[irrawaddy_gallery]
“ဂီတမှာ နေရာဒေသ ခွဲခြားမှုမရှိ၊ ဂီတမှာ အမျိုးသားရယ် အမျိုးသမီးရယ် ခွဲခြားမှုမရှိ” ဆိုတဲ့ စကားကို ပြောလိုက်တဲ့ သူကတော့ အဆိုတော် ချစ်ကောင်းပဲ ဖြစ်ပါတယ်။ သူက မြန်မာ ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ပွဲ၊ တနည်းအားဖြင့် မြန်မာပြည်က ဂစ်တာသူရဲကောင်းတွေရဲ့ အစွမ်းကုန် လက်စွမ်းပြ ကျဲကြတဲ့ ပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်သူပါ။ အဆိုတော် ချစ်ကောင်း အဲဒီပွဲမှာ ပြောလိုက်သလိုပဲ ရော့ခ် ဂီတကို နှစ်သက်ရင်ခုန်ကြတဲ့ ပရိသတ် အားလုံးဟာ တသွေးတည်း တသားတည်း စုစည်း ရောက်ရှိနေကြပါပြီ။
Guitar Instrumental Show ကြီးကို ရန်ကုန် မိုင်ဒါကွင်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ပြီးပါပြီ။ ဒီပွဲကို မျှော်လင့်နေခဲ့တဲ့ ပရိသတ်တွေကတော့ တဝကြီး ခံစားလိုက်ရတယ်လို့ ဆိုရပါမယ်။
ပရိသတ်တွေက တကယ့်ကို ဂစ်တာပရိသတ် စစ်စစ်တွေ၊ ဂစ်တာ ဝါသနာအိုးတွေ၊ ဂစ်တာကို အရူးအမူးချစ်သူတွေလို့ ဆိုရမှာပါ။ လူ ၄၀၀ ကျော်၊ ၅၀၀ ထက် မပိုပါဘူး။ ပရိသတ်ဘက်က ကိုယ်အားပေးလိုတဲ့ ဂစ်တာသမား ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အေးအေးချမ်းချမ်းနဲ့ စိတ်ဝင်တစား အားပေးကြည့်ရှုကြတာ တွေ့ရသလို၊ ဂစ်တာ လက်စွမ်းပြ တီးခတ်သူတွေ ဘက်ကလည်း သူတို့ရဲ့ ပရိသတ်ကို သူတို့မှာ ရှိသမျှ စွမ်းအားတွေ အကုန်ချပြတဲ့ ပွဲလေး တပွဲပါပဲ။ ကြည့်ရှု နားထောင်သူကော တီးခတ်သူတွေပါ ညီတဲ့ ပွဲပါ။
မြန်မာပြည်မှာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးတဲ့ ဒီလို ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ ပွဲကို စီစဉ်တာကတော့ အရှေ့တောင် အာရှ တလွှားမှာ တူရိယာ ပစ္စည်းတွေ ရောင်းချနေတဲ့ ဆွီလီ ကုမ္ပဏီလို့ သိရပါတယ်။
ပွဲစတယ် ဆိုရင်ပဲ Lazy Club တေးဂီတဝိုင်းရဲ့ ဂစ်တာသမား နိုင်ဇော်ကို ချစ်ကောင်းက ဖိတ်ခေါ်လိုက်ပါတယ်။
ဂစ်တာသမားတွေက တယောက်ကို သီချင်း နှစ်ပုဒ်စီ တီးသွားတာပါ။ တယောက်နဲ့ တယောက် အကြားမှာ သူတို့ရဲ့ ဂစ်တာတွေကို ပြင်ဆင်ရတာ၊ တယောက်နဲ့ တယောက် Effect တွေကို အသုံးပြုပုံ ကွဲပြားတဲ့အတွက် စမ်းသပ်ပြင်ဆင် ရတာနဲ့ နည်းနည်းတော့ အချိန်ယူရပါတယ်။ အဲဒါကို နိုင်ဇော်က တောင်းပန်သလို၊ ချစ်ကောင်းကလည်း ပြင်ဆင်ချိန် ကြန့်ကြာမှုကို နားလည်းပေးကြဖို့ တောင်းပန်ပါတယ်။ ပရိသတ်ကတော့ “ရပါတယ်” ဆိုတာချည်းပါပဲ။
နိုင်ဇော်က မြန်မာ နိုင်ငံတော် သီချင်းကို တီးခတ်ပြီး ပွဲကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ပြီးတော့ “လမ်းပြပါ” လို့ အမည်ရတဲ့ သီချင်းကို တီးပြပြီး ပရိသတ်ကို နှုတ်ဆက် ထွက်ခွာသွားပါတယ်။ နိုင်ဇော်နဲ့ သုခုမ စက်ရုပ်များဆိုတဲ့ ဝိုင်း တီးခတ် အပြီးမှာတော့ Osider ဆိုတဲ့ တီးဝိုင်းနဲ့အတူ ဘိုဘိုရဲ့ လက်စွမ်းပြတီးခတ်သံကို ပရိသတ်တွေ နားဆင်ကြရပါတယ်။
ဒီပွဲလေးမှာ ထူးခြားတာကတော့ မိန်းကလေး ဝိုင်းတဝိုင်းကို အဆိုတော်ချစ်ကောင်းက မိတ်ဆက် ပေးလိုက်တာပါပဲ။ ဘိုဘိုရဲ့ လက်သံအပြီးမှာ စင်ပေါ်တက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဂစ်တာသူရဲကောင်း ချစ်စမ်းမောင် ခေါ် ဆရာချစ်ရဲ့ သမီး “ငယ်လေး” ပါဝင်တဲ့ မိန်းကလေး တီးဝိုင်းပါ။ သူတို့ဝိုင်းမှာ ဒရမ်၊ ဘေ့စ်၊ လိဒ် အကုန် မိန်းကလေးတွေ ချည်းပါပဲ။ တချိန်မှာ အဖေဖြစ်သူရဲ့ လက်သံကို မီကောင်း မီလာနိုင်မယ့် ငယ်လေးရဲ့ ဟန်ပန်ကတော့ ဆရာချစ်နဲ့ တထေရာတည်းပါပဲ။ ကရင်တိုင်းရင်းသားသံ ခပ်ဝဲဝဲ၊ ရိုးရှင်းတဲ့ ပြောဆိုဟန်နဲ့ ငယ်လေးက သူတို့ဝိုင်းကို မိတ်ဆက်ပေးပါတယ်။ သူတို့ရဲ့ လက်သံက စံချိန်မီတယ်လို့ မဆိုနိုင်သေးပေမယ့် မြန်မာပြည်မှာ တခေတ်တခါက “Venus” “ဧကရီ” စသည်ဖြင့် ရှိခဲ့ပြီး နောက်ပိုင်း လုံးဝပျောက်ကွယ်သွား ရာကနေ အခု မျိုးဆက်သစ်အနေနဲ့ မိန်းကလေး Band တခု ပေါ်ပေါက်လာမယ့် လမ်းစဖြစ်လို့ ကြိုဆိုရမှာပါ။
တဝိုင်းကို ၁၅ မိနစ်စီလောက် အချိန်ယူ တီးခတ်သွားပြီး ကြားထဲမှာလည်း ပြင်ဆင်ချိန်နဲ့မို့ တဝိုင်းကို မိနစ် ၂၀ စီလောက် ကြာတဲ့ ဒီပွဲမှာ လူပေါင်း ၂၀ ကျော်ရဲ့ တီးခတ်မှု ဖြစ်တာကြောင့် တယောက်ချင်းစီရဲ့ လက်သံတွေကို ခွဲခြား ဝေဖန်ပိုင်းဖြတ် ပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ထူးခြားမှုရှိပြီး ပရိသတ် နှစ်ခြိုက်စိတ်ဝင်စားမှု ရရှိတဲ့ ဂစ်တာသူရဲကောင်း တွေကိုတော့ ဖော်ပြချင်ပါတယ်။
The Blesses ဆိုတဲ့ လူငယ်တွေနဲ့ စုစည်းထားတဲ့ Band လေးက အဆိုတော် ချစ်ကောင်း မိတ်ဆက်ပေးသလို ထူးထူးခြားခြား ဖျော်ဖြေသွားနိုင်တာ တွေ့ရပြီး ပရိသတ်လည်း သဘောကျ နှစ်ခြိုက်ပါတယ်။ ပြီးတော့ တဆက်တည်း လာတဲ့ Band က မန္တလေးက Dream Lavel လို့ အမည်ရတဲ့ တီးဝိုင်းဖြစ်ပါတယ်။ မန္တလေးက လာတီးတဲ့ တဝိုင်းတည်းသော Band ဖြစ်ပေမယ့် သူတို့ဝိုင်းက ဂစ်တာသမား ဆန်းဝင်းအောင်ရဲ့ လက်သံက အတော်ပြောင်တယ် ဆိုရမှာပါ။
“ရန်ကုန်မြို့မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တော်တော်များများ မန္တလေးမှာ ဒီအဖွဲ့ကို အားကိုးရပါတယ်” လို့ ချစ်ကောင်းက မိတ်ဆက်ပါတယ်။
သူတို့အဖွဲ့မှာ ဒရမ်သမားက ဝေဖြိုးဖြစ်ပါတယ်။ ထူးထူးခြားခြား လိဒ်သမားတွေ တီးခတ်တဲ့ပွဲမှာ ဝေဖြိုးရဲ့ ဒရမ်လက်သံကို သတိမထားဘဲ မနေနိုင်ပါဘူး။ သူက ဂစ်တာသူရဲကောင်း ချစ်စမ်းမောင် တီးခတ်ချိန်မှာလည်း ဒရမ်ဝင်တီးပေးသူ ဖြစ်ပါတယ်။
ဂီတမှာ နေရာဒေသ ခွဲခြားမှု မရှိ၊ မိန်းကလေး ယောက်ျားလေး ခွဲခြားမှုမရှိ၊ ရင်ခုန်သံချင်းတူရင် ဂီတမှာ တသားတည်း ကျနိုင်တယ်ဆိုတဲ့ ချစ်ကောင်းရဲ့ စကားက ဒီနေရာမှာ လက်တွေ့မြင်ရပါတယ်။ ဂစ်တာသူရဲကောင်းတွေ လက်စွမ်းပြတဲ့ ဒီပွဲမှာ ပရိသတ်ကတော့ ယောက်ျား မိန်းမ၊ လူကြီး လူငယ်၊ နေရာ အသားအရောင် ခွဲခြားမှုမရှိဘဲ တသားတည်း ကျနေပါပြီ။
ပရိသတ်ကတော့ ဇွဲကောင်းကောင်းနဲ့ သူတို့ရဲ့ ဂစ်တာသူရဲကောင်း တွေကို မျှော်လင့်ရင်း၊ အသစ်မြင်တွေ့ရတဲ့ လူငယ် ဂစ်တာသူရဲကောင်းတွေကို ကြည့်ရှု အံ့သြရင်း မတ်တပ် အကြာကြီးရပ်ရလို့ ညောင်းညာကိုက်ခဲ နေတာကိုတောင် မေ့နေပုံရပါတယ်။
လူငယ် ဂစ်တာသမားထဲမှာ ဆန်နီဆိုတဲ့ ဂစ်တာသူရဲကောင်း တယောက်ကိုလည်း သတိပြုမိပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လောက်က FMI စင်တာမှာ ဂျော်လီဘတ် ဂစ်တာဆိုင်က ကြီးမှူးကျင်းပတဲ့ လိဒ်ဂစ်တာပြိုင်ပွဲတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်လောက်မှာ ဂီတလောကထဲ ဝင်ရောက်ခဲ့သူလို့ သိရပါတယ်။
ပရိသတ် သီးသန့်ရှိပြီး အသိအမှတ်ပြုခံရတဲ့ နောက်ထပ်တဦးကတော့ ရော့ခ်၊ ဟဲဗီး ရော့ခ်တွေ အကြားမှာ Blues ဂီတကို သေသေသပ်သပ်နဲ့ ကြည့်ရှုသူတွေ မင်တက်အံ့သြစေလောက်အောင် လက်စွမ်းပြသွားတဲ့ ဂစ်တာသမား ညီညီပဲ ဖြစ်ပါတယ်။ သူ့ပရိသတ်တွေကတော့ လူငယ်တွေထက် လူကြီးတွေ ပိုများပါတယ်။
တချိန်က နာမည်ကြီးခဲ့တဲ့ The Aces ဝိုင်းက လိဒ်ဂစ်တာသမား ပက်ထရစ်ကတော့ သူများနဲ့မတူ ကွဲပြားစွာနဲ့ ဂစ်တာတီးရင်း သီချင်းပါ သီဆိုသွားခဲ့ပါတယ်။ ဂစ်တာလေးကို သူ ဘယ်လောက်ချစ်တယ်၊ ရင်ခွင်ထဲမှာ ထည့်ထားရင် အမောပြေတယ် ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ သူ့သီချင်းရဲ့ ခေါင်းစဉ်ကိုတော့ ပြောမသွားပါဘူး။ သူသီဆို တီးခတ်နေစဉ်မှာ အသုံးပြုနေတဲ့ မီးစက်တခု ချွတ်ယွင်းသွားတဲ့ အတွက် စင်ပေါ်မှာ အသံမပျောက်ဘဲ မှောင်မည်းသွားပါတယ်။
တကယ်တော့ တောက်လျှောက်ဆိုသလို ပရိသတ်ကို ကောင်းကောင်း အနှောင့်အယှက်ပေးခဲ့တာ ဆလိုက်မီးတွေပါလို့ ဆိုရင် ငြင်းမယ့်သူ ရှိမယ် မထင်ပါဘူး။ ရှိသမျှ မီးတွေကို ထွန်းလို့ရသမျှ အကုန်ထွန်း၊ ပရိသတ်ဘက်ကို ဆလိုက်မီးကြီးနဲ့ တည့်တည့်ထိုး၊ ဒီကြားထဲ့ စင်ထောင့်တထောင့်ကနေ ဘာကြောင့်မှန်းမသိ ဖြာထွက်နေတဲ့ အစိမ်းရောင် မီးတန်းကြီးက ရှိသေး၊ စိတ်မနှံ့သူက မီးခလုပ်တွေကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေသလို ထင်ရတဲ့၊ အစီအစဉ် မကျနတဲ့ မီးစနစ်ကြောင့် ပရိသတ် အတော်ကလေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ပရိသတ်က ကြည့်ကောင်းနေတုန်း မျက်နှာကို မီးနဲ့ တည့်တည့် ထိုးတာမျိုးလုပ်တာကတော့ အစီအစဉ် ညံ့ဖျင်းမှုတွေထဲက တခါပါ။ နောက်တခုကတော့ ပရိုဂျက်တာ ရှိပေမယ့် လုံးဝ မဖွင့်တာရယ်၊ နောက်ခံ ပိတ်ကားမှာ ပြချင်သလို ပြနေတဲ့ အရုပ်တွေရယ် … အဲဒီ အလွဲ အနည်းငယ်လည်း တွေ့ရပါတယ်။
ပက်ထရစ်က ဆိုတီးလုပ်ပြီးချိန်မှာ ကွယ်လွန်သူ မဇ္ဈိမလှိုင်း တေးဂီတဝိုင်းခေါင်းဆောင် ဇော်မျိုးထွဋ်ကို သိပ်သတိရကြောင်း၊ သူ့အတွက် အစီအစဉ်တွေလည်း ရှိကြောင်း ပြောပါတယ်။ တကယ်တော့ ကျင်းပနေတဲ့ ဂစ်တာသူရဲကောင်းများ တွေ့ဆုံတဲ့ ပွဲကို ဖြစ်မြောက်ဖို့ စီစဉ်သူတွေထဲမှာ အဲဒီ အကယ်ဒမီ ဇော်မျိုးထွဋ်လည်း ပါဝင်ပါတယ်။
ပျက်သွားတဲ့ မီးစက်ကို ပြန်လည် ပြုပြင်ဖို့ ခေတ္တနားနေတာကိုလည်း ပရိသတ်က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
၁၅ မိနစ်လောက် အကြာမှာတော့ အစီအစဉ်ကို ပြန်စပါပြီ။ မီးလည်း နည်းနည်း အဆင်ပြေသွားပါတယ်။ စူးရှတဲ့ မီးလုံးတွေကို ပရိသတ်ဘက် မထိုးတော့ပါဘူး။ အစီအစဉ် ပြန်စစချင်းမှာတော့ ဒီပွဲမှာ မပါဝင်နိုင်တော့တဲ့ အကယ်ဒမီ ဇော်မျိုးထွဋ်ရဲ့ ကိုယ်စား သားဖြစ်သူ ရွှေထွဋ်ကတီးခတ်ပါတယ်။ ဇော်မျိုးထွဋ် အလွမ်းပြေလို့ ပြောနိုင်သလို၊ သူ့တေးသွားတွေကြောင့် ဇော်မျိုးထွဋ်ကို ပိုလွမ်းစေပါတယ်။
ပန်းခရမ်းပြာ၊ မျက်သွယ် စတဲ့ ဇော်မျိုးထွဋ် တီးခတ်ခဲ့တဲ့ သီချင်းတွေကို ပေါင်းစပ်ပြီး ရွှေထွဋ်က တီးပြသွားတာပါ။ ပွဲက တဖြည်းဖြည်း အရှိန်မြင့်လာပေမယ့် ပရိသတ် မျှော်လင့်နေတဲ့ ထိပ်ဆုံးက ဂစ်တာသူရဲကောင်းတွေ အများကြီး ကျန်နေပါသေးတယ်။
နောက်ထပ် ပရိသတ် နှစ်ခြိုက်အားပေးတဲ့ တမူထူးသူကတော့ ဒဲရစ်မေလာပါပဲ။ ဆံပင်တွေ ဖြူနေပြီး သက်ကြီးပိုင်းကို ရောက်နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ဟန်ပန်ကတော့ လူငယ်လေး တယောက်လို မြူးကြွနေတာ တွေ့ရတယ်။ သူကတော့ ချယ်လို ဘေ့စ်နဲ့ တွဲဖက်ပြီး Juzz ဂီတကို ညက်ညက်ညောညော တီးပြသွားသူပါ။
မြန်မာပြည်က ဂစ်တာရူးသွပ်သူတွေ အားလုံး ကမ္ဘာမှာ ထိပ်ဆုံးက ဂစ်တာသမားတွေဖြစ်တဲ့ ဂျင်မီဟန်းဒရစ်၊ ဂယ်ရီမိုး၊ စတိဗ်ဗိုင်း၊ ဂျိုးစထရိန်နီ၊ မဲလ်စတင်းမ် အစရှိတဲ့သူတွေကို သက်ရှိ ပြဌာန်းစာအုပ်ကြီးတွေ သဖွယ် လေးစားကြပါတယ်။ သူတို့ရဲ့ ဂစ်တာဆိုလိုတွေကို မြန်မာပြည်က ဂစ်တာသမားတိုင်း လိုက်လံ တီးခတ်ရစမြဲပါ။
ပထမတပုဒ်မှာ လိဒ်ဂစ်တာကို သူကိုယ်တိုင် တီးပေမယ့်၊ နောက်ခံ အသံကို ပရိုဂရမ်နဲ့ တီးခတ်ပြီး ပါဖောမန့် သရုပ်ဆောင် အကအဖွဲ့ထည့်သွင်း တင်ဆက်တဲ့ အောင်သူ ဆိုတဲ့ ဂစ်တာသမားကိုလည်း မှတ်မှတ်သားသား ရှိပါတယ်။ သူက နောက် တပုဒ်မှာ တဦးတည်း နောက်ခံ ပရိုဂရမ်ဖွင့်ပြီး ဂယ်ရီမိုးရဲ့ သီချင်းတပုဒ်ကို သေသေသပ်သပ် တီးခတ်သွားခဲ့ပါတယ်။ အောင်သူလိုပဲ ပရိသတ် လက်ခံနှစ်ခြိုက်မှုကို ရခဲ့သူ တဦးကတော့ လိဒ်ဂစ်တာ သမား ရန်နိုင် ဖြစ်ပါတယ်။
ကြည့်ရှု နားဆင်တဲ့ ပရိသတ်ကလည်း လျှော့တွက်လို့ မရပါဘူး။ ပရိသတ်ထဲမှာ ဂစ်တာကို ကောင်းကောင်း တီးခတ် နိုင်သူတွေ ပါနိုင်သလို၊ ဂစ်တာကို ကိုယ်တိုင်မတီးခတ်တတ်ပေမယ့် ရူးသွပ်တဲ့အတွက် လေ့လာအား ကောင်းသူတွေလည်း ပါနိုင်ပါတယ်။ ဒါကိုလည်း စင်ပေါ်က ဂစ်တာသမား အများစုက ကြိုတွက်ထားကြမှာပါ။ တီးခတ်သူ အများစုဟာ ပရိသတ်ကို လေးလေးစားစားရှိတာ တွေ့ရပါတယ်။
တခြား ရှိုးပွဲတွေနဲ့ မတူတဲ့ အချက်ကတော့ ပရိသတ်ရဲ့ တောင်းဆိုမှု၊ တင်ပြမှုကို အစီအစဉ် တင်ဆက်သူ အပါအဝင် စက်သမားတွေကအစ လေးစား လိုက်နာပြင်ဆင်ပေးတဲ့ အချက်ပါပဲ။ အစပိုင်း တီးခတ်မှုတွေမှာ ပရိသတ်က “ဂစ်တာသံ နည်းတယ်ဗျို့” လို့ ဆိုလိုက်တာနဲ့ ချစ်ကောင်းက “ဂစ်တာသံ နည်းတယ်လို့ ပြောတယ်ဟေ့” ဆိုပြီး အကြောင်းကြား ပေးပါတယ်။ စက်သမားကလည်း ပြန်ချိန်ပေးပါတယ်။ ဒါကတော့ ချစ်စရာကောင်းတဲ့ ပရိသတ်နဲ့ စင်ပေါ်ကလူတွေရဲ့ ဆက်သွယ်မှုလို့ ဆိုရမှာပါ။
တီးခတ်ကြသူတွေထဲမှာ ထူးထူးခြားခြား ကွဲထွက်အောင် လက်စွမ်းပြနိုင်သူတွေ ပါသလို၊ သာမန်သူလိုကိုယ်လို လောက်ပဲ ပြသနိုင်သူတွေလည်း ပါပါတယ်။ တချို့ကလည်း ပါဖောမန့်နဲ့ ဆွဲဆောင်သလို၊ တချို့ကလည်း ဘာမှမပါဘဲ သူ့လက်သံကိုပဲ ယုံယုံကြည်ကြည်နဲ့ တင်ဆက်ပါတယ်။ တချို့က ကော်ပီတွေကို တီးခတ်ပြသလို၊ တချို့ကလည်း ကိုယ်ပိုင်သံစဉ်တွေကို တီးခတ်ပြပါတယ်။ ပရိသတ် ရင်ထဲ စွဲထင် သွားသူတွေကတော့ ထူးထူးခြားခြား ကောင်းတဲ့သူတွေရယ်၊ ထူးထူးခြားခြား ကိုယ့်ကိုယ်ကိုယ် ထင်တလုံး ကြော်ငြာထိုးပေမယ့် ပျင်းစရာ ကောင်းလောက်အောင် ညံ့တဲ့ သူတွေရယ်ပဲ ဖြစ်ပါတယ်။ ပျင်းစရာကောင်းအောင် ညံ့တဲ့သူက သိပ်တော့ မများလှပါဘူး။ မပြောပလောက်ဘူးလို့ ဆိုနိုင်ပါတယ်။
ပြာလွင်တဲ့ ကောင်းကင်နောက်ခံမှာ ကြယ်တွေ စုံစပြုပါပြီ။ ညဉ့်လည်း တဖြည်းဖြည်း နက်လာ၊ အအေးလည်း တဖြည်းဖြည်း ပိုလာပါပြီ။ စင်မြင့်ပေါ် တက်လာတဲ့ ဂစ်တာကြယ်ပွင့် တွေကတော့ မစုံသေးပါဘူး။ တချို့ကြယ်တွေက ခပ်မှိန်မှိန်၊ တချို့ကြယ်တွေကျတော့ တောက်တောက်ပပ၊ တချို့ကလည်း အစွမ်းကုန်တောက်ပဖို့ အားယူနေသူတွေ ဖြစ်ပါတယ်။
ဒီအထဲမှာ ကိုယ်ပိုင်သံစဉ်လည်းဖြစ်၊ ပရိသတ် အတွက်လည်း မက်ဆေ့ချ် တခုခု ပါစေတဲ့ တီးခတ်မှုတွေနဲ့ “ဒါမျိုး ဖြစ်နေရမယ်” ဆိုတဲ့ မှတ်ချက်ရသူ တယောက်ကိုလည်း တွေ့ရပါတယ်။ သူကတော့ ရွှေသံစဉ် တီးဝိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်း လိဒ်ဂစ်တာသမား ကိုဝင်းမော်ပါ။ သူကိုယ်တိုင် ဖန်တီးထားတဲ့ တေးသွား နှစ်ပုဒ်ဟာ အဓိပ္ပာယ်လည်း ရှိပြီး ရင်ထဲ စွဲကျန်ရစ်စေတဲ့ Mood အပြည့် တီးခတ်မှုတွေနဲ့ အံ့သြစရာ ကောင်းလှပါတယ်။
သူ့သီချင်းတပုဒ် နာမည်ကတော့ “ပျောက်ဆုံးနေသော ဝိဉာဉ်များ၏ သမိုင်း” လို့ အမည်ရပြီး ၈ လေးလုံးကာလက လမ်းမပေါ်မှာ ပျောက်ကွယ်သွားသူတွေရဲ့ ဝိဉာဉ်တွေအကြောင်း ဖော်ကျူးထားတာပါ။ နောက်တပုဒ်ကတော့ “ရွှေဝါရောင် တော်လှန်ရေး” လို့ အမည်ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သံဃာတွေကို ဂုဏ်ပြုစပ်ဆိုထားတဲ့ တေးသွားပါပဲ။ နှစ်ပုဒ်လုံးကို ပရိသတ်က နှစ်ခြိုက်တာ တွေ့ရပါတယ်။
သန်းခေါင်ယံကို ကျော်လာချိန်မှာတော့ ပရိသတ်လည်း ခြေကုန်လက်ပန်း ကျစပြုလာပါပြီ။ ဒါပေမယ့် သူတို့ ကြည့်ချင်၊ နားထောင်ချင်တဲ့သူတွေ မစုံသေးလို့ မျှော်တလင့်လင့် ဖြစ်နေကြတုန်းပါပဲ။
အစီအစဉ် ကြေညာသူ ချစ်ကောင်းက “မက်တယ်ဇုန်” လို့ စရုံပဲရှိသေး အောက်က ပရိသတ်က “ဇော်လတ်၊ ဇော်လတ်” လို့ ဝိုင်းအော်ပြီး လက်ခုပ်တီးကြပါတယ်။ ပါဖောမန့် လုံးဝမပါပေမယ့် လှုပ်ခတ်အောင် တီးပြနိုင်တဲ့ ဂစ်တာသူရဲကောင်း တဦး အဖြစ် ပရိသတ် လက်ခံထားပြီးသား ဖြစ်တဲ့အတွက် အထူး ဖော်ပြစရာ မလိုတော့ပါဘူး။
ပရိသတ်နဲ့ ထပ်တူကျပြီး ငိုက်မြည်းနေတဲ့ မျက်လုံးတွေ ကျယ်သွားအောင် နိုင်ငံတကာတန်းဝင် ပါဖောမန့်တွေနဲ့ ပြသ တီးခတ်သွားသူကတော့ Haven Born က တိုးတိုးပါ။ သူ့နာမည်ကို ကြေညာစဉ်မှာလည်း ပရိသတ်က အားပါးတရ အားပေးပါတယ်။ Bad Man ရုပ်ရှင်ထဲက ဂျိုကာလို သူ့မျက်နှာကို ခြယ်သထားတဲ့ တိုးတိုးဟာ ပထမတပုဒ်မှာတော့ ခပ်အေးအေး လွမ်းမောဖွယ် ဂီတတခုကို ဖော်ကျူးပါတယ်။ ဒီသီချင်းမှာ သူ့ကိုကြည့်ရတာ G3 မှာတီးနေတဲ့ စတိဗ်ဗိုင်းကို မြင်ယောင်စေပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်လို့ သူက ဒီပွဲမှာ မပါနိုင်တော့တဲ့ သူ့ဆရာအစ်ကို မဇ္ဈိမလှိုင်း ဇော်မျိုးထွဋ်ကို သတိရ လွမ်းဆွတ် တီးခတ်တယ်လို့ ဆိုပါတယ်။ တိုးတိုးရဲ့ နောက်တပုဒ်ကတော့ အမြူးအကြွ၊ အခုန်အပေါက်တွေနဲ့ ဂီတကော ပါဖောမန့်ပါ ကောင်းလွန်းလို့ ပရိသတ်အားလုံး တဝုန်းဝုန်း အားပေးကြတဲ့ အထိပါပဲ။ သူ့ပုံစံက တမင်လုပ်နေတာနဲ့ မတူဘဲ Mood ရဲ့ စေခိုင်းရာကို လုပ်နေပုံပါပဲ။ စင်ရှေ့ကို ခုန်ပေါက် ပြေးထွက်လာတာ၊ ဂစ်တာကို ကိုယ်ကနေဖြုတ်ပြီး ပုံစံမျိုးစုံ တီးတာ၊ နောက်ဆုံး အားမလိုအားမရ ဖြစ်လာပုံနဲ့ ဂစ်တာကို တစောင်းချ၊ အင်္ကျီကို ချွတ်ပြီး ဂစ်တာကြိုးတွေကို တဗြန်းဗြန်းရိုက်တာ၊ အဲဒီလို လုပ်ပေမယ့် ဂီတပုံစံတမျိုးအဖြစ် ပရိသတ် ခံစားရတာ၊ ဒါတွေကတော့ သူ့ရဲ့ ကျွမ်းကျင်မှုလို့ပဲ ဆိုရမှာပါ။
အေးအေးငြိမ်ငြိမ် တီးသွားတဲ့ ဘွိုင်းရဲ့ လက်သံကိုလည်း ပရိသတ် အသိအမှတ် ပြုကြပါတယ်။ ဝိုင်းအနေနဲ့ သီးသန့် မရှိပေမယ့် တကိုယ်တော် ဆက်ရှင် ဂီတသမားတွေ၊ လူအများစု မသိတဲ့ ရွက်ပုန်းသီး လိဒ်ဂစ်တာသမား တွေကို အဲဒီညမှာ တစုတစည်းတည်း တွေ့ရ နားဆင်ရပါတယ်။ လိဒ်သမားတွေ လက်စွမ်းပြတဲ့ ပွဲဆိုပေမယ့် ဝိုင်းတော်တော်များများမှာ ပါဝင် တီးခတ်ပေးတဲ့ ဒရမ်သမား ဖဦးထုပ်နဲ့ ဘေ့စ် ကိုမြတ်မိုးတို့ကိုလည်း ပရိသတ်က သတိပြုမိကြပါတယ်။
မနက် ၂ နာရီလောက်မှာတော့ ပရိသတ်အားလုံး မျှော်လင့်တောင့်တနေတဲ့ ခြောက်ကြိုးကဝေကို နိုင်နင်းသူ ဆရာချစ် (ချစ်စမ်းမောင်) ရဲ့ အလှည့် ကျရောက်လာပါတယ်။ သူ့နာမည်ကို မကြေညာဘဲ ချစ်ကောင်းက “ကျနော်တို့ ပွဲပြီးခါနီးမှာ တီးခတ်ပေးမယ့် ဂစ်တာသမား တဦးကို ကျနော် ဖိတ်ခေါ်ချင်ပါတယ်” လို့ ဆိုလိုက်တာနဲ့ ပရိသတ်က “ဝေး” ကနဲ့ အသံပြုပြီး ကွင်းထဲမှာ အနည်းငယ် ပြန့်ကျဲနေရာက စင်နားကို ပြန်ကပ်လာပြီး အားလုံးနီးပါး ဖုန်းတွေဖွင့်၊ တက်ပလက်တွေ ဖွင့်ပြီး ဗီဒီယို မှတ်တမ်းတင်ဖို့ ပြင်ကြတော့ တာပါပဲ၊ ပါးစပ်ကလည်း “ဆရာချစ်၊ ဆရာချစ်” လို့ အော်ဟစ်ကြပါတယ်။
ဆရာချစ်ကတော့ တေးသွားအမြူးအသစ် တပုဒ်နဲ့ စဖွင့်ပါပြီ။ ပြီးတာနဲ့ တဆက်တည်း သူ ဂစ်တာ လဲနေချိန်မှာ မိုက်ကရိုဖုန်းကို ကိုင်ပြီး သူ့ရဲ့ ဘေ့စ်သမား၊ ဒရမ်သမား တွေနဲ့ မိတ်ဆက်ပေးပါတယ်။ သူတယောက်တည်း အစွမ်းပြတာ မဟုတ်ဘဲ၊ သူ့ရဲ့ ဘေ့စ်သမား၊ ဒရမ်သမား တွေကိုပါ အစွမ်းပြစေပါတယ်။ ဂီတလောကမှာ ရှေ့က လက်သံပြောင်သူတွေရဲ့ နေရာ ကွက်လပ် တခု ဖြစ်လာခဲ့ရင် အဲဒီကွက်လပ်ကို ဖြည့်ကြမယ့် လူငယ်တွေလို့ မျှော်လင့်နိုင်တဲ့သူတွေပါ။ ပထမသီချင်းကို တီးခတ်အပြီးမှာ သူ့ ကီးဘုတ်သမားက ကရင်တိုင်းရင်းသား ရိုးရာ တေးသွားတခုကို စတင် တီးခတ်ပါတယ်။ အဲဒီတီးခတ်မှုနဲ့အတူ နောက်ခံပိတ်ကားမှာ ကရင်အလံ ပေါ်လာပါတယ်။ ဆရာချစ်က စင်ရှေ့ကို ထွက်လာပြီး Mood အပြည့်နဲ့ စတင်လက်စွမ်းပြပါတယ်။ သူ့ရဲ့ အနှေးလက်စွမ်းပြမှု မှာလည်း ခြောက်ကြိုးကဝေထဲက သီချင်းတွေ ပါပါတယ်။ နောက်သီချင်းတပုဒ် ကိုတော့ ဂစ်တာရူးသွပ်သူ အားလုံး သိပြီးသားပါ။ သူ့တေးသွားနဲ့အတူ ပရိသတ်က “ငါ … ပူလောင်ခြောက်သွေ့ … ရေဆာတဲ့နေ့ … ဂစ်တာလေး အလွမ်း … ပြေ” ဆိုပြီး သီချင်းတေးသွားကို လိုက်လံ ညည်းပါတယ်။ နောက်ဆုံးမှာတော့ သူ့သမီး ငယ်လေးရဲ့ ခေါင်းပေါ်မှာ ဂစ်တာကိုတင်ပြီး IC ပွဲတိုင်း ဂစ်တာလက်စွမ်းပြ တီးခတ်ရာမှာ မပါမဖြစ် မန်းတောင်ရိပ်ခို သီချင်းထဲက “မြနန္ဒာ” ခိုးရပ်စ် တေးသွားနဲ့ အဆုံးသတ်ပါတယ်။
ချစ်စမ်းမောင်ပြီးသွားတော့ ပရိသတ်တချို့က ပွဲပြီးပြီ အထင်နဲ့ လှည့်ပြန်မလို့ အလုပ်မှာ အစီအစဉ် တင်ဆက်သူ ချစ်ကောင်းက “ဟဲဗီးရော့ခ် ဆိုတဲ့ ဂီတအမျိုးအစားတခုကို မြန်မာပြည်က ပရိသတ်အတွက် စတင် မိတ်ဆက်ပေးခဲ့တဲ့ အင်ပါယာ တေးဂီတဝိုင်းရဲ့ လိဒ် ဂစ်တာသမား ဇော်မျိုးထွဋ်” ဆိုတာနဲ့ ပရိသတ်က စင်နားကို ပြန်ရောက်လာ ပြန်ပါတယ်။ ဇော်မျိုးထွဋ်က ရော့ခ် တပုဒ် Blues တပုဒ် တီးခတ်ပြသွားပါတယ်။ ဂစ်တာသူရဲကောင်းတွေရဲ့ တကိုယ်တော် လက်စွမ်းပြမှု ကတော့ ဒီတင်ပဲ ပြီးသွားပါပြီ။
ဒါပေမယ့် မပြီးသေးပါဘူး။ ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ပွဲက အခုမှ စတာပါ။ မြန်မာပြည်မှာ နာမည်အကြီးဆုံး ဆိုတဲ့ ဂစ်တာသမား အားလုံးစုံညီ စင်မြင့်ပေါ် တက်လာကြပါပြီ။ တိုးတိုး၊ ဇော်မျိုးထွဋ်၊ ဇော်လတ်၊ ချစ်စမ်းမောင် စတဲ့ နာမည်ကျော် ဂစ်တာသမားတွေနဲ့ အတူ တကိုယ်တော် လက်စွမ်းပြခဲ့သူတွေ အားလုံး စင်ပေါ်ရောက်လာတာပါ။
ချစ်စမ်းမောင် တီးခတ်စဉ်က စင်ပေါ်မှာ မီးခိုးတွေ အမှုတ်လွန်သွားလို့ တီးခတ်သူကို မမြင်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်က အားလုံးတီးကြမယ့် အချိန်မှာ မီးခိုးတွေ မလွှတ်ဖို့ တောင်းဆိုပါတယ်။ ချစ်ကောင်းကလည်း ကြေညာ ပေးပါတယ်။ ပြောတဲ့အတိုင်း မီးခိုးတွေ မလွှတ်လို့ ဂစ်တာသမားတွေကို ကောင်းကောင်း ကြည့်ရပေမယ့် စင်ပေါ်တက်၊ ဂစ်တာသမားတွေကို ကွယ်လောက်အောင် ဓာတ်ပုံ အလုအယက် ရိုက်ကြသူတွေကြောင့် ပရိသတ် တော်တော်လေး စိတ်ကသိကအောင့် ဖြစ်ရပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ။
အုပ်စုလိုက် တီးခတ်မှုကတော့ ကွယ်လွန်သူ တေးရေးတေးဆို ထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး” နဲ့ စဖွင့်ပါတယ်။ ထူးခြားကတော့ ဂစ်တာသမား နှစ်ဦးဖြစ်တဲ့ ဇော်လတ်နဲ့ ရန်နိုင်တို့က သီချင်းဆိုကြတာပါ။ သူတို့ ဆိုအပြီး ဆိုလိုပိုဒ် အရောက်မှာတော့ ဂစ်တာသမား တယောက်ချင်း ဂစ်တာတွေ လဲလိုက်၊ လက်စွမ်းပြလိုက်နဲ့ သီချင်းတပုဒ်တည်းကို ၁၅ မိနစ်လောက် တီးခတ်ပါတယ်။ တကယ်ကို မကြုံစဖူး ထူးခြားတဲ့ ပွဲပါပဲ။ သီချင်းဆိုတဲ့ ဇော်လတ်နဲ့ ရန်နိုင်တို့လည်း မိုက်ကရိုဖုန်း ချပြီး လက်စွမ်းဝင်ပြပါတယ်။ တိုးတိုးက သူကိုယ်တိုင် တီးခတ်အပြီးမှာ ဟိုလူ၊ ဒီလူနဲ့ လက်ညှိုးထိုးပြီး တယောက်ချင်းစီကို တီးခတ်စေပါတယ်။
ရာဇဝင်များရဲ့ သတို့သမီး အပြီးမှာတော့ ဂစ်တာသမားတွေရဲ့ ပြဌာန်းသီချင်းတပုဒ်လို့ ဆိုနိုင်တဲ့ Deep Puple ရဲ့ Smoke on the water အင်ထရိုကို တီးခတ်ကြပါတယ်။ အင်ထရိုအပြီးမှာတော့ ဇော်လတ်က မိုက်ကရိုဖုန်းကို ဟန်ပါပါကိုင်ပြီး သီချင်းကို စတင်သီဆိုပါတော့တယ်။ ပရိသတ်က ဇော်လတ်ကို တော်တော်လေး သဘောကျကြတာ တွေ့ရပါတယ်။ သီဆိုအပြီးမှာ မိုက်ကရိုဖုန်း ကိုင်ရက်နဲ့ စက်ရုပ်ပုံစံ ကပြပါသေးတယ်။ ဒီမှာလည်း ဆိုလိုတွေ အများကြီး တယောက်တပုံစံစီ တီးခတ်ပြန်ပါတယ်။ ဂစ်တာ ကြယ်ပွင့်တွေ တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင် စည်းစည်းရုံးရုံးနဲ့ တီးခတ် တင်ဆက်ကြတာ မြင်ရတဲ့ အတွက် ပရိသတ်ကလည်း တသားတည်း ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ မနက် ၂ နာရီ ခွဲနေပါပြီ။ အစကတည်းက အုပ်စုလိုက် ၂ ပုဒ် တီးခတ်မယ်လို့ ကြားထားတဲ့အတွက် ဒီသီချင်းပြီးတာနဲ့ ပရိသတ်က ပြန်ကြဖို့ ပြင်ကြပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ချစ်စမ်းမောင်က မိုက်ကရိုဖုန်းကို ကိုင်ပြီး “ပရိသတ်ကြီး အိပ်ချင်နေပြီလား။ ကျနော်တို့က ဒီအတိုင်းဆိုရင် ပရိသတ်ကို ဒုက္ခပေးသလိုတော့ ဖြစ်နေပါပြီ။ ဒါပေမယ့် အဆိုတော်ကို Announcer လုပ်ခိုင်းတာတော့ မတရားဘူးပေါ့ဗျာ၊ ဒီတော့ ကိုချစ်ကောင်းကို သူ့ရဲ့ အလှည့်စီးရီးထဲက လေလွင့်ငှက်၏ ခြေရာများ သီချင်း ဆိုခိုင်းပြီး ဒီပွဲကို အဆုံးသတ်ချင်ပါတယ်” လို့ ပြောလိုက်ပါတယ်။
ချစ်ကောင်းရဲ့ “အသိုက်လည်း မရှိဘူး ကူးချင်ရာကို ကူး …” ဆိုတဲ့ အသံနဲ့အတူ ဂစ်တာ လက်စွမ်းပြသံတွေက ပွဲခင်းထဲမှာ ပြန့်လွင့်လို့ တဖြည်းဖြည်းဝေး ကျန်ရစ်ခဲ့ပါပြီ။ ကြယ်တွေလည်း လုံးဝ စုံသွားပါပြီ။ အဲဒီနေ့ကတော့ ကောင်းကင်မှာ ဂစ်တာ ကြယ်ပွင့်တွေ စုံညီတဲ့ ညပါပဲ။