မော်ဒယ်လ်သရုပ်ဆောင် ခင်သဇင်က အိမ်ထောင်ပြုခဲ့ပြီးနောက် အနုပညာ အလုပ်တွေလုပ်ဖြစ်မယ် မထင်တော့ပါဘူးလို့ ဆိုခဲ့ပေမယ့် အခုတော့ ခင်ပွန်းဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်တော့မယ်လို့ ဧရာဝတီကို ပြောလာပါတယ်။
ခင်သဇင်ဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုး … အိုး … ဟော့တယ်” သီချင်းနဲ့ လူသိများလာခဲ့ပြီး ကြော်ငြာများစွာအပြင်၊ ဒါရိုက်တာ ဇေပါ ရိုက်ကူးပြီး သရုပ်ဆောင်ခန့်စည်သူ၊ မိုးဟေကိုတို့ ပါဝင်တဲ့ သစ္စာရှင်းတမ်း အမည်ရ ဗီဒီယိုဇာတ်ကားနဲ့ တခြား ဇာတ်ကားတွေ ရိုက်ကူးနေစဉ်မှာ ချစ်သူ ဒေါက်တာ ထူးခြားအောင်နဲ့ အိမ်ထောင်တခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် အနုပညာအလုပ်တွေ ရပ်နားထားရာက အခုချိန်မှာတော့ ခင်ပွန်းသည်ရဲ့ ခွင့်ပြုချက်ရပြီး အနုပညာ အလုပ်တွေကို ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။
သူက အနုပညာအလုပ်ကို အရင်ကတည်းက ဝါသနာပါခဲ့တာ မဟုတ်ဘဲ၊ အနုပညာ လောကထဲက လူ တော်တော်များများ နဲ့တော့ ခင်မင်ခဲ့ကြောင်း၊ အဲဒီမှာ စိုင်းစိုင်းခမ်းလှိုင်က ဘဝမှာ အမှတ်တရလေး တခုဖြစ်အောင် လုပ်ကြည့်ပါလားလို့ ပြောရာကနေ သူ့သီချင်းဗီစီဒီမှာ ဝင်ရိုက်ဖြစ်ခဲ့ပြီး အဲဒီကနေမှ ကြော်ငြာတွေ၊ ဓာတ်ပုံတွေ ရိုက်လာရတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီလို အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့မှ အနုပညာကို ဝါသနာပါလာတာပါလို့ သူကဆိုပါတယ်။
ခင်သဇင်ဟာ အနုပညာ အလုပ်တွေလုပ်ရင်း အရှိန်ရစပြုချိန်မှာ သူ့ချစ်သူ ဒေါက်တာထူးခြားအောင်နဲ့ အိမ်ထောင်ပြုခဲ့တာပါ။
“ဇင်နဲ့သူက ချစ်သူဖြစ်တာလည်း အချိန်ကာလ တခုရှိနေပြီ၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်လည်း ရောက်နေပြီဆိုတော့ အိမ်ထောင်တခုကို ထူထောင်လိုက်တဲ့ သဘောပါ။ သူကလည်း ဇင့်အပေါ် အရမ်းဂရုစိုက်ပါတယ်။ ဇင်ကလည်း အိမ်ထောင်ရှင်မ တယောက် ဖြစ်လာပြီ၊ အိမ်ထောင်မှုကို ထိန်းသိမ်းရမယ် ဆိုတော့ အနုပညာအလုပ်နဲ့ ဝေးကွာသွားပြီး မလုပ်ဖြစ်တော့တာပါ” လို့ ခင်သဇင်က ဟြေပါတယ်။
အခုတော့ သူ့ခင်ပွန်းသည်ရဲ့ ခွင့်ပြုချက်ကို ပြန်ရပြီး အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့။
“ဇင့်ရဲ့ မသိစိတ်ထဲမှာ အနုပညာကို ချစ်တဲ့စိတ်လေး ရှိနေတယ်လို့ ထင်ပါတယ်။ အခုလည်း ဇင် အနုပညာ အလုပ်ပြန်လုပ်ဖို့ ဇင့် ခင်ပွန်းနဲ့ အတိုက်အခံလုပ်၊ သူ့ကို စိတ်ဆိုးစိတ်ကောက် လုပ်ပြီး ခွင့်ပြုချက် ရယူခဲ့ရတာပါ။ အနုပညာ လောကထဲက
အစ်ကိုဖြစ်တဲ့ ကိုခန့် (ခန့်စည်သူ) ကလည်း အနုပညာအလုပ်တွေ ပြန်လုပ်ပါလို့ အားပေးတယ်။ စာနယ်ဇင်းထဲက ခင်တဲ့ အစ်ကိုတွေကလည်း ကိုယ့်မှာ ပရိသတ် ရှိနေပြီဖြစ်တဲ့အတွက် ပြန်လုပ်ပါလို့ အားပေးကြတယ်။ နောက်ပြီး ဇင်ကိုယ်တိုင် ကလည်း အနုပညာ အလုပ်ကို ချစ်လာတာလည်း ပါပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာပါ။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ဇင်လိုချင်ပါတယ်” လို့ ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။