့ကို ပထမဆုံး ဂါရဝပြုပြီးနောက် ပရိသတ်တွေဆီက ရတဲ့ ငွေနဲ့ ဒီအလှူ လှူတာ ဖြစ်တဲ့အတွက် ဒီအလှူဟာ ပရိသတ်တွေကို ကိုယ်စားပြုတယ်၊ ပြီးတော့ အနုပညာ ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
“ကျနော် အနုပညာလောကမှာ ဒီလို နေရာလေး တနေရာမရခင် စမ်းတဝါးဝါး လျှောက်နေတဲ့ အချိန်မှာ ကျနော့်ကို လက်တွဲ ခေါ်ခဲ့တဲ့ စီနီယာတွေ အများကြီးရှိပါတယ်။ ဥပမာ အစ်ကိုကြီး ကိုကျော်သူတို့၊ ကိုလူမင်းတို့ပေါ့။ သူတို့ အောင်မြင်နေတဲ့ အချိန်မှာ ကျနော်က ဒုတိယမင်းသား နေရာကနေပြီးတော့ ရိုက်ခဲ့ဖူးပါတယ်။ ကျနော့်အစ်ကိုတွေ လက်တွဲခေါ်ခဲ့လို့ အခုလို အနုပညာ လမ်းကို လျှောက်လှမ်းနိုင်ခဲ့တာပါ။ တခြားစီနီယာ အစ်ကို၊ အစ်မတွေလည်း အများကြီးရှိပါတယ်။ အနုပညာ လောကမှာ ရှိတဲ့သူတွေ အကုန်လုံးက တက်ညီလက်ညီလုပ်ခဲ့၊ စေတနာထားခဲ့ကြလို့ ကျနော် ဒီနေရာမှာ ရှိနေနိုင်တာပါ။ ဒါကြောင့် ဒီအလှူဟာ အနုပညာလောကသား အားလုံးရဲ့အလှူပါပဲ။ ဒါကြောင့် ဒီလိုအလှူအတန်းလေး လုပ်မယ်လို့ စီစဉ်ဖြစ်ခဲ့တာပါ” လို့ ပြေတီဦးက အခမ်းအနားမှာ ပြောခဲ့ပါတယ်။
သရုပ်ဆောင်ပြေတီဦးက ဆက်လက်ပြီး သူနဲ့ ဖွေးဖွေးတို့ အကယ်ဒမီ ဧည့်ခံပွဲလုပ်လို့ ကုန်ကျမယ့် ငွေအစား၊ အခုလိုအလှူကို လုပ်ဖြစ်ခဲ့တာ ဖြစ်ကြောင်း၊ ဒီအလှူဟာ ပရိသတ်တွေနဲ့ အနုပညာညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ စုပေါင်း အလှူဖြစ်တဲ့အတွက် အားလုံးနဲ့အတူ သာဓု ခေါ်ချင်ကြောင်းလည်း ဆိုခဲ့ပါတယ်။
အကယ်ဒမီဆုရှင်ဖြစ်သွားတဲ့ ဖွေးဖွေးကလည်း သူ့ကို ဒီနေရာ ရောက်အောင် ဝိုင်းဝန်ကူညီတဲ့ သူတွေနဲ့ သူ့ရဲ့ ဆရာ ဒါရိုက်တာ ဝိုင်းကို ကျေးဇူး အလွန်တင်တဲ့ အကြောင်း ပြောပါတယ်။
“အခုလို ကိုပြေတီနဲ့အတူ အလှူလေး လုပ်ပြီး ပရိသတ်တွေအတွက်၊ အနုပညာ ညီအစ်ကို မောင်နှမတွေအတွက် စုပေါင်း လှူခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်” လို့ အကယ်ဒမီ ဖွေးဖွေးက ဆိုပါတယ်။
အထက်ပါ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဖိတ်ကြားထားတဲ့ အနုပညာရှင်များ၊ အလှူငွေ လက်ခံရယူကြတဲ့ ပရဟိတ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
မမတွေရဲ့ အသည်းစွဲ ဂျူမုံတို့အဖွဲ့ အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေမယ်

PEE PAW Entertainment ရဲ့စီစဉ်မှုနဲ့ K POP ကိုးရီးယား အဆိုတော်အဖွဲ့က ကိုရီးယား ဂီတပွဲတော်ကို မြန်မာ – ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
K POP မှာ ပါဝင်မယ့် အဖွဲ့ဝင်တွေကတော့ Song – Il Guk (ဂျူမုံ)၊ Sister အဖွဲ့၊ After School အဖွဲ့၊ Ze:A အဖွဲ့နဲ့ U- Kiss အဖွဲ့တို့ဖြစ်ကြောင်း သိရပါတယ်။
ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး စီစဉ်သူ ဦးပီးပေါ်က “ဒီပွဲကို စီစဉ်နေတာတော့ကြာပါပြီ။ ကျနော် ကိုးရီးယား ရှိုးပွဲတွေ စီစဉ်ချင်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် Mr Ko Young Jin နဲ့ Mr Yoon Nam Ho တို့နဲ့တွေ့ပြီး ပူးပေါင်းစီစဉ် ဆောင်ရွက် ခဲ့တာပါ။ အဓိက ကတော့ DM ကုမ္ပဏီကနေ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ MRTV – 4 ကနေလည်း ထုတ်လွှင့်ပြသပြီး ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဈေးနှုန်းကတော့ အများတတ်နိုင်တဲ့ ဈေးနှုန်းလောက်ပဲ သတ်မှတ်မှာပါ။ ကုန်ကျတဲ့ နှုန်းကို မသိရသေးတော့ အတိအကျတော့ မဟြေနိုင်သေးပါဘူး။ အချိန်ကတော့ နှစ်ချိန် စဉ်းစားပြီး စီစဉ်ထားပါတယ်။ ညနေ ၅ နာရီ သို့မဟုတ် ၇ နာရီဖြစ်မှာပါ။ လက်မှတ်တွေကိုတော့ ဇန်နဝါရီ တတိယအပတ်မှာ စတင်ရောင်းချမှာပါ။ Junction Square ၊ တော်ဝင်စင်တာ စတဲ့ နေရာတွေမှာ ရောင်းချပေးမှာပါ” လို့ ရှင်းလင်း ပြောကြားပါတယ်။
မြန်မာပရသတ်တွေက ဂျူမုံ လို့ အသိများတဲ့ Song- Il Guk ကတော့ မြန်မာနိုင်ငံကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ တကြိမ် လာပြီး ပွဲကျင်းပရေးအတွက် ပရိုမိုးရှင်း လုပ်မှာဖြစ်ပြီး ဖျော်ဖြေရေး ကျင်းပမယ့် ဖေဖော်ဝါရီလမှာ နောက်ထပ် တကြိမ် လာရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီပွဲဟာ မြန်မာ ပရိသတ်တွေအဖို့ မှတ်မှတ်ရရရှိကြမယ့်ပွဲ ဖြစ်မယ်လို့လည်း ပွဲစီစဉ်သူ Mr Ko Young Jin နဲ့ Mr Yoon Nam Ho တို့က ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဟြေပါတယ်။ ဒါကြောင့် ကိုးရီးယား ဂီတချစ်သူ ပရိသတ်များအနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ကြဖို့ သတင်းပေးလိုက်ပါတယ်။