SFU

မြန်မာ ပန်းချီလောကနှင့် ပက်စတယ် ရသ

This article has been converted from Zawgyi One to Unicode


ပန်းချီရေးဆွဲရာတွင် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ပက်စတယ် (Pastels) စသည်ဖြင့် အသုံးပြုသည့် မီဒီယံအပေါ် မူတည်၍ ဖန်တီး တင်ပြမှု သဘောတရားများ မတူကြပါ။ ဆန့်ကျင်ဘက် လုပ်ဆောင်ရသည့် သဘောတရားတို့ များစွာရှိသည်။ ဥပမာ ဆီဆေးနှင့် အခရိုင်းလစ်သည် ပေါင်းဆင့် ဖန်တီးဖို့ အခွင့်သာပြီး ရေဆေးသည် အနုတ်သဘော ပိုဆန်သည်။ တဖန် ရေဆေးသည် Accidential Effect ကို ရစေပြီး ဖန်တီးမှုကို ပေါင်းဆင့်ပေးနိုင်သည်များ ရှိသကဲ့သို့ ပန်းချီကားကို ပျက်စီး သွားစေနိုင်သည် များလည်း ရှိသည်ဟု ဆိုသည်။ ထိုသဘောတရားကို ပန်းချီ ရေးဆွဲသူတိုင်း သိရှိကြပါသည်။

ထိုအထဲတွင် ပက်စတယ် သုံး၍ ရေးဆွဲရာတွင်လည်း သီးခြား အခက်အခဲနှင့် နက်နဲသည့် သဘောသဘာ၀ ရှိနေပါသည်။  နောက်ခံ အရောင်နှင့် Tone ၏ သဘော သဘာဝကို နားမလည်၊ မပိုင်နိုင်လျှင် ရေးဆွဲရန် လုံး၀ မဖြစ်နိုင်ပါ။ ဆိုရလျှင် ပက်စတယ် မီဒီယံသည် ချန်လှပ် ပြည့်စုံစေသည့် သဘောဖြစ်သည်။ တဖန် Hard Edge နှင့် Soft Edge ကို နားလည်ပြီး ဖန်တီးနိုင်မှသာ ကောင်းမွန်ပြည့်စုံသည့် အနုပညာလက်ရာကို ရစေနိုင်သည်။ ထို့ထက် နက်နဲမှုများလည်း ရှိနေနိုင်ပါသည်။ သိုင်းသမား စကားနှင့် ပြောရလျှင် ပက်စတယ် မီဒီယံသည် သိုင်းပြောင်းပြန် သဘောဆောင်သည်ဟု ဆိုသည်။ ရှိနှင့်ပြီးသား အနေအထားပေါ်တွင် မိမိစေစားလိုရာကို ပေါင်းဆင့် အသုံးပြုခြင်း ဖြစ်ပြီး အနုတ်သဘော ပိုဆောင်သည်ဟု သိရသည်။ ဤကား ပက်စတယ် မီဒီယံ၏ သဘောသဘာဝ၊ တနည်းအားဖြင့် မီဒီယံ သုံးစွဲရာတွင် ကျွမ်းကျင်မှု အရေးပါကြောင်းကို ရေးရေးမျှ တင်ပြခြင်း ဖြစ်၏။ မြန်မာနိုင်ငံတွင် ပက်စတယ် အသုံးပြု ရေးဆွဲဖန်တီးတင်ပြမှု များပြားခြင်း မရှိသေးပါ။

ထူးထူးခြားခြား ပက်စတယ် မီဒီယံဖြင့် ရေးဆွဲ တင်ပြသည့် Myanmar Pastels ပန်းချီပြပွဲ အကြောင်း ဆက်လက် တင်ပြမည်။ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Myanmar Ink Art Gallery တွင် မြန်မာ ပန်းချီရာ ၁၃ ဦး၏ Myanmar Pastels ပန်းချီပြပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သည်။ ပန်းချီကား ၂၉ ကား ပြသထားသည့် ပြခန်း ထဲတွင် အကြောင်းအရာစုံ၊ တင်ပြမှုအစုံ ချပြထားသည့် ပန်းချီကားများကို ကြည့်ရှုခံစားရပါသည်။

ပန်းချီဆရာများမှာ WPM ခေါ် ပန်းချီဆရာ ဝင်းဖေမြင့်၊ ပန်းချီဆရာမ အေးငြိမ်းမြင့်၊ ပန်းချီဆရာ ကိုစိုင်း၊ ပန်းချီဆရာ ချူး၊ ပန်းချီဆရာ ဗိုလ်ကလေး ဌေးလွင်၊ ပန်းချီဆရာမ ကင်န်၊ ပန်းချီဆရာ ချွန်စန်း၊ ပန်းချီဆရာ မောင်ချစ်ပန်၊ ပန်းချီ ဆရာမ နေဇာအောင်၊ ပန်းချီရာ ဝင်းထွဋ်ဦး၊ ပန်းချီဆရာ တင်အောင်ကျော်၊ ပန်းချီဆရာမ ကြည်သာအေးနှင့် ပန်းချီ မင်းသားကြီး တို့ ဖြစ်သည်။ ပန်းချီကား အများစုသည် Realism အခြေပြု ဖန်တီးတင်ပြထားသည့် Landscape, Sketch, Portrait, Still-life စသည်ဖြင့် တွေ့ရသည်။ Portrait များသည် Character ကို ပေါ်လွင်အောင် ရေးဆွဲပြထားသည်ကို တွေ့ရသည်။ ပန်းချီကား အများစုသည် ပက်စတယ်၏ အရသာကို ခံစားရစေသည့် အနုပညာမြောက် ရေးဆွဲ ဖန်တီး တင်ပြမှုများဖြစ်ပြီး ပန်းချီကား တချို့မှာ ဒီဇိုင်း ဆန်ဆန်သာ တွေ့ရ၍ အရသာ နည်းသည်။

သတိပြုမိသည့် လက်ရာတချို့မှာ Nude နှင့် Portrait ပန်းချီကားများ ဖြစ်သည်။ အလှအပနှင့် သီးခြားတင်ပြ လိုသည့် Character နှင့် Concept သဘောကို တွေ့ရသည်။ ဗိုလ်ကလေး ဌေးလွင်၏ ပန်းချီကားများ သည် စိတ်ခံစားမှုကို ထင်ဟပ် တင်ပြနိုင်သည်။ ဝင်းထွဋ်ဦး၏ ပန်းချီကားများသည် အသေးစိတ် ရေးဆွဲ တင်ပြထား သည်ကို တွေ့ရသည်။ တချို့ ပန်းချီကားများမှာ အလှအပ သက်သက်အနေဖြင့် တွေ့ရပြီး အထူးသဖြင့် ဒီဇိုင်းဆန်သည့် ပန်းချီကား တချို့တွင် Concept သဘောတရား မပါဝင်ပေ။ အနုပညာ ဖန်တီးသူများ အတွက် Beauty ထက် Concept က ပိုမိုအရေးကြီး လာနေကြောင်း လေ့လာ တွေ့ရှိရသဖြင့် သတိပြုမိသည်ကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ပက်စတယ်ကို အသုံးပြု ဖန်တီးခြင်းနှင့် ပတ်သက်၍ ပန်းချီဆရာမ ကြည်သာအေးက “ပက်စတယ်က လက်နဲ့ တို့ထိဖန်တီးရမှု အများဆုံးလို့ ထင်ပါတယ်။ တချို့မီဒီယံတွေက စုတ်တံနဲ့ Knife ကို အသုံးပြုရတာ ပိုများပြားတဲ့ သဘောရှိပါတယ်။ ဒါက အားသာချက်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ထိန်းသိမ်းရေး အတွက် ချုပ်ဆေးနဲ့ ချုပ်ရတာတို့၊ အမှုန်တွေ ပျက်လွင့် သွားမှာတို့၊ ပြီးတော့ အရောင် လျော့သွားနိုင်တာတို့ကို သတိထားရတာက အားနည်းချက်လို့ ဆိုနိုင်တယ်” ဟု ပြောသည်။

ပန်းချီဆရာ ကိုစိုင်းကတော့ ပက်စတယ် သုံးရသည့် အားသာချက်အနေဖြင့် ကားရေးရင်း အချိန်မရွေး ထားခဲ့ပြီး တခြား အလုပ်များ လုပ်နိုင်ကြောင်း၊ ရေဆေးဆိုလျှင် ရေးနေစဉ် တချိန်တည်း၊ တဆက်တည်း အပြီး ရေးဆွဲဖို့ လိုကြောင်း၊ ဆီဆေးနှင့် အခရိုင်းလစ်မှာ ဆေးခြောက်မည့် အချိန်ကို စောင့်ရသောကြောင့် ပက်စတယ် သုံးရသည်မှာ အကန့်အသတ် နည်းကြောင်း ရှင်းပြသည်။

မီဒီယံ မျိုးစုံ ပိုင်နိုင်ကျွမ်းကျင်သည့် ပန်းချီဆရာ ဝင်းဖေမြင့် (WPM) က “ပန်းချီမှာ မီဒီယံကို အကြမ်းအားဖြင့် ခွဲကြည့် ရင် Wet and Dry ဆိုပြီး တွေ့နိုင်တယ်။ Pastel, Char Coal, Chalk တွေက Dry Medium မှာပါတယ်။ Pastel က သယ်ရတာ လွယ်တယ်၊ အသုံးပြုရတာ လွယ်တယ်၊ လက်နဲ့ ပွတ်တိုက် ဖန်တီးယူရတယ်။ ဒါက အားသာချက်ပေါ့။ ရေဆေး ဆီဆေး ဆိုတာက ကရိကထ များတယ်။ နောက်ပိုင်းမှာ Pastel ကို အသုံးပြုဖန်တီးတာတွေ ပိုများလာနိုင်တယ်။ ကျနော် စမ်းသပ်ဖူးတယ်။ Pastel ကို ရေဆွတ်ပြီး ပိတ်ပေါ်မှာရေးတယ်။ ဆေးတောင့်တွေ အများကြီးကုန် တယ်။ ဒါနဲ့ ပိတ်စကို ရေဆွတ်ပြီး ရေးကြည့်တယ်။ ကောင်းတယ်။ အရောင်စွဲတယ်။ အရောင်ရောစပ် သုံးတဲ့အခါ လွယ်ကူလာတယ် ဆိုတာတွေ့ရတယ်” ဟု ပြောသည်။

နိုင်ငံတကာတွင် အနုပညာကို အားပေးမြှင့်တင်မှု မြင့်မားသည်ကို တွေ့နိုင်သည့် အတွက် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေး အနေအထားအရ မြန်မာ့ပန်းချီလောက၌ ဝယ်ယူ စုဆောင်းမှုနှင့် အားပေး မြှင့်တင်မှု အပြောင်းအလဲ ရှိမရှိ ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပန်းချီ ကိုစိုင်းက “အမှန်တကယ် အနုပညာ ဆိုတာကို မြတ်နိုးပြီး ဝယ်ယူတာ၊ အားပေးတာ၊ စုဆောင်းတာမျိုး မရှိသလောက်ပါပဲ၊ ငါးပွက်ရာ ငါးစာချတဲ့ အနေအထားလောက်ပဲ ရှိနေသေးတယ်” ဟု ပြောသည်။

ပန်းချီ ကိုစိုင်းက ပန်းချီပန်းပုကျောင်းကို သုံးကြိမ် တက်ရောက်ခဲ့သူ ဖြစ်သည်။

“အနုပညာ အားပေးမြှင့်တင်ခြင်းနဲ့ ထင်ပေါ်ကျော်ကြား လူသိများဖို့ လုပ်ဆောင်ခြင်းက တခြားစီပါ။ ပြီးတော့ ရောင်းချခြင်း ဝယ်ယူခြင်းထက် ပိုပြီး အရေးကြီးတာက အနုပညာ တန်ဖိုးကို သေချာသိမြင် တန်ဖိုးထား ဝယ်ယူအားပေးတဲ့ အနေအထားပါ။ တချိန်မှာ ပြန်ရောင်းရင် အမြတ် ပိုမို ရနိုင်တယ် ဆိုပြီး ရည်ရွယ် ဝယ်ယူတာထက်၊ အနုပညာမြောက် လက်ရာတွေကို အားပေးဖို့ လိုတယ်” ဟု ကိုစိုင်းက ဆက်ပြောသည်။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အပါအဝင် အနုပညာ နယ်ပယ်ကို အထူးအားပေး မြှင့်တင် ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင်ကား အနုပညာကို အားပေးမြှင့်တင်သည့် အစိုးရ၊ လုပ်ငန်းရှင်များ မရှိသေးပါ။ အနုပညာ မျှဝေခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ထင်ရှားသည့် ဂုဏ်ဒြပ်တခုပင် ဖြစ်ပါကြောင်း။

Loading