ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty ဝက်ဘ်ဆိုက်မှာ ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ Miss Universe အလှမယ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၆ ခုကနေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အလှမယ် ၅၈၅ ဦးထဲက အလှဆုံးမယ်ကို စိန်နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်မယ့်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါက နံပါတ်စဉ် ၆ ချိတ်ခဲ့ပါတယ်။ ဘယ်လာရုစ် နိုင်ငံမှာပြုလုပ်ခဲ့တဲ့ Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပြင် Missosology website ကနေပေးတဲ့ People Choice Award၊ Face of Miss Supranational 2013 နဲ့ ဘယ်လာရုစ် ဝက်ဘ်ဆိုက်က ပေးတဲ့ Most Beautiful Girl in the World ဆု ၄ ခု ပိုင်ဆိုင်ခဲ့သူ အလှမယ် ခင်ဝင့်ဝါကို အဲဒီဆု ရတဲ့အကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဧရာဝတီက မေးမြန်းထားပါတယ်။
မေး။ ။ The Idea Beauty ကရွေးချယ်တဲ့ အလှမယ်စာရင်းထဲမှာ ခင်ဝင့်ဝါက ကမ္ဘာ့အလှဆုံး ၆ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ အတွက် ခံစားချက် ပြောပြပေးပါ။
ဖြေ။ ။ အတိုင်းမသိဝမ်းသာမိတယ်။ အစက ရွေးခဲ့တာ ခြောက်ယောက် အထိ ပါမယ်လို့ကို မထင်ခဲ့ပါဘူး။ အဲဒီကပေးတဲ့ ဆုကို လိုချင်ပေမယ့် မမျှော်မှန်းရဲဘူး။ တခြားနိုင်ငံက မယ်ရသွားပေမယ့် ကိုယ်က ခြောက်ယောက်ထဲမှာ ပါလို့ကို ကျေနပ် နေမိပါတယ်။ ညီမအတွက်လည်း အမှတ်တရ တခုလို ထင်ကျန်ခဲ့ပါတယ်။
မေး။ ။ ဘာကြောင့် အဲဒီ အဆင့်အထိ ဝင်သွားတယ်လို့ ထင်သလဲ။
ဖြေ။ ။ ဒိုင်တွေက သူတို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ပြီး ရွေးတယ်။ ပရိသတ်တွေ ကလည်း အရမ်းအားပေးလို့ ပါသွားတယ် ထင်ပါတယ်။
မေး။ ။ အလှမယ်တယောက်မှာ ဘယ်လို အချက်တွေက အဓိက လိုအပ်တယ်ထင်သလဲ။
ဖြေ။ ။ အလှမယ်ဆိုတာက မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်တဲ့အတွက် သူများ နိုင်ငံတွေနဲ့ ယှဉ်ရင် ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာတွေ အားလုံးကို နှံ့စပ်အောင် သိရမယ်၊ ပြီးတော့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ် အချိုးအစားပေါ့။ အဲဒီ သုံးမျိုးကတော့ အဓိက လိုအပ်တာပေါ့နော်။
မေး။ ။ စိတ်ဓာတ်ကို ဘယ်လိုပုံစံမျိုး မွေးမြူရမယ် ထင်လဲ။
ဖြေ။ ။ ညီမကတော့ ကိုယ့်စိတ်ဓာတ်ကို အခိုင်မာဆုံး ထားတယ်။ ကိုယ်လုပ်တဲ့ အရာကို အကောင်းဆုံး ဖြစ်အောင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် စိတ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ဘယ်ကိစ္စကို မဆို
အတိုက်အခိုက်တော့ ရှိတာပဲ။ ဒါပေမယ့် ညီမကတော့ စိတ်ဓာတ် ကျမသွားအောင် အကောင်းဆုံး ပြင်ဆင်ပါတယ်။
မေး။ ။ နောက်ထပ် မြန်မာနိုင်ငံ ကိုယ်စားပြု သွားမယ့်သူတွေကို ခင်ဝင့်ဝါအနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။ ဘာတွေကို
ပြင်ဆင် သွားစေချင်သလဲ။
ဖြေ။ ။ ညီမတို့ သွားပြိုင်တဲ့ အချိန်တုန်းက အရမ်းကို ခတ်ခဲခဲ့ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံက ပွင့်လင်းလာပြီ ဆိုတော့ ပွဲတွေအများကြီး လုပ်လာပြီး အားပေးတဲ့ သူတွေ အများကြီးရှိလာတော့ အရမ်းလည်း ကောင်းပါတယ်။အဓိက ကတော့ စိတ်ဓာတ်ကို ပြုပြင်ပြီးသွားပါ လို့။ ဘာလို့လဲဆိုတော့ အားပေးတဲ့သူ ရှိသလို ကဲ့ရဲ့တဲ့ သူလည်း ရှိတယ်လေ။
ဘယ်လို အခက်အခဲပဲ ကြုံပါစေ ကိုယ်ယှဉ်ပြိုင်မယ့် အရာကို အောင်မြင်အောင် ယှဉ်ပြိုင်ပါလို့ ပြောချင်ပါတယ်။
မေး။ ။ အလှမယ် အဖြစ် တခြားနိုင်ငံကို သွားတဲ့အခါမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့ ပုံစံက ဘယ်လိုပုံစံမျိုး ကြုံရလဲ။
ဖြေ။ ။ အားလုံးက အတူတူပဲ။ သူတို့နိုင်ငံတွေမှာ ခွဲခြား ဆက်ဆံတာမျိုးတွေ မရှိဘူး။ ဘယ်သူ့ဘယ်သူကို အသားပေးတာ မျိုးလည်း မရှိဘူး။ အဓိကကတော့ ကြိုးစားရင် ကြိုးစားသလို နေရာပေး ခံရတယ်။ အရည်အချင်း ပေါ်မူတည်ပြီး ကြည့်တယ်။
ညီမတို့ သွားရောက်တဲ့ အခါမှာလည်း အကုန်လုံးကို တန်းတူဆက်ဆံပြီး ကောင်းကောင်းမွန်မွန် ပြုစုပါတယ်။
မေး။ ။ လက်ရှိ ညီမနဲ့ အရွယ်တူ အမျိုးသမီးတွေ အပေါ်ကိုရော ဘယ်လိုမြင်သလဲ။
ဖြေ။ ။ အခုခေတ် အမျိုးသမီးတွေ အကုန်လုံးကတော့ အသက်အရွယ် အားဖြင့် ၁၃ နှစ်ကျော်လေးနဲ့တင် အရမ်းကို တော်ကြပါတယ်။ အကုန်လုံးကလည်း သွက်လက်ကြတာ တွေ့ရတယ်။
မေး။ ။ သူတို့ကိုရော ဘယ်လိုမျိုးတွေ ဖြစ်စေချင်သလဲ။
ဖြေ။ ။ ကိုယ်ဖြစ်စေချင်သလို ဖြစ်တာမဟုတ်တဲ့ အတွက် အားလုံးကို ပြောချင်တာက ညီမတို့က ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့အတွက် ယဉ်ကျေးမှုကို အဓိက ထိန်းသိမ်းစေချင်တယ်။ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုပေါများတဲ့
နိုင်ငံလည်း ဖြစ်တဲ့အတွက် ကိုယ်နိုင်ငံ ယဉ်ကျေးမှုကို အဓိက ဖော်ပြစေချင်တယ်။ အပြောအဆို အနေအထိုင်တွေကို
အဓိကထားပြီး ထိန်းသိမ်းသင့်တယ်လို့ ညီမ ထင်တယ်။
မေး။ ။ ညီမ အခုလုပ်လုပ်နေတဲ့ နေရာနဲ့ ဖြတ်သန်းနေတဲ့ ကာလတလျှောက်မှာ အမျိုးသမီးအမျိုးသား ခွဲခြား ဆက်ဆံ ခံရတာမျိုး တွေ့ဖူးလား။
ဖြေ။ ။ ကိုယ်တိုင်ကတော့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ မကြုံဖူးပေမယ့် အမျိုးသမီးအမျိုးသား ခွဲခြားတာမျိုးတော့ တွေ့ဖူးတယ်။ ညီမတို့နိုင်ငံမှာ ဟိုအရင်ကတည်းက ယောက်ျားလေးတွေကို အသားပေးတဲ့ နိုင်ငံဖြစ်တော့ ကျောင်းတက် ကတည်းက ခွဲခြားခံရတွေ ရှိခဲ့တယ်။ ညီမကတော့ ခွဲခြားပြီး မမြင်စေချင်ဘူး။ တော်ရင်တော်သလို အသားပေးတာမျိုးပဲ ဖြစ်စေချင်တယ်။
မေး။ ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ရဖို့အတွက် ဘယ်လိုစကားမျိုး ပြောချင်သလဲ။
ဖြေ။ ။ အလုပ်ခွင်တို့ ဘာတို့မှာ နှိမ့်ချတာမျိုးတော့ မဖြစ်သင့်ပါဘူးလို့။ ၂၁ ရာစုမှာ မိန်းကလေးနဲ့ ယောက်ျားလေးက
ရင်ဘောင်တန်း နေတဲ့ခေတ်လေ။ ဘယ်လိုပဲပြောပြော ခွဲခြားဆက်ဆံတာမျိုးတော့ မရှိသင့်ဘူးလို့ ညီမထင်တယ်။
မေး။ ။ လတ်တလော လူမှုရေး လုပ်ရှားမှုလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။
ဖြေ။ ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အစားအသောက်တွေ သွားလှူ ဖြစ်ခဲ့တယ်။ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ၃ နှစ်ပြည့် နေ့မှာတော့ သွားကူညီဖြစ်ခဲ့ပါတယ်။ ဒီလထဲမှာတော့ မအားသေးဘူး။ အားတဲ့ရက်တွေမှာတော့ သွားလုပ်ဖြစ်နေမှာပါ။ ဘယ်နေရာမှာ သွားလုပ်ဖြစ်မယ်တော့ မသိသေးပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လူမှုရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ပြီးလုပ်ဖို့ ဝါသနာပါတယ်။ အခုအချိန်က ညီမ အသက်ကလည်း ငယ်သေးတော့လေ၊ တကယ်လုပ်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားကျရင် ဦးဆောင်ပြီး လုပ်သွားမှာပါ။
မေး။ ။ လက်ရှိ အနုပညာနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ။ ။ အခု ကိုကောင်းပြည့်နဲ့ ဗီဒီယိုရိုက်ဖြစ်တယ်။ ၂၀ ရက်နေ့ကျရင် ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မင်းသား ကိုစိုးရန်အောင်နဲ့
ရုပ်ရှင်ကား ရိုက်ဖို့ရှိပါတယ်။ ကား နာမည်ကတော့ မသိသေးပါဘူး။ ဇာတ်လမ်းပဲ သိရသေးတယ်။
မေး။ ။ ရုပ်ရှင်ကား ရိုက်မယ်ဆိုတော့ ဒါက ခင်ဝင့်ဝါအတွက် ပထမဆုံးပဲနော်။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ဟုတ်တယ် ပထမဆုံးကားပါပဲ။ အဲဒီကားမှာက ညီမက လူကြီးတွေ သဘောတူထားတဲ့ သူပဲပေါ့။ အဲဒီအထဲမှာ အလွမ်း ဇာတ်လေးဘက် ကူးတော့ သိပ်ပြီး မပေါ့ပါးပါဘူး။ ပန်ချီဦးစိုးမိုးကလည်း သင်ကြားပေးတဲ့အပြင်၊ ညီမလည်း
ရုပ်ရှင်ကားတွေ ပြန်ကြည့်ဖြစ်နေတယ်။ အမှားအယွင်း မဖြစ်အောင် သေသေချာချာတော့ လေ့လာဖြစ်ပါတယ်။ ညီမအနေနဲ့ က ဒါ ပထမဆုံးဆိုတော့ စောင့်ကြည့်နေတဲ့ သူတွေရှိလို့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်လေး ဖြစ်မိပါတယ်။ ညီမက ဗီဒီယို ကားရိုက်တာလည်း သိပ်မရှိသေးဘူးလေ။ အခုမှ လေးကားပဲ ရိုက်ရသေးတယ်။ အစိမ်းသက်သက်ကြီး ဒီ အနုပညာ လောကထဲ ဝင်ရတာဆိုတော့ ညီမအတွက် လိုအပ်ချက်တွေ အရမ်းများတယ်။ အဲဒါကြောင့် အကောင်းဆုံးတော့
လေ့လာနေပါတယ်။
မေး။ ။ ပရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။
ဖြေ။ ။ ခင်ဝင့်ဝါဆိုတာ ပရိသတ်ကြောင့် ဖြစ်လာတာပါ။ ပရိသတ်က ဝေဖန်အကြံပေးကြပါ။ ညီမကလည်း အမြဲကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။