SFU

အဝိဇ္ဇာ ပိတ်ကာဆို့ မိစ္ဆာမြို့ ပြင်ပြင်

This article has been converted from Zawgyi One to Unicode

ညနေ့ခင်းသည် ဆူညံပွက်လျှံလျက်ရှိဆဲပင် ဖြစ်သည်။ ကျယ်လောင်စူးဝါးသော အသံဗလံပေါင်းစုံတို့ လမ်းမ များပေါ် ဖိတ်စဉ်လွင့်ကျနေဆဲဖြစ်သည်။

လင်းဖြာတလှည့်၊ မှောင်ရီတလှည့်နှင့် မညီညာသော လမ်းမီးတိုင်များ အောက်ဝယ် ပုပုကွကွ၊ သေးသေးမွမွ မကျန် လူပေါင်းစုံတို့ တရွရွသွားလာ လှုပ်ရှား နေကြဆဲဖြစ်သည်။ အမှောင်တို့ လွင့်ပြို သိပ်သည်းလာသော ချုပ်ညရီရီတွင် နီကျင်ဝါကြန့်သော နီယွန် မီးသီးများအောက်၌ ကိုယ်ပိုင် ဆိုင်ရာ ကမ္ဘာငယ်တခုစီသို့ ကသုတ်ကရက် ကူးလူး သွားလာကြနေကုန်သော နာကျင်ဝမ်းနည်းဖွယ် လူထု ပရိသတ်ထဲတွင် သူလည်းကောင်း၊ ကိုယ်လည်းကောင်း တယောက် အပါအဝင် ဖြစ်သည်။

သဘာဝ တမျိုးစီ တို့ဖြင့် ကျင်လည်ကျက်စားရင်း မသိမှုများစွာတို့ဖြင့် လည်စင်း ပေးဆပ်နေကြရကုန်သော အမေ့လျော့ခံ လူထုပရိသတ်ထဲတွင် သူလည်းကောင်း၊ ကိုယ်လည်းကောင်း တယောက်အပါအဝင်ဖြစ်သည်။ သူ့ကို နှစ်ကာလ ကြာရှည် ကတည်းကပင် ချစ်ကျွမ်းဝင်ခဲ့သည် ဖြစ်ပါလျှက် သူ၏ ဒဏ်ရာ အနာတရနှင့် သူ၏ ကွဲကြေကျိုးပဲ့မှု အဖုံဖုံတို့က ဘယ်လိုမျိုး ဆိုတာ ကိုယ်လက်လှမ်းမမီခဲ့။ သူ၏ ဝေဒနာ အဟောင်းအသစ်၊ အပုပ်အဆွေးများကို ကိုယ်ကူပြီး မဖွပ်လျှော် မဆေးကြော ပေးနိုင်ခဲ့။ အိမ်ပြန် လမ်းခွဲလတ်လျှင် သူ့နောက် ကျောကို ငေးမျှော်ရပ်ကျန်ခဲ့သူ ကိုယ်က သူနှင့်အတူ တပါတည်း ယှဉ်တွဲ ပါသွားသည့် သူ၏ စိတ္တဇနာများက ဘာဆိုတာကို မသိမမြင်ခဲ့။ အခုတော့ သူက ခံပြင်းနာကြည်းလှစွာဖြင့် အဝိဇ္ဇာ ပိတ်ကာဆို့ မိစ္ဆာမြို့ပြင်ပြင်ဟု ကြွေးကြော်လေပြီ။ သိလျက် လောဘ၊ သိလျက်မောဟတို့ဖြင့် စုပေါင်း ရက်လုပ်ထားသော မကောင်းဆိုးဝါး မိစ္ဆာရိုင်းများ ပူးကပ်ဝင်နေသည့် လူတို့၏ အတွင်းနှလုံးသားများသည် ရှိမှု မရှိမှု တည်းဟူသော မောဟ အပုပ်ရေတို့ အလောင်းပက် ခံရသောခါ၌ ကမောက်ကမ သဘောက်ထကာ၊ ကယောက်ကယက်နှင့် ဗရုတ်ဗရက် ဖြစ်လာကြရ ကုန်တော့၏။ ပွေလိမ်ရှုပ် ယှက်ပြီး ဆိုးညစ်ယုတ်မာသော မိစ္ဆာနတ်ဆိုးတို့၏ အလိုအရ လူ့ဘဝဇာတ်ကို ကပြောင်းကပြန်နှင့် အပျက်ပျက်အစီးစီး ကပြ အသုံးတော်ခံကြရ လေကုန်တော့၏။

ကျောင်းစာသင်းခန်းထဲ၌ နှစ်ပြည့် သက်ပြည့်သည်အထိ ငြိမ်ချမ်းတည်အေးစွာ နေထိုင်ခဲ့သော ကျောင်းဆရာ တယောက် ပင်စင် ယူသွားသောအခါ၌ အဘယ်သို့သော မျှော်လင့်ချက်မျိုးကို အားကိုးတကြီး ဆုပ်ကိုင်လျှက် ဘဝ၏ နေဝင်ချိန် နေ့ရက်များကို ရင်ဆိုင်နေခဲ့ရပါလိမ့်။

“ဒီနေ့ ကိုဉာဏ်မြင့် မလာတော့ … သူ ဘာ အိပ်မက်မက်တယ် မသိရဘူး၊ ဒီတပတ် ၂ နဲ့ ၇ ပူးမယ်ပြောတယ်၊ နဂါးတကောင် ဆံတော်ရှင်ဖူးမယ် ထူးတယ်လို့ အဘိုးပေါက် အဟောထွက်ထားတယ်”
“ဆရာ တွက်တာ … ဘာရလဲ ..”

ဒီလို အငြိမ်းစားသက်ကျားအို ကျောင်းဆရာလို ဝန်ထမ်းများ၊ အောက်ခြေ ရုံးဝန်ထမ်းများ ချဲထီလောင်းကစားသမား အဖြစ်
အသွင် ကူးပြောင်းသွားကြတာ မြန်မာပြည်တနံတလျားမှာ ဘယ့်ကလောက်တောင် များများပြားပြား ရှိနေကြမှာပါလိမ့်။ ဒါက မင်းခဝန်ထမ်းများရဲ့ အငြိမ်းစား ဆုတော်လာဘ်တော်ကြီးပေလား။

“ဆယ်တန်းအောင်မှတ် အနည်းအများနဲ့ ဆရာမလျှောက်လွှာတွေ လက်ခံစဉ်းစားမယ် ပြောပြီး ဘာသာစုံ ၂၄၁ မှတ်ပဲ ရတဲ့ သက်ထားထွေးတို့၊ မယက ဘီစီကြီးရဲ့တူ အမှတ် ၂၆၀ ပဲရတဲ့ ဇော်ဖေကြီး တို့ကျ မြို့ပေါ် အလက ကျောင်းတွေမှာ ရပြီး အမှတ်ပေါင်း ၃၃၀ ရတဲ့ ငါ့ကျတော့ အလုပ်မရဘူးတဲ့”
“လစ်လပ်နေရာက ၁၀ နေရာတည်း၊ လျှောက် တဲ့သူက ၂၀ဝ လောက်ဆိုတော့”
“၁၀ဝဝဝ ပေးရတယ် ကြားတယ်”

အလုပ်ရှားပါးခြင်း ပြဿနာနှင့် လာဘ်စားခြင်း ပြဿနာက မြန်မာပြည်ကြီး၏ ခေါက်ရိုးကျိုးရုံမက ခေါက်ကျိုး ကြေနေပြီ ဖြစ်သော ဇာတ်လမ်းပမာ တပုဒ်ဖြစ်လေ၏။ ဒီပုတ်ထဲ ဒီပဲတွေချည်း စုထည့်ထားတယ် ဆိုတော့ ရှေးရိုး အစဉ်အလာမပျက် ခြစားခြင်း ဇာတ်လမ်းပမာ တပုဒ်လည်း ဖြစ်ပြန်၏။ ဤ မိစ္ဆာမြို့ကလေးတွင် နေထိုင် သူ လူအများစုမှာ ပစ္စည်းမဲ့ လူတန်းစားများဖြစ်ကြကုန်၏။ လက်လုပ်လက်စား ကျောမွဲ လူတန်းစားများ ဖြစ်ကြကုန်၏။

ပိုက်ဆံ တပြားတချပ်မှမရှိဘဲ ချဲဒိုင်ကိုင်သော၊ ထောင် နှုတ်ခမ်းဝပေါ် လမ်းသလား ရှိုးများနေကြရကုန်သော၊ တနေ့လုပ် တနေ့မစားနိုင်သော အောက်ခြေလူတန်းစားများ ဖြစ်ကြကုန်၏။ သစ်မှောင်ခိုလုပ်ကာ ကားတဝီဝီစီးရင်း ဟိုလူ့ဒီလူ့ ကယ်တင်ရှင် လုပ်နေသော၊ တန်ခိုးရှင်လုပ်နေသော စိတ်နှစ်ခွနှင့် လူတန်းစားများလည်း နေကြထိုင်ကြပေသေး၏။

အရက်ဆိုင် လိုင်စင်လုကာ တယက၊ မယက အပြိုင်ဖားရင်း ကြီးပွားရေး လမ်းစရှာနေသော လူတန်းစားများ လည်ကောင်း၊ စပါးဝယ်ယူရေး စီမံချက် ဥက္ကဋ္ဌကလည်း ဒုက္ခိတမယား ဟိုနားဒီနားလစ်ခိုက် အိမ်မှာ ဖောက်ပြား မှောက်မှားကာ လောက စည်းစိမ်ကို မောဟကြီးစွာ ခံစားနေကြရ ကုန်သော လူတန်းစားများ လည်းကောင်း၊ လက်ဆောင်ပဏ္ဏာကို ရှေ့တန်းတင်၊ ငွေကြေး လာဘကို ရှေ့တန်း တင်၊ ရာဇဝတ်မှု အထင် အရှားကို ငွေအားဖြင့် ပယ်ဖျက် လွတ်မြောက်စေလိုက်သော ဆရာဝန်ယုတ်လို လူတန်းစားများ လည်းကောင်း၊ အခွင့်အာဏာဖြင့် သူတပါး ထမင်းလုတ်ကို ပုတ်ချ ဝါးမြို စားသောက်ကာ ဆူဖြိုးဝလင် နေကြသည့် ဌာနကြီး၊ ဌာနငယ်မှ ဥက္ကဋ္ဌဆိုသည့် လူတန်းစားများ လည်းကောင်း၊ အမှုစစ်ဆိုသည့် လူတန်းစား များ လည်းကောင်း၊ အပွင့်အခက်ဗရပွနှင့် အိမ်နောက်ဖေး တံခါးဝကို ဟိတ်တလုံး၊ ဟန်တလုံး ဖွင့်ဟထားသော အဘဆိုသူ လူတန်းစားများ လည်းကောင်း ရောမွှေစုပေါင်းကာ စုံစုံလင်လင်၊ ရှုပ်ရှုပ်ထွေးထွေး၊ ရောရောယှက်ယှက်၊
မြိုးမြိုးမြက်မြက်ကြီး နေကြထိုင်ကြလေကုန်၏။

တဝမ်းတခါးအတွက်၊ ကျောတခင်းအတွက်၊ နေရာတနေရာအတွက်၊ အရှက်လုံရုံအတွက်၊ အရှက် ဖော်ရန်အတွက်၊ သိက္ခာရောင်းရန် အတွက်၊ ဤသို့ ဤပုံ အရှက်ကင်းမဲ့လေကုန်သော လူတို့နေထိုင်ရာ မိစ္ဆာမြို့ကလေးများ၊ ဟိုပြဿနာ ဒီပြဿနာ၊ ဟို အမှု ဒီအမှုတို့ဖြင့် အဖုံဖုံအဝ၀ ဘေးကြီးသုံးပါး ကပ်ဆိုက်ကာ ဗျာများနေကြရကုန်သော လူတို့နေထိုင်ရာ မိစ္ဆာမြို့ကလေးများစွာတို့ မြန်မာပြည်ကြီးထဲတွင် မရှုမလှ အရှက်ခွဲ ခံနေကြရဆဲပင် ဖြစ်ပါသည်။ အုံနှင့်ကျင်းနှင့် ဒုက္ခပျားအတုပ်ခံနေရသော ပြည်သူ များမှာ မရှုရက် မမြင်ရက်စရာ ဖူးဖူးယောင်နေကြလျက်။

ကျမသည် ဆရာမ ခင်မြဇင်၏ ဝတ္ထုတို၊ ဝတ္ထု ရှည်၊ လုံးချင်းဝတ္ထု၊ ကဗျာ အစရှိသည်တို့ကို များစွာ ထဲထဲဝင်ဝင် တွေ့ထိ ဖတ်ရှု ခဲ့ဖူးပါသည်။ သို့သော်လည်း ဤလိုဤမျှ အသံဗလံပေါင်းစုံတို့ဖြင့် ဟည်းဟည်းညံကာ၊ ဆူဝေ ဖိတ်လျှံနေသာ ရုတ်ရုတ် ရက် ရက်၊ ရုန့်ရုန့်ရင်းရင်း၊ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်းနှင့် ယိမ်းထိုးလှုပ်ခါ ပျက်စီးနေသော လူ့အဖွဲ့အစည်းကြီးကို ရေးဖွဲ့ပြသော ဝတ္ထုအပြမျိုးကို ကျမ မဖတ်ရှုခဲ့ဖူးပါ။

ဆရာမ ခင်မြဇင် တွင် ရှိသည့် ကိုယ်ပိုင်ဟန်တမျိုးနှင့် နူးညံ့ညင်သာစွာ ချဉ်းကပ်မှု မျိုးကို ဤဝတ္ထုကြီးထဲတွင် ကျမ မတွေ့ရ။ နာကျင်ဝမ်းနည်းစရာ ဘဝများကိုပင် ရယ်မောဖွယ်ရာ ဟာသ လုပ်ကာ ရေးဖွဲ့တတ်လေသော ဆရာမ ခင်မြဇင်သည် ယခုအခါ ပြိုလဲ ပျက်စီးနေသော ပြည်သူတို့၏ မရှုမလှဒုက္ခများနှင့် ပျက်စီးဆုံးပါးနေသော ကိုယ်ကျင့် သီလမဲ့များတို့ဖြင့် ပြွမ်းတီး ပြည့်နှက်နေသော လူမှုအဖွဲ့အစည်းကိုကြည့်၍ မရယ်မောနိုင်တော့ပြီလား။ မရယ်မောရက်တော့ပြီလား။ လူတချို့တို့က ခေတ်ပြောင်းကို ရောက်ပြီဟု လက်သီးလက်မောင်း တန်းကာ တခမ်းတနား ကြွေးကြော်ကြပြန်သေး၏။ ဘယ်သူတွေအတွက် ပြောင်းသောခေတ်လဲ၊ ဘယ်လို ပြည်သူတွေအတွက် ပြောင်းသောခေတ်လဲ၊ ဘယ်လို လူတန်းစားမျိုးတွေ အတွက် ပြောင်းသော ခေတ်လဲဟု ဤဝတ္ထုက မေးခွန်းထုတ်ခဲ့လေပြီ။

အများစုသော ပြည်သူလူထု၏ တကယ့်လက်ရှိ သရုပ်အမှန်ဘဝတွေက ဘယ်လိုမျိုးလဲ၊ ဘယ်လိုတွေ ပါပဲလဲ၊ ဘယ်လို နေရာမှာ ဆက်ရှိနေရဆဲလဲဆိုတာ ဆရာမ ခင်မြဇင်က ဟုတ်တိုင်းမှန်ရာ ရက်လုပ် ဖော်ပြသွားခဲ့ပေပြီ။ ပြည်သူတို့၏ ခိုကိုးရာမဲ့ဘဝ၊ အလုပ်လက်မဲ့ ပြဿနာ၊ အာဏာတရပ်ကို လက်ကိုင်တုတ်ပြု၍ လက်တလုံးခြား လှည့်စားနေသော လူပုဂ္ဂိုလ်တချို့၊ အခြေအနေကောင်း တခုကို ဘယ်တခါကမျှ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင် နိုင်ရန် အခွင့် အရေးမရခဲ့သော သာမန်ပြည်သူတို့၏ လက်ရှိအခြေအနေ၊ အောက်ခြေ လူတန်းစားတို့၏ မဝရေစာ နေ့ရက်များကို ဒုံရင်း … ဒုံရင်းအတိုင်း ပြက်ပြက် ထင်ထင် ပီပီပြင်ပြင် တွေ့ရမည်ဖြစ်သော အနှီ “အဝိဇ္ဇာမြို့ကလေး” ကို စိတ်ကူးချိုချိုစာပေမှ ၂၀၁၃၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာတပြည်လုံးသို့ ဖြန့်ချိထားပါသည်။

စာအုပ်အမျိုးအစား – ဝတ္ထုရှည်
စာအုပ်အမည် – အဝိဇ္ဇာမြို့ကလေး
စာရေးသူ – ခင်မြဇင်
စာအုပ်တိုက် – စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၃
တန်ဖိုး – ၃၇၀၀ ကျပ်

Loading