SFU

“အောင်ပဒင် အင်ပဒေါင်း” ဇာတ်ကား ကယန်း တိုင်းရင်းသားတွေ အတွက် ဗီလိန်ဖြစ်သွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကယန်း တိုင်းရင်းသားတွေ တန်ဖိုးထားတဲ့ ရိုးရာဓလေ့တွေကို ဟာသအဖြစ် ရိုက်ကူးထားတဲ့ “အောင်ပဒင်အင်ပဒေါင်း” ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ကြည့်လိုက်ရတဲ့ ကယန်းတိုင်းရင်းသူ၊ တိုင်းရင်းသား တွေအကြား အတော်လေးကို မကျေမနပ် ဖြစ်ကုန် ပြီး ပွက်လောရိုက်သွားခဲ့တယ်လို့ သိရပါတယ်။

Lavender ဗီဒီယို ထုတ်လုပ်ရေးက ဖြန့်ချိလိုက်တဲ့ “အောင်ပဒင် အင်ပဒေါင်း”ဇာတ်ကားထဲမှာ ကယန်းတိုင်းရင်းသားတွေ တန်ဖိုးထားတဲ့ သူတို့ရဲ့ ရိုးရာဓလေ့တွေကို ဟာသအဖြစ် သရုပ်ဖော်ကွက် တွေ အပြင်၊ ရိုင်းပြတဲ့ ကိုယ်၊ နှုတ် အမူရာတွေနဲ့ တင်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ကယန်း တိုင်းရင်းသားတွေက ဒီဇာတ်ကားကို နာကျည်းခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကြည့်ခဲ့တဲ့ လွိုင်ကော်မြို့ခံ ကယန်းလူငယ်တဦးက “ဇာတ်ဝင်ခန်းတခုမှာ တိရစ္ဆာန် ရုံ စောင့်တဲ့လူက ကြေးကွင်းပတ် ကယန်းဝတ်စုံဝတ် ထားတဲ့ ကိုကင်းကောင်ကိုတွေ့တော့ ဒီပဒေါင်ကို တိရစ္ဆာန်ရုံမှာ လူဝင်အောင် ပြစားရင် ကောင်းမယ် လို့ ပြောတယ်။ နောက်ပြီး ဦးဇော်ဦးကကြေးကွင်းပတ် ထားတဲ့ ကင်းကောင်ကို သစ်ကုလားအုပ်ကို လှမ်း ပြောခိုင်းတယ်။ “နင်နဲ့ ငါကဘဝတူ” ဆိုပြီးတော့ပေါ့။ ဒါတွေဟာ ကျနော့်ရင်ထဲမှာ ကျင်ခနဲနေအောင် ခံစားလိုက်ရတယ်။ ကျနော်တို့ကို တိရစ္ဆာန်နဲ့ နှိုင်း တာနဲ့အတူတူပဲ” လို့ သူ့ခံစားချက်ကို ရှင်းပြပါတယ်။

“အောင်ပဒင် အင်ပဒေါင်း” ဟာသ ဗီဒီယို ဇာတ်ကားကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူး တင်ဆက်ခဲ့တာ ဖြစ်ပြီး ဝတ္ထုဟော့လိုင်းနဲ့ ဇာတ်ညွှန်း ဆုဩချယ်တို့ ဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ဖြန့်ချိခဲ့တာပါ။ သရုပ်ဆောင်တွေ ကတော့ နေတိုး၊ သက်မွန်မြင့်၊ ဇော်ဦး၊ ဗေလုဝနဲ့ ကင်းကောင်းတို့ အဓိက ပါဝင် တာကို တွေ့ရပါတယ်။

ဒီဇာတ်ကားမှာ ကြေးကွင်းစွပ် ကယန်းပုံကို ပန်းချီရေးဆွဲလိုတဲ့ ဖခင်ဖြစ်သူ (ဇော်ဦး) အနေနဲ့ ကျန်းမာရေးအရ ကိုယ်တိုင် မသွားနိုင်ဘဲ ဖြစ်နေပါ တယ်။ ဖခင်ဖြစ်သူအတွက် ကြေးကွင်းစွပ် ကယန်း တွေကို ရန်ကုန်ကို ခေါ်လာပေးမယ်ဆိုတဲ့ ကတိနဲ့ ဖခင်ပေးလိုက်တဲ့ လမ်းစရိတ် ကျပ် သိန်း ၂၀ ယူပြီး သားဖြစ်သူ (နေတိုး) က ရှမ်းပြည်ကို တက်သွားခဲ့ပါ တယ်။

ရှမ်းပြည်အရောက်မှာတော့ ရှမ်းမလေး (သက် မွန်မြင့်) နဲ့ မေတ္တာမျှကြပြီး ပါလာတဲ့ ကျပ် သိန်း ၂၀ နဲ့ တင်တောင်း လိုက်ရတဲ့အတွက် ကြေးကွင်းစွပ် ကယန်းတွေကို ရှာဖွေခေါ်ယူနိုင်ဖို့ အခက်ကြုံခဲ့ရပါ တယ်။ ဒါကိုဖြေရှင်းဖို့ သက်မွန်မြင့်နဲ့ ဆွေမျိုးတော်စပ်သူ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ (ဗေလုဝနဲ့ ကင်းကောင်) တို့ကို ကြေးကွင်းပတ် ကယန်းဝတ်စုံတွေ ဝတ်ပေးပြီး အတုအယောင်လုပ်ကာ ရန်ကုန်ကို ခေါ်လာခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ကြေးကွင်းပတ် ကယန်း တွေကို ပဒေါင်လို့ ခေါ်ဝေါ် သုံးနှုန်းထားတာကို တွေ့ရပါတယ်။ ဖခင်မှာလိုက်တဲ့ ကြေးကွင်းစွပ် ကယန်းတွေကို မခေါ်နိုင်ခဲ့ဘဲ တခြားလူကို ကယန်း အတုယောင်လုပ်ပြီး ခေါ်လာခဲ့တဲ့ အတွက် “အင်ထု တယ်” ဆိုတဲ့ ပုံစံနဲ့ “အောင်ပဒင် အင်ပဒေါင်း” လို့ ဇာတ်ကားအမည် ပေးထားတာကိုလည်း တွေ့ရပါ တယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကယန်း တိုင်းရင်း သားတွေ၊ နိုင်ငံရေးပါတီနဲ့ လူထုအခြေပြုအဖွဲ့အစည်း တွေရဲ့ ပြောပြချက်အရ “အောင်ပဒင် အင်ပဒေါင်း”ဆိုတဲ့ ဇာတ်ကား အမည်ကိုက သရော်ထားသလို ဖြစ်ကြောင်းနဲ့ ကယန်းဝတ်စုံနဲ့ ကြေးကွင်းပတ် ထား တဲ့ ဗေလုဝနဲ့ ကင်းကောင်တို့ကို တွေ့လိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ လူမျိုးတွေဖြစ်ဟန်နဲ့ လန့် ဖြန့်သွားတဲ့ သရုပ်ဆောင်ချက်တွေက သူတို့လူမျိုး ကို စော်ကားသလို ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် တိရစ္ဆာန်ရုံက သစ်ကုလားအုပ်နဲ့ ခိုင်း နှိုင်းယှဉ်ပြတာ၊ လည်ပင်းမှာ ပတ်ထားတဲ့ ကြေးကွင်း ကို တိုက်ချွတ်တာကို “ကွင်းတိုက်တယ်” ဆိုပြီး မလျှော်ကန်တဲ့ အသုံးအနှုန်းတွေ သုံးတာ၊ ကြေးပတ် မယ်ကို ဓာတ်ပုံရိုက်ဖို့ ပုလွေရှာတဲ့အခါ ဇော်ဦးက ဘောင်းဘီဇစ်ကို ဆွဲဖြုတ်ပြတဲ့ဟန် လုပ်ပြတာနဲ့တခြား ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ ပြောဆိုတာ၊ စတဲ့ စိတ်ပျက်စရာ သရုပ်ဆောင်မှုတွေဟာ ဇာတ်ကား ရဲ့ စ၊ လယ်၊ ဆုံး ကယန်း တိုင်းရင်းသားတွေ အတွက် စိတ်ထိခိုက်၊စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောဆိုကြပါတယ်။

“ဇာတ်လမ်းနောက်ပိုင်း အခန်းမှာဆိုရင် ကြေး ပတ်မယ်အဖြစ် သရုပ်ဆောင်တဲ့ဗေလုဝက ကြေးကွင်း ပတ်ကြီးနဲ့ ခန္ဓာကိုယ်မှာ အဝတ်အစားမပါဘူး။ အဲဒီ ပုံနဲ့ အမျိုးသမီးတယောက်ကို တက်ခွပြီး အတင်းဖက်တယ်။ ဒါဟာ ကယန်းယဉ်ကျေးမှု ဓလေ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဗျ” လို့ ကယန်းအမျိုးသား ပါတီ ပြောရေးဆိုခွင့်ရှိသူ ခွန်ကလီးမန့်က ပြောပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကယန်းလူငယ်တွေ က တော်တော်လေးကို ဒေါသထွက်နေကြတုန်းပါ။ အဲဒီအတွက် ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ကြဖို့အထိ ညှိနှိုင်းခဲ့ကြတယ်လို့ ကယန်းလူငယ် အဖွဲ့တွေရဲ့ ပြောဆိုချက်အရ သိခဲ့ရပါတယ်။

နောက်ပိုင်းမှာ ကယန်း စာပေယဉ်ကျေးမှု အဖွဲ့၊ ကယန်း အမျိုးသားပါတီ၊ ကယန်း အမျိုးသမီး အစည်းအရုံး၊ ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) တို့ အပါအဝင် ဒေသခံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး “အောင်ပဒင် အင်ပဒေါင်း” နဲ့ ပတ်သက် လို့ ဖြေရှင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ အစိုးရ သက်ဆိုင်ရာဌာနတွေကို စာတင်ခဲ့ကြပြီးတဲ့နောက် နှစ်ဘက်ပြေလည်မှုတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရိုးရာဓလေ့နဲ့ ကျနော်တို့လူမျိုးကို ထိခိုက်မှု တွေနဲ့ ပတ်သက်ပြီး စာတင်တာကို အစပိုင်းမှာ Lavender ရုပ်ရှင် ထုတ်လုပ်ရေးက မထီမဲ့မြင် ပြောသေးတယ်ဗျ။ ကျနော်တို့ကလည်း ပြဿနာကို မကြီးထွားစေချင်လို့ နောက်တခေါက် စာထပ်တင်မှ ရုပ်ရှင်အစည်းအရုံးဘက်က တာဝန်ရှိသူတွေ လာတောင်းပန်လို့ ကျနော်တို့ရိုးရာအရ ကျေအေး လိုက်တာပါ” လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးယူဂျင်းက ရှင်းပြပါတယ်။

“အောင်ပဒင် အင်ပဒေါင်း” ဇာတ်ကားနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကိုယ် စားလှယ်တွေဖြစ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုကွပ်ကဲရေးမှူးအဖွဲ့ အတွင်းရေးမှူး ဦးမောင် မောင်ဦး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယို ကွပ်ကဲရေးမှူးအဖွဲ့ဝင် ဦးတင်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအကြံပေးအဖွဲ့ ဦးစိုးသန်း၊ မြို့နယ်ဗီဒီယိုအခြေခံ အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးယူဂျင်း၊ ပြည်နယ် လွတ်တော်အမတ် ဦးဖရန်စစ္စကိုတို့ ဖယ်ခုံမြို့ ညောင်ကုန်း ၃ ရပ်ကွက်က ကယန်းအမျိုးသားပါတီ ဗဟိုရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ကိုယ်စားလှယ်တွေက ကယန်းမျိုးနွယ်စု ၄ စုရဲ့ ရိုးရာဓလေ့အရ သက်ကြီးကယန်း တချို့ကို ချည်မျှင်စွပ်ပြီး တောင်းပန်ခဲ့သလို၊ “အောင်ပဒင် အင်ပဒေါင်း” ဇာတ်ကားရဲ့ အမှားတွေကို ကယန်း ရိုးရာဓလေ့အရ တောင်းပန်ခြင်းနဲ့ ကျေအေးခဲ့ကြ တယ်လို့ ဆိုပါတယ်။

ကယန်းလူထုကို ပြန်လည်ဆေးကြော တောင်းပန်ဖို့အတွက် ကယန်းမျိုးနွယ်စု ၄ စုဖြစ်တဲ့ ကယန်း လဟွီ (ကယန်း ပဒေါင်)၊ ကယန်း လထာ (ဇယိမ်)၊ ကယန်းကငန် (ယင်းဘော်)၊ ကယန်းဂေခို ကယန်း ဂေဘား (တောင်ပေါ်ကရင်) တို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ တသားကျပြီး နွားမတကောင် (ကျပ် ၃၂၇၀ဝဝ)၊ ကျပ် ၁၂၀ဝ၀ တန် ဒင်္ဂါး ၄ ပြား၊ ကြက်မ ၄ ကောင် တို့နဲ့ ကြေအေးလိုက်ကြပါတယ်။

ကြက်လေးကောင်ကိုတော့ တောင်းပန်ပွဲမှာ ချက်ပြုတ် စားသောက်လိုက်ကြပြီး နွားကိုတော့ လာမယ့် ၂၀၁၄ ဧပြီ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကယန်းအမျိုးသားနေ့မှာ အမဲသား ဆန်ပြုတ်အဖြစ် ပြုလုပ်ကာ မျိုးနွယ်စု ၄ စုက ကြေအေးပွဲအဖြစ် စားသောက်ကြမှာဖြစ်ပြီး “အောင်ပဒင် အင်ပဒေါင်း” ဇာတ်ကားမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာ ကယန်းမျိုးနွယ်စုတွေကို တောင်းပန်ထားသလို ဒီဇာတ်ကားမှာ ပါဝင် ပတ်သက် သူတွေရဲ့ တောင်းပန်ကြောင်း လက်မှတ် ရေးထိုးထားမှုတွေကိုလည်း ရရှိထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းကလည်း ရှင်းပြပါတယ်။

“ဒီဖြစ်စဉ်တွေအပေါ် သင်ခန်းစာယူပြီး သတိ ထားကြဖို့ ရုပ်ရှင်လောကသားတွေ အားလုံးကို ကျနော်တို့ကတော့ တင်ပြ ထားပါတယ်။ အခု ဆင် ဆာကလည်း အတိုင်းအတာတခုအထိ လွတ်လပ်မှု ရလာပြီးတဲ့နောက်ပိုင်းမှာ ကိုယ်တိုင်တာဝန်ယူမှု ဆို တဲ့အခန်းကဏ္ဍက ပိုပြီးအရေးပါလာတယ်လို့ မြင်ပါတယ်” လို့ ဦးလူမင်းက ပြောပါတယ်။

ကြေးပတ်ကယန်းမယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဦးဗေလုဝကတော့ ဒီဇာတ်ကားကိုရိုက်ကူးဖို့ လက်ခံ ခဲ့တဲ့အချိန်မှာ ဒိုင်ယာလော့တွေကို ကြိုတင်ဖတ်ရှု ထားခြင်းမရှိခဲ့သလို ကယန်းလူမျိုးတွေကို လှောင်ပြောင် ရှုတ်ချလိုတဲ့ စိတ်မရှိခဲ့ဘဲ သဘောရိုးနဲ့သာ သရုပ် ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ထိခိုက်မှုတွေ ဖြစ်သွားတဲ့အတွက် ကယန်းတိုင်းရင်းသားတွေ အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ကတော့ သဘောရိုးရိုးနဲ့ သရုပ် ဆောင်ခဲ့တာပါ။ သူတို့ရိုးရာဓလေ့တွေကို ထိပါး သွားတယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်” လို့ ဦးဗေလုဝက ဆိုပါတယ်။

“အောင်ပဒင် အင်ပဒေါင်း” ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တဦးဖြစ်တဲ့ မင်းသားနေတိုး ကတော့ ဒီဇာတ်ကားကြောင့် ကယန်းလူမျိုးတွေ စိတ်မကောင်းဖြစ်ရပြီး ကယန်းတို့ရဲ့ ရိုးရာဓလေ့တွေ ကိုပါ ထိခိုက်မှုတွေ ဖြစ်သွားတယ်ဆိုတာကို ကြား သိရတော့ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း သူတို့အနေ နဲ့ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်း ပေါ်ပြူလာဂျာနယ်ရဲ့ မေးမြန်းမှုကို ဖြေကြားထားတာ တွေ့ရပါတယ်။

ကယန်းရိုးရာ ကြေးကွင်းပတ်ဝတ်စုံတွေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ “ကယန်း အလှ” ဇာတ်ကားနဲ့ Lavender ဗီဒီယို ထုတ်လုပ်ရေးက ဖြန့်ချိလိုက်တဲ့ “အောင်ပဒင် အင်ပဒေါင်း” ဟာသ ဗီဒီယိုဇာတ်ကား နှစ်ကားဟာ ကယားပြည်နယ်မှာရှိတဲ့ ကယန်းတွေကြားမှာ ဟိုး လေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်ရဲ့ “ကယန်း အလှ” ဇာတ်ကားကိုတော့ သူတို့ရဲ့ ရိုးရာဓလေ့ကို ဖော်ကျူး ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ကယား ပြည်နယ်ထဲမှာရှိတဲ့ အိမ်တော်တော်များများနဲ့ စား သောက်ဆိုင်၊ ဈေးဆိုင်နဲ့ လက်ဘက်ရည်ဆိုင်တွေ မှာ ပိုစတာတွေ ချိတ်ဆွဲထားကြပါတယ်။ “အောင်ပ ဒင် အင်ပဒေါင်း” ဇာတ်ကားကတော့ သူတို့ ရိုးရာ ဓလေ့နဲ့ စရိုက်တွေကို ထိခိုက်တယ်ဆိုပြီး ကြည့်ရှုကြတာ ဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်ရဲ့ “ကယန်း အလှ” ဇာတ်ကားကတော့ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ မလေး ရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ ဆုဆွတ်ခူးခဲ့ပြီး မကြာခင်က ကျင်းပပြု လုပ်တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် အကယ်ဒမီဆု ပေးပွဲမှာလည်း အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုတွေ ထဲက ရုပ်ရှင်အသံဆုနဲ့ ဓာတ်ပုံဆုတွေ ဆွတ်ခူးနိုင်ခဲ့ သလို ကယန်းတိုင်းရင်းသားတွေ ရင်ဘတ်ထဲကပေး တဲ့ ဆုတွေလည်း မလွဲမသွေရသွားမှာပါ။

“အောင်ပဒင် အင်ပဒေါင်း” ဗီဒီယိုဇာတ်ကားက တော့ ရိုးရာဓလေ့အရ ကြေအေးမှုတွေ ရခဲ့ပေမယ့်လည်း ကယန်းတိုင်းရင်းသူ၊ တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ သူတို့အတွက် ဗီလိန်ဇာတ်ကားတကား အဖြစ် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading