ဂီတဟာ လူသားတို့အတွက် ဖျော်ဖြေမှုသက်သက်သာမက ဘဝရဲ့ စိတ်ဓာတ်ခွန်အားကိုပါ ရစေနိုင်တဲ့ အနုပညာရပ် တခုဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဖျော်ဖြေမှု သက်သက်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ် ခွန်အားကို ရစေလို့ပဲဖြစ်ဖြစ် အနုပညာရပ်တွေထဲမှာ ဂီတဟာ လူနဲ့အနီးစပ်ဆုံး အနုပညာရပ် တခုဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း တေးသီချင်းပေါင်း မြောက်များစွာဟာ လူထုကြားထဲမှာ ခေတ်အဆက်ဆက် စီးမျောသက်ဝင် ရှင်သန်နေခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ တေးသီချင်းပေါင်း မြောက်များစွာထဲက လူထုရဲ့ရင်မှာ သူ့အကြိုက် ကိုယ့်အကြိုက်အပေါ် မူတည်ပြီး စွဲထင်ကျန်ရစ်စေခဲ့တဲ့ တေးသီချင်းတွေနဲ့ တေးအယ်ဘမ်ပေါင်းမြောက်များစွာဟာလည်း ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သလို၊ အဲဒီလို တေးသီချင်းကောင်းတွေကို ဖန်တီးနေတဲ့ ဂီတအနုပညာရှင်တွေ ဟာလည်း ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လာနေတုန်းပဲ ဖြစ်ပါတယ်။
အဲဒီလို သူ့ခေတ် သူ့အခါအလိုက် ပေါ်ထွက်လာနေတဲ့ တေးအယ်လ်ဘမ်တွေထဲမှာ ၂၁ ရာစု ခေတ်ကာလရဲ့ ဂီတ ကြယ်တပွင့်ဖြစ်တဲ့ လင်းလင်းရဲ့ တတိယမြောက် တကိုယ်တော် အယ်လ်ဘမ် “သံမဏိ လိပ်ပြာ” ဟာ လင်းလင်းရဲ့ ဂီတ မှတ်တိုင် အတွက်သာမက လူထုရဲ့ နှလုံးသားမှာပါ စွဲထင်ကျန်ရစ်နေ စေခဲ့တဲ့ အယ်လ်ဘမ်တချပ် အဖြစ် ဒီကနေ့ ဂီတ လောကမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလို စွဲထင် ကျန်ရစ်စေခဲ့တဲ့ အကြောင်းကတော့ အဲဒီတေး အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းပုံစံတွေနဲ့ အကြောင်းအရာတွေဟာ ဒီကနေ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။
အဲဒီ “သံမဏိလိပ်ပြာ” အယ်လ်ဘမ်မှာ လင်းလင်းကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်း ၉ ပုဒ်နဲ့အတူ လင်းလင်းနဲ့ ဇဝါ အတူတွဲရေးထားတဲ့ သီချင်း ၁ ပုဒ် အပါအဝင် သီချင်းအသစ် ၁၀ ပုဒ် ပါဝင်ပြီး “နွေအိပ်မက်” သီချင်းကို Bonus Track အဖြစ် Version ပြောင်းကာ ပြန်လည် ထည့်သွင်းပေးထားပါသေးတယ်၊ Bonus Track သီချင်းအပါအဝင် အဲဒီ အယ်လ်ဘမ် ထဲက သီချင်း ၁၁ ပုဒ်စလုံးဟာ Music Style အားဖြင့် ထူးခြားတဲ့ သီချင်းကောင်း လေးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာ အားဖြင့်လည်း အားကောင်းတဲ့ စကားလုံးတွေ ပါဝင်တာကို တွေ့ရပါတယ်။
အဲဒီသီချင်း ၁၁ ပုဒ်ထဲမှာမှ Music Style ကော၊ စာသားအကြောင်းအရာပါ ထူးထူးခြားခြားနဲ့ စွဲမက်ဖွယ် ဖြစ်စေခဲ့တဲ့ သီချင်းကတော့ “အိပ်မက်ထဲက စစ်သားကြီး” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ အဲဒီ သီချင်းကိုမှ ဘာကြောင့် စွဲမက်ခဲ့ရသလဲ ဆိုတော့။
အယ်လ်ဘမ် တချပ်ရဲ့ အဖွင့်သီချင်းတွေဟာ အဲဒီ အယ်လ်ဘမ်ကို စနားထောင်မိတဲ့သူရဲ့ ရင်ကို ဖမ်းစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း နောက်က သီချင်းတွေကို ဆက်ပြီးနားထောင်ဖို့ ဆန္ဒရှိလာမှာ မဟုတ်လား။ ဒါကြောင့်လည်း လင်းလင်းက နားဆင်သူရဲ့ ရင်ကို သေချာပေါက် စွဲမက်နိုင်မယ့် “မော်ဒန်ကဗျာ” သီချင်းကို အယ်လ်ဘမ်ရဲ့ အဖွင့် သီချင်းအဖြစ် နေရာပေးခဲ့ပုံ ရပါတယ်။ ဒါကြောင့် အဲဒီအယ်လ်ဘမ်ကို ဆက်နားထောင်ဖြစ်တဲ့ အခါ ၄ ပုဒ်မြောက်ဖြစ်တဲ့ “အိပ်မက်ထဲက စစ်သားကြီး” သီချင်းကို ရောက်တဲ့နေရာမှာတော့ စစ်ပွဲတပွဲရဲ့ အနိဋ္ဌာရုံကို နိမိတ်ပုံပြုတဲ့ ပစ်သံ ခတ်သံတွေကို Sound Effect ပုံစံနဲ့ အစပြုထားပုံက အဲဒီသီချင်းအပေါ် နားဆင်ခံစားသူရဲ့ အာရုံကို ပထမဆုံး ဖမ်းစားလိုက်နိုင်တဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။
Sound Effect အပြီးမှာ Guitar, K.B, Drum, Instrument သုံးခုရဲ့ အချိတ်ဆက်မိလှတဲ့ Music Scale တွေနဲ့ Intro ကို အသက်သွင်းထားပုံကလည်း ထူးကဲတဲ့ သီချင်းပုံစံအဖြစ် ပေါ်လွင်စေခဲ့တဲ့ အကြောင်းတရပ် ဖြစ်ခဲ့ပါတယ်။
Intro အပြီးမှာ ပထမ Verse အပိုဒ်ကို ဝင်ဖို့ ကြားခံပေးသွားတဲ့ Piano Mood ပုံစံက Intro ရဲ့ Tempo ကို သေသပ်လှပစွာ လျှော့ချပေးနိုင်ခဲ့ပြီး Expression အားကောင်းတဲ့ လင်းလင်းရဲ့ Vocal High Tone နဲ့ စကားလုံး တွေကလည်း ဒီသီချင်း အပေါ်ပိုပြီး အာရုံရလာစေဖို့ စွဲဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အဲဒီသီချင်း တပုဒ်လုံးရဲ့ Chord Phrasing တည်ဆောက် ချိတ်ဆက်ပုံတွေ လှပနေတာကို သတိထားမိပြီး …။
“လူကို လူလူချင်းသတ်ဖို့ သူလေစစ်သားကြီး ဖြစ်ချင်တယ်”
“လူကို လူလူချင်းသတ်ဖို့ ပညာတွေသင်ကြားသလား မေးစရာပါ” ဆိုတဲ့ စကားလုံးတွေကလည်း နားဆင်ခံစားသူရဲ့ ရင်ကိုပိုပြီး ထိရှစေခဲ့ပါတယ်။
Verse အပိုဒ်တွေမှာ Backing အနေနဲ့နောက်က အားဖြည့်ပေးသွားတဲ့ Piano Mood ကလည်း သီချင်းကို ပိုမို သက်ဝင်လှပစေခဲ့ပြီး Chorus အပိုဒ်နဲ့ ချိတ်ဆက်ဖို့ သီချင်း Tempo ကို မြှင့်ပေးသွားတဲ့ စတိုင်လ်ကလည်း ဒီသီချင်းရဲ့ အားသာချက်တခု ပဲဖြစ်ပါတယ်။
Tempo မြင့်လာတဲ့ Chorus အပိုဒ်မှာ လင်းလင်းရဲ့ Expression ပါတဲ့ Vocal High Tone ကသီချင်း Tempo နဲ့ ဟာမို နီဖြစ်လှပြီး “တို့တွေပြေး လိုက် … တို့တွေရပ်လိုက် … ဗုံးခိုကျင်းထဲတို့တွေ ဝပ်လိုက် … တောတောင်ကြားထဲ သေနတ်ကို ထမ်းပြီး လမ်းလျှောက်တုန်းမှာ ရုတ်တရက် လန့်နိုးခဲ့ပါတယ် … အိပ်မက်ထဲက စစ်သားကြီးပါကွယ်” ဆိုတဲ့ စကားလုံး တွေကလည်း တောတောင်တွေ ကြားထဲက စစ်သားတယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို မြင်ယောင် ခံစားလာမိ စေပါတယ်။
ဒီသီချင်းအပေါ် အဓိက စွဲဆောင်နိုင်ခဲ့တဲ့ အချက်ကတော့ Chrous အပိုဒ်အပြီးမှာ Solo အနေနဲ့ ဖန်တီးပေးထားတဲ့ အားကောင်းလှတဲ့ K.B Solo နဲ့ San Win Aung ရဲ့ မှော်ပါတဲ့ Guitar Solo တွေ ကြောင့်ပဲဖြစ်ပါတယ်။
သီချင်းအများစုမှာ တွေ့ရလေ့ရှိတဲ့ ပုံစံအတိုင်း ဒီသီချင်းမှာလည်း Solo အပြီးမှာ တတိယ Verse အပိုဒ်ကိုရှေ့က Verse တွေရဲ့ Flow အတိုင်း ဖန်တီးထားပါတယ်။ ဒီသီချင်းမှာ စကားလုံးတွေ ဖောင်းပွနေသယောင် ထင်ရပေမယ့် ထိမိတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အကြောင်းအရာအားဖြင့် အားကောင်းမှုရှိတာကို တွေ့ရပါတယ်။
အထူးသဖြင့် တတိယ Verse အပိုဒ်ရဲ့ အဆုံးသတ်မှာ “လူကို လူလူချင်းသတ်တာ ဘယ်ဘာသာမှ အားမပေးပါဘူးကွယ်” ဆိုတဲ့ စကားလုံးတွေဟာ ယနေ့ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ လူအချင်းချင်း ကိုယ်ချင်းစာနာမှု ကင်းမဲ့စွာ နှိပ်စက်ကလူ ပြုနေမှုတွေနဲ့ လူအချင်းချင်း မတရား မညှာမတာ သတ်ဖြတ် နေမှုတွေအပေါ် သတိသံဝေဂ ရစေဖို့ မီးမောင်းထိုး ပြထားသလို ဖြစ်ခဲ့တာကြောင့် နားဆင်သူ ရင်ကို စူးစူးနင့်နင့်ဖြစ်စေခဲ့ပြီး ဒီသီချင်းအပေါ် ပိုမိုစွဲငြိစေခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသီချင်းရဲ့ စ၊ လယ်၊ ဆုံးတပုဒ်လုံးကို ခြုံငုံသုံးသပ်ရရင် သီချင်းရေးဖွဲ့မှု အတတ်ပညာ၊ စကားလုံး အကြောင်းအရာ၊ အဆိုပါးနပ်မှုနဲ့ ဖန်တီး တီးခတ်မှု Arrangement ပိုင်း စတဲ့ ကဏ္ဍလေးခုစလုံးက သူ့အနှစ်သာရနဲ့သူ အချိတ်အဆက် မိမိနဲ့ ပြီးပြည့်စုံနေတာမို့ ဒီအယ်လ်ဘမ်ရဲ့ သီချင်း တွေအားလုံးထဲမှာ “အိပ်မက်ထဲက စစ်သားကြီး” သီချင်းက နားဆင်သူ ပရိသတ်ရဲ့ရင်ကို ပိုပြီး စွဲစွဲထင်ထင် ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “အိပ်မက်ထဲက စစ်သားကြီး” သီချင်းဟာ ခေတ်အဆက်ဆက် ဂီတရေစီးကြောင်းထဲမှာ ထာဝရ သက်ဝင်လှုပ်ရှား စီးဆင်းနေလိမ့်ဦးမယ်လို့ ခံစားယုံကြည်မိပါတယ်။
ဒါ့အပြင် ဒီအယ်လ်ဘမ်ရဲ့ Title သီချင်းဖြစ်တဲ့ “သံမဏိလိပ်ပြာ” သီချင်းဟာလည်း အမေစု (ဒေါ် အောင်ဆန်းစုကြည်) ကို ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ Melody ရော၊ စာသားအကြောင်းအရာ ပိုင်းမှာ ဆန်းသစ်ထူးခြားတဲ့ သီချင်းကောင်းလေး တပုဒ်ဖြစ်သလို၊ “Dath of Mandalay” ကို Piano Only တီးခတ်ပြီး ထည့်သွင်းပေးထားတဲ့ စိတ်ကူးကလည်း ဒီအယ်လ်ဘမ်ကို တမူထူးခြား ဆန်းသစ်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ နားဆင်ခံစားသူရဲ့ရင်ကို ရသတမျိုး ပေးစွမ်းနိုင်ခဲ့ပြီး Piano လက်သံကလည်း စွဲမက်စရာ ဖြစ်ခဲ့ပါတယ်။
နောက်ထူးခြားချက်တခုက ဒီအယ်လ်ဘမ်ကို Dream Lover Brand နဲ့ တီးခတ်ထားပြီး Arrangement ပိုင်းကိုလည်း နာမည်ရ Brand ကြီး တခုလို သေသေသပ်သပ် တီးခတ် ပုံဖော်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအယ်လ်ဘမ်ထဲက တချို့ သီချင်းတွေဖြစ်တဲ့ “ရောင်နီ၊ တန်ဖိုးများနဲ့လူ၊ မော်ဒန်ကဗျာ၊ အချစ်ရဲ့ ဆုလဒ်၊ လူငယ်တမ်းချင်း” စတဲ့ သီချင်းတွေဟာလည်း ဒီအယ်လ်ဘမ်ရဲ့ ထူးခြားတဲ့ သီချင်းကောင်းလေးတွေ အဖြစ် ပါဝင်နေတာမို့ လင်းလင်းရဲ့ “သံမဏိလိပ်ပြာ” အယ်လ်ဘမ်ဟာ ဂီတချစ်သူများရဲ့ ဂီတစင်မြင့် တနေရာမှာ တခုတ်တရ သိမ်းဆည်း နားဆင်သင့်တဲ့ အယ်လ်ဘမ်တချပ် ဖြစ်ပါကြောင်း ညွှန်းဖွဲ့ဖော်ပြလိုက်ပါတယ်။
တစုံတရာ မှားယွင်းမှုရှိခဲ့ရင် ခွင့်လွှတ်နားလည် ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။