SFU

ပရိသတ်တွေကို ယုံကြည်တဲ့ ၅၀ ပြည့် တူးတူး

This article has been converted from Zawgyi One to Unicode

လိဒ်ဂစ်တာ၊ ကီးဘုတ်၊ ဒရမ် သမားအားလုံး သူတို့နေရာမှာသူတို့ ဝင်ထိုင်ပြီး သူတို့၏ တူရိယာပစ္စည်းများကို စမ်းသပ် တီးခတ်၍ အတော်ကြာမှ စတူဒီယိုထောင့်တွင် ခြေဆင်းထိုင်နေသော ဘေ့စ်သမားက သူနေရာယူရမည့် ခုံသို့သွားရန် ပြင်လိုက်သည်။ သူ့ခုံမှာ ထိုင်ပြီးချိန်တွင် အဆိုတော်က ဘေ့စ်ဂစ်တာကို ယူလာပေးသည်၊ လိုအပ်သည့် ပလပ်ကြိုး များကိုလည်း အဆိုတော်ကပဲ တပ်ပေးသည်။

ဘေ့စ်တီးခတ်သူက ဆံပင်များကော၊ မုတ်ဆိတ်ပါးမြိုင်းမွေးများပါ ငွေရောင်သန်းနေပြီ ဖြစ်သည့် ဆလိုင်းဇာလျန်း၊ ပိန်ချိုင့်နေသည့် ပါးပြင်များနှင့် အနည်းငယ်ကိုင်းနေသော ခါးများက သူ့ဇရာကို ဖော်ပြနေသည့်နှယ်။ ဘေ့စ်ဂစ်တာကို ယူလာပေးပြီး ဆလိုင်းဇာလျန်း လက်ထဲ ထည့်ပေးသူကတော့ ၁၉၈၀ ကျော် ကာလများတွင် ဆယ်ကျော်သက် မိန်းကလေးများ ပါးစပ်ဖျား ရေပန်းစားခဲ့သည့် အဆိုတော် တူးတူးဖြစ်သည်။

ရန်ကုန် ဖိုးစိန်လမ်းရှိ ဟာမိုနီ စတူဒီယိုတွင် အဆိုတော် တူးတူး၏ အသက် ၅၀ ပြည့်မွေးနေ့ပွဲ အထိမ်းအမှတ် တကိုယ်တော် ရှိုးအတွက် သီချင်းကျင့်နေကြခြင်း ဖြစ်သည်။ တူးတူး၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူ့မွေးနေ့ မွေးရက်ဖြစ်သော ဇန်နဝါရီ ၃၀ ရက်နေ့ ကြာသပတေးနေ့တွင် ရန်ကုန် အမျိုးသား ကဇာတ်ရုံ၌ တကိုယ်တော်ရှိုးပွဲ ကျင်းပမည်။

ယနေ့ အချိန်ကဲ့သို့ ဂီတ အမျိုးအစားပေါင်းများစွာ ပေါ်ပေါက်လာချိန်၊ လူငယ်ဂီတသမား များစွာ ပေါ်ထွက်လာချိန်၊ ကိုယ်ပိုင်သံစဉ် သီချင်းများကိုမှ အားပေးချင်သူများ ပေါ်ထွက်လာချိန်၊ အဆို၊ အက၊ အလှ၊ နုပျိုမှု အားလုံး ပေါင်းစပ် တင်ဆက်နိုင်မှသာ လူအများ စိတ်ဝင်စားသည့် ခေတ်ကြီးတွင် အသက် ၅၀ ရှိပြီဖြစ်သော၊ တချိန်က ကော်ပီသီချင်းများဖြင့် နာမည်ကြီးခဲ့ သော်လည်း၊ ယခု လူငယ်များ သိပ်စိတ်မဝင်စားသည့် သီချင်းအေးများကိုသာ ခပ်ငြိမ်ငြိမ် သီဆိုခဲ့သော တူးတူးက တကိုယ်တော် ရှိုးပွဲ ကျင်းပမည် ဆိုသည်မှာ အနည်းငယ် ထူးခြားနေသည်။

ပရိသတ် စိတ်ဝင်စားပါ့မလား၊ သူ့ရှိုးပွဲကို လူဝင်ပါ့မလား ဆိုသည့် ဧရာဝတီ၏ မေးခွန်းကို တူးတူးက သူ့ခေတ်တွင် သူ့ကို နှစ်ခြိုက်ခဲ့သည့် ယခု အသက် ၃၅ နှစ်နှင့် ၅၀ အကြား လူလတ်ပိုင်းများ လာမည်ဟု ယုံကြည်ကြောင်း ပြန်ဖြေသည်။

အဆိုတော်တူးတူးသည် ယမန်နှစ်ကတည်းက သူ၏ Facebook စာမျက်နှာတွင် တကိုယ်တော် ရှိုးပွဲ ကျင်းပချင်ကြောင်း ရေးသားထားခဲ့ရာ သူ့ပရိသတ်များက “နောက်တောင်ကျနေပြီ” “ကျင်းပပါ၊ အားပေးမယ်” အစရှိသည်ဖြင့် Comment ၂၀၀ ခန့် ဝင်ရေး၍ အားပေးခဲ့သည်ဟု ဆိုသည်။

“ဒီပွဲ လုပ်ဖြစ်ဖို့ တွန်းအားကတော့ အဲဒီ Comment တွေလည်း တခုအပါအဝင်ပဲ။ ဒါပေမယ့် ဒီပွဲကို နောက်မဆုတ်ဘဲ လုပ်ကိုလုပ်မယ် ဆိုတဲ့ အဓိက တွန်းအားတခုကတော့ အဲဒီ Comment တွေထဲမှာ စိတ်ဝင်စားစရာ တခု ပါတယ်။ တယောက်ကတော့ ဆရာရေ Facebook ကလူတွေပြောတာ သိပ်မယုံပါနဲ့။ အခုတော့ လာမယ်ပြောပြီး တကယ်လုပ်တော့ လာချင်မှလာမယ်၊ ကိုယ်ကလည်း အသက်ကြီးပြီ၊ အခုခေတ်က လူငယ် လေးတွေကိုပဲ သိပ်အားပေးကြတာ ဆိုပြီး ရေးထားတယ်။ သူကတော့ စေတနာနဲ့ ပြောတာ ဖြစ်ပေမယ့် အဲဒီဟာက မဖြစ်ဖြစ်အောင် လုပ်ဖို့ ဖြစ်သွားတယ်။ အဲဒါတော့ အမှတ်တရပါ” ဟု တူးတူးက ဧရာဝတီကို ပြောသည်။

တူးတူးက သူ၏ Facebook စာမျက်နှာတွင် “ကျနော့်ပရိသတ်တွေကို ယုံကြည်လို့ ဒီပွဲကို လုပ်တာပါ” ဟုလည်း ရေးထား သည်။

နောက်တခု ထူးခြားတာကတော့ ယခု လက်ရှိအချိန်တွင် မင်္ဂလာဆောင်များ၌သာ လိုက်လံ တီးခတ်နေသော၊ တချိန်က နာမည်ကြီးခဲ့သော်လည်း အတီးသမားအားလုံး စုပေါင်းပါဝင်၍ Live Show တခါမှ မတီးဖြစ်တော့သည်မှာ ကြာပြီဖြစ်သော The Aces အဖွဲ့က တူးတူး၏ တကိုယ်တော် ရှိုးပွဲတွင် ပထမဆုံးအကြိမ် အားလုံးစုံညီ တီးခတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ဘေ့စ်တီးသည့် ဆလိုင်းဇာလျန်းဆိုလျှင် ကျန်းမာရေးကြောင့် မတီးခတ်ဖြစ်ခဲ့သည်မှာ ကြာပြီ။ အခုတော့ တူးတူးပွဲတွင် လူစုံတွေ့ရတော့မည် ဖြစ်သောကြောင့် The Aces ကို နှစ်ခြိုက်ခဲ့သူများက ကြည့်ချင်နေကြသည်ဟု သိရသည်။

“လုပ်ဖြစ်သွားတဲ့ အထဲမှာ တခုလည်း ရှိသေးတယ်။ အခုပွဲမှာတီးမယ့် သူတွေက ကျနော့် အခွေတွေမှာ တီးထားတဲ့ သူတွေပဲ။ ဒရမ်ဆို ကိုအော်စကာသန်းတင်၊ Bass က ကိုဇာလျန်း၊ ကီးဘုတ်က ကိုကျော်စိုးနိုင် တို့ပေါ့။ သူတို့က အဖွဲ့လိုက်အနေနဲ့ မဟုတ်ဘဲ တဦးစီ ခွဲပြီး တီးနေတာတော့ ရှိတယ်။ ကိုဇာလျန်းကတော့ မတီးဖြစ်တာ အတော်ကြာပြီ” ဟု အဆိုတော် တူးတူးက ပြောသည်။

ယမန်နှစ်က အဆိုတော် ခိုင်ထူး၊ တူးတူးနှင့် သူ့သူငယ်ချင်းတဦးတို့ စုပေါင်းကာ ကိုယ်ပိုင်သံစဉ် အများစု ပါဝင်သော စီးရီးတခု စီစဉ်ဖြစ်စဉ် The Aces နှင့် တီးဖြစ်ကြကြောင်း၊ ထိုသို့ စီးရီးစီစဉ်ရင်း သူ့ပွဲလုပ်သည့် အချိန်တွင်လည်း ထိုသူများနှင့်သာ ဖျော်ဖြေချင်သည်ဟု တူးတူးက တောင်းဆိုရာ The Aces ဝိုင်းတော်သားများကလည်း လက်ခံခဲ့သောကြောင့် ယခု ပြန်တီးဖြစ်ကြခြင်း ဖြစ်ကြောင်း တူးတူးက ရှင်းပြသည်။

“စီးရီးလေး သွင်းတဲ့အချိန်မှာ ပြန်စလိုက်တော့ စိတ်က မြူးဇစ်ကို ပြန်လုပ်ချင် လာကြတာနေမှာပေါ့။ အရင်တုန်းကလည်း လုပ်ဖြစ်နေတာပဲ၊ ကိုဇာလျန်းတယောက်ပဲ မတီးဖြစ်တာ။ အခု သူလည်း ကျန်းမာရေး ပြန်ကောင်းလာတော့ တက်ကြွပြီးတော့ သူတို့နဲ့ ပွဲလေးလုပ်မယ် တီးကြမလားဆိုတော့၊ တီးမယ်ဆိုပြီး စိတ်အား ထက်သန်တာနဲ့ လုပ်ဖြစ်သွားတာ” ဟု သူက ဆိုသည်။

The Aces အဖွဲ့သည် ၁၉၇၀ ကျော် ၈၀ ကာလများကတည်းက နာမည်ကြီးခဲ့သော်လည်း အဖွဲ့လိုက် လူစုံပါသည့် ရှိုးပွဲများ မတီးခတ်သည်မှာ ကြာပြီဖြစ်သည်။ ထိုစဉ်က ၎င်းအဖွဲ့တွင် ပါဝင် တီးခတ်ခဲ့သည့် ယခု အသက် ၅၀ ကျော် ၆၀ ဝန်းကျင် ရှိနေကြပြီဖြစ်သော လိဒ်ဂစ်တာ ပက်ထရစ်၊ ဘေ့စ်ဂစ်တာ ဆလိုင်းဇာလျန်း၊ ဒရမ် အော်စကာသန်းတင်၊ ကီးဘုတ် ကျော်စိုးနိုင်တို့ ပထမဆုံး လူစုံ ပြန်လည် တီးခတ်ကြမည် ဆိုသည့် သတင်းကလည်း တူးတူး၏ တကိုယ်တော် ရှိုးပွဲကို လူလတ်ပိုင်းအရွယ် ဂီတချစ်သူများ စိတ်ဝင်စားနေကြရသည့် အကြောင်းရင်း တရပ် ဖြစ်သည်။

“The Aces ကို သိပ်ကြိုက်တာ။ သူတို့ တီးခဲ့တဲ့ အခွေတွေ မနည်းဘူး။ ပြီးတော့ သူတို့က သီချင်းကို တီးရင် ကော်ပီ ဆိုရင်လည်း နုတ်အတိုင်း တသဝေမတိမ်း တိတိကျကျ တီးကြတာ။ The Aces ကို ပြန်ကြည့်ချင်တယ်” ဟု အသက် ၅၅ နှစ်အရွယ် The Aces ပရိသတ် တဦးက ဆိုသည်။

တူးတူးက သူ့တကိုယ်တော် ရှိုးပွဲတွင် သူ့သီချင်း အပုဒ် ၄၀ ခန့် သီဆိုမည်ဖြစ်ပြီး သူခဏ နားသည့်အချိန်တွင် သူ့ အစ်ကိုကြီးလည်း ဖြစ်သော အဆိုတော် ဗစ်တာခင်ညို အပါအဝင် ခိုင်ထူး၊ ချစ်ကောင်း၊ ကော်နီ၊ ဟေမာနေဝင်းတို့က သူတို့သီချင်းများဖြင့် ဖြေဖျော်ကြမည်၊ ကော်နီ၊ ဟေမာနေဝင်းတို့နှင့် နှစ်ယောက်တွဲ သီချင်းများလည်း သီဆိုဦးမည် ဖြစ်သည်။

အဆိုတော် တူးတူးသည် ရန်ကုန်စက်မှုတက္ကသိုလ် Civil ကျောင်းဆင်း တဦးဖြစ်ပြီး ၁၉၈၄ ခုနှစ် ကျောင်းတက်ဆဲတွင် သူ၏ “အဆင်သင့်ပဲဟေ့” အခွေ စထွက်ခဲ့ရာ ပထမ အခွေမှာကတည်းက လူကြိုက်များခဲ့သည်။ ထို့ကြောင့် ယခုနှစ်သည် သူ၏ ဂီတသက်တမ်း နှစ် ၃၀ ပြည့်သည့် နှစ်ဟုလည်း ဆိုနိုင်သည်။

စက်မှုတက္ကသိုလ် တက်ရင်း သီချင်းဆိုသောကြောင့် လည်းကောင်း၊ ၈၈၈၈ ပြည်လုံးကျွတ် အရေးတော်ပုံ ကာလနောက်ပိုင်း ကျောင်းပိတ်ရက်များနှင့် ကြုံခဲ့ရ သောကြောင့်လည်းကောင်း တူးတူးက ကျောင်းပျော်ကြီး ဖြစ်ခဲ့သည်။

“စက်မှုတက္ကသိုလ်ကို ကျနော် ၁၁ နှစ် တက်ခဲ့ရတယ်” ဟု သူက ရယ်ရင်းပြောသည်။

ကျောင်းပြီးတော့ သူ့ဘာသာရပ်နှင့် ကိုက်ညီသော ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ခဲ့သော်လည်း သူပျော်မွေ့သည်က အဆိုတော် ဘဝဖြစ်သည်။

“ဆယ်တန်းအောင်ပြီး ပထမနှစ်စတက်တဲ့ နှစ်မှာပဲ သီချင်း စဆိုဖြစ်တယ်။ သီချင်းဆိုဖြစ်ပြီး အခွေထုတ်တော့ အခွေကလည်း
အောင်မြင်တယ်။ ပွဲတွေကလည်း တောက်လျှောက် လိုက်ဆိုရတော့ အဲဒီတုန်းက ကျောင်းဆိုရင် ပရက်တီကယ်တို့ ဘာတို့ လောက်ပဲ လုပ်ဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာ အတန်းတွေ လွတ်တယ်။ တက္ကသိုလ် မရောက်ခင်အထိ အတန်း တခါမှ မကျဖူးဘူး။ အဲဒီရောက်မှပဲ အတန်းတွေကျတယ်။ တတန်းကို နှစ်နှစ်လောက် တက်ရတယ်။ ဘွဲ့ရပြီးတော့လည်း ဆောက်လုပ်ရေး အလုပ်ကို နည်းနည်းတော့ လုပ်ဖြစ်တယ်။ သီချင်းကို စိတ်ပိုများသွားတော့ အများအားဖြင့် သီချင်းဆိုတဲ့ ဘက်မှာပဲ အချိန်ကုန်ခဲ့တယ်” ဟု တူးတူးက ပြောသည်။

ထိုအချိန်က အဆိုတော် တယောက် ဖြစ်ဖို့ မလွယ်လှ၊ အဆိုတော် တယောက်အဖြစ် နာမည်ကြီးဖို့က ပို၍ မလွယ်ကူလှပေ။ ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများ၊ ကော်ပီ သီချင်းများဖြင့် ပရိသတ် ခိုင်ခိုင်မာမာ ရှိနေသော အဆိုတော် များစွာ ပေါ်ထွက် နေသည့် ထိုအချိန်တွင် တူးတူးက ကော်ပီသီချင်းအေးများကို သူ့အသံ ပါဝါကောင်းကောင်း၊ ငြိမ်ငြိမ်ဖြင့် သီဆိုကာ ပရိသတ် အခိုင်အမာ ရခဲ့သည်။

တချိန်က မြန်မာ့ရုပ်မြင်သံကြားတွင် ကြယ်တပွင့် ဖြစ်ခဲ့သော တူးတူးကို ထိုစဉ်က ဆယ်ကျော်သက် မိန်းကလေးများ နှစ်ခြိုက် အားပေးရခြင်း အကြောင်းရင်းတရပ်မှာ သူ၏ အေးဆေး ငြိမ်သက်သော ကိုယ်ပိုင်ဟန်ကြောင့်ဟုလည်း ဆိုနိုင်သည်။

အသံပါဝါ အားပြုသီဆိုရသော သီချင်းအေးအေးများကိုသာ သဘောကျသော တူးတူး အားကျနှစ်ခြိုက်ခဲ့သော ပြည်တွင်း အဆိုတော်များမှာ စိန်လွင်၊ တက္ကသိုလ်အေးမောင်၊ စိုင်းထီးစိုင်၊ ထူးအိမ်သင် စသူတို့ဖြစ်ပြီး ပြည်ပက ဆိုလျှင်လည်း Beetles၊ Beegees၊ Eagles၊ Clift Richard အစရှိသည့် အဖွဲ့များ၊ အဆိုတော်များ ဖြစ်သည်။

ကျနော်ကြိုက်တာက အေးအေးငြိမ့်ငြိမ့် ဆိုရတဲ့ Without You လို အနှေး၊ အချိုလေးတွေ ကြိုက်တယ်။ ရော့ခ်လို၊ မက်တယ်လို အပြင်းဆိုရတာတော့ မကြိုက်ဘူး။ နားထောင်ရတာလည်း မကြိုက်ဘူး။ Rap တို့ Hip Hop တို့တွေကျတော့
သိပ်ပြီး မခံစားတက်ဘူး။ သီချင်းကတော့ သီချင်းလို မယ်လိုဒီနဲ့မှ သဘောကျတယ်” ဟု တူးတူးက ပြောသည်။

သူ့ပရိသတ်များကို သူ၏ သီချင်းဟောင်းများ ပြန်လည် သီဆိုပြချင်သည့် ဆန္ဒ ယခင်ကတည်းက ရှိခဲ့သော်လည်း ယခု အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ပွဲကျမှသာ သူ့ဆန္ဒ ပြည့်ဝခဲ့ခြင်း ဖြစ်သည်။

“ဟိုးအရင် ကိုခိုင်ထူးနဲ့ ကိုစိုးပိုင်တို့ ဆိုတာကို သွားကြည့်ပြီး ကိုယ့်ပရိသတ်တွေကို ဆိုပြချင်တယ်၊ ဖျော်ဖြေပွဲလေး လုပ်ချင်ခဲ့တယ်။ မလုပ်ဖြစ်ခဲ့ဘူးပေါ့။ ဒီကြားထဲမှာ ကြည့်ဖြစ်တဲ့ အခွေတွေကလည်း Eagles Unplug Show လိုမျိုး၊ ဟိုတယ် ကယ်လီဖိုးနီးယားကို သူတို့ ပြန်လည်းတော့ အသက်ကြီးနေပြီ၊ သူတို့ပွဲကိုလာတဲ့ သူတွေကလည်း လူကြီးတွေ များတယ်။ ပျော်စရာလည်း ကောင်းတယ်” ဟု တူးတူးက ပြောသည်။

သီဆိုမည့်သူကော၊ တီးခတ်ပေးမည့် သူများပါ အသက်ကြီးပိုင်းများ ဖြစ်နေပြီး ရှိုးကြီး အတွေ့အကြုံနှင့် ဝေးနေသူများလည်း ပါနေခြင်းကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိပါ့မလား ဆိုသည့် မေးခွန်း မေးနေသူများလည်း ရှိသည်။

“ဒီပွဲကို တီးမယ်လို့ ပြောကတည်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလို့ လက်ခံတာပဲ။ ယုံကြည်မှုမရှိရင် ဒီလို တီးဖို့ အဆင့်အထိ ဘယ်လက်ခံမလဲ။ ကိုယ်ကလည်း သူတို့ကို တီးခိုင်းတယ် ဆိုတာက သူတို့ကို ယုံကြည်ပြီး သူတို့ လုပ်နိုင်မယ်ထင်လို့ တီးခိုင်းတာပဲလေ။ တကယ်လည်း သူတို့လုပ်နိုင်တယ်။ အသက် ကြီးသွားပေမယ့် သူတို့ ကလည်း မြူးဇစ်နဲ့ အခုထိ မပြတ်သေးဘူး။ Band အနေနဲ့သာ မလုပ်ဖြစ်တာ၊ သူတို့ဟာသူတို့ လေ့လာနေကြတယ်၊ တီးနေကြတဲ့ သူတွေ” ဟု အဆိုတော်က ပြောသည်။

ရွှေရတု မွေးနေ့ရှိုးပွဲက တူးတူး၏ ဘဝသက်တမ်းတွင် ပထမဆုံး လုပ်ဖြစ်သည့် တကိုယ်တော် ရှိုးပွဲ ဖြစ်သော်လည်း ဆိုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ သူ့သီချင်းများကို သူ ပြန်ဆိုမည် ဖြစ်သောကြောင့် အခက်အခဲမရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

“တခုရှိတာက ဒီလိုမျိုးပွဲက ကျနော့်သက်တမ်း တလျှောက်မှာ ပထမဆုံး လုပ်ဖူးတာပေါ့နော်။ တခါတည်း အပုဒ်လေးဆယ်ကို တခါမှတော့ မဆိုဖူးဘူးပေါ့။ အများဆုံး ဆိုဖူးတာက ၁၅ ပုဒ်၊ အပုဒ်၂၀ လောက်။ အခုဟာက အဲဒီထက်ကို နှစ်ဆလောက် ဖြစ်နေတယ်။ သီချင်းတွေ ကလည်း အော်ရတဲ့ သီချင်းတွေများတယ်၊ ငယ်ငယ်တုန်းကတော့ နည်းနည်းအော်ထားတဲ့ သီချင်းတွေ၊ အခုဟာကျတော့ လေးငါးပုဒ်ပဲ ဆိုရရင် အကြောင်းမဟုတ်ဘူး။ အခုက အပုဒ်လေးဆယ် ဆိုရမှာဆိုတော့ ကီးကို နည်းနည်းလေး ချပြီး ဆိုရတာမျိုးတွေ ရှိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခင်ထက် အနည်းငယ် ပွင့်လင်း လွတ်လပ်လာချိန်တွင် ကိုယ်ပိုင်သံစဉ်နှင့် ကော်ပီ အားပြိုင်မှုများ ဂီတလောကတွင် ရှိနေသောကြောင့် တူးတူး၏ အမြင်ကို ဧရာဝတီက မေးမြန်းကြည့်ရာ သူက “အဲဒါကတော့ တယောက်နဲ့ တယောက် အမြင်တူချင်မှ တူမယ်။ ကျနော့်အထင် ကိုယ်ပိုင်သံစဉ်လည်း မြူးဇစ်ပဲ၊ ကော်ပီဆိုတာလည်း မြူးဇစ်ပဲ၊ နိုင်ငံတကာမှာလည်း
Cover တွေကို ကော်ပီလုပ်တာ ရှိကြတာပဲ။ ကော်ပီမရှိရဘူးလို့တော့ ဖြစ်လို့မရဘူးထင်တယ်။ သူ့ပရိသတ်နဲ့ သူရှိကြတာပဲ”
ဟု ပြန်ဖြေသည်။ သူကိုယ်တိုင်လည်း ကော်ပီကော၊ ကိုယ်ပိုင်သံစဉ်များပါ သီဆိုခဲ့သူဖြစ်သည်။ ပြီးတော့ သူက မြန်မာ စတီရီယို လောကသည် ကော်ပီနှင့် အစပြု အားယူခဲ့ရခြင်း ဖြစ်သောကြောင့် ကော်ပီသီချင်းများ လုံးဝ မရှိသင့် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

“ပြောရရင် တချို့ ကိုယ်ပိုင်သံစဉ်တွေလည်း မူရင်းသီချင်းကို ဟိုတကြောင်း။ ဒီတကြောင်း ယူလုပ်ထားတာတွေ ရှိတာပဲလေ။
ဒါကပြဿနာမရှိပါဘူး။ တကယ် လုပ်နိုင်ရင်တော့ ကိုယ်ပိုင်သံစဉ်ချည်းပဲ ဖြစ်ရင်တော့ ကောင်းတာပေါ့လေ။ ဒါပေမယ့် မြန်မာပြည်က အရင်ဆိုခဲ့တဲ့ သူတွေရော၊ ပရိသတ်တွေပါ ကော်ပီနဲ့ စတီရီယို လောကကို စခဲ့တယ်လို့ ပြောလို့ရတယ်ပေါ့။
အဲဒီတော့ သူအယူအဆနဲ့ သူပဲလေ။ ကော်ပီလုံးဝမရှိတော့ဘူး ဆိုတာကတော့ လုပ်လို့မရလောက်ပါဘူး။ ကော်ပီဆိုတဲ့သူနဲ့ သူ့ပရိသတ် သူ့ဟာသူတော့ ရှိမှာပဲ။ ကော်ပီလုပ်တယ်ဆိုရင် ပရိသတ်နားဝင်ပြီးသား များတယ်။ များသောအားဖြင့်
နာမည်ကြီး သီချင်းကို လုပ်တာများတယ်။ တခုရှိတာက ကော်ပီကကျတော့ ဘောင်ခတ် ပေးထားသလိုပဲ ရှေ့ကလုပ်ထားတဲ့ အတိုင်းကို ဖြစ်အောင် လိုက်လုပ်ရတာပေါ့။ ကိုယ်ပိုင်သံစဉ်က ကျတော့ ကိုယ့်ဖန်တီးမှုပေါ့။ ကိုယ်ပိုင်ချည်းပဲ လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကော်ပီမရှိရဘူး၊ မလုပ်သင့်ဘူး ဆိုတာတော့ ပြောလို့မရဘူးပေါ့” ဟု တူးတူးက ဆိုသည်။

မြန်မာပြည်၏ ဂီတလောကက ယခင် အနှစ် ၃၀ ကျော် ကာလများနှင့် ယှဉ်လျှင် လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ ခေတ်မီ နည်းပညာ များကြောင့်ကော၊ လူငယ်ဂီတသမားများ၏ အကြားအမြင် ကျယ်ပြန့်လာမှုကြောင့်ပါ အရည်အသွေးပိုင်း တိုးတက်မှုများ ရှိလာသည်။ သို့သော် ခိုးကူးများနှိပ်စက်မှုကြောင့် ဈေးကွက်ကတော့ ပျက်နေပြီဟု ပြောနိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် ကာလများက တခွေဆို ဆိုသလောက် အဆိုတော်၊ တီးဝိုင်းနှင့် ထုတ်လုပ်သူ အားလုံး ခံစားခွင့် သူ့ဟာနှင့်သူ ရှိကြသည်။ ယခု ခေတ်မှာတော့ ပျက်နေသည့် ဈေးကွက်ကြောင့် ထုတ်လုပ်သူများလည်း ရင်းနှီးဖို့ ခက်လှသည်။

လက်ရှိ နာမည်ရ အဆိုတော်များပင် ပျက်နေသည့် ဈေးကွက်ထဲ၌ ရုန်းကန်နေကြရသည့် အနေအထားတွင် တခေတ်တခါက ပေါက်ခဲ့၊ ထင်ရှားခဲ့သော အဆိုတော်ကြီးများမှာ မင်္ဂလာဆောင်၊ စားသောက်ဆိုင် အစရှိသည့် နေရာများတွင် သီဆိုရင်း တချို့ သူတို့ဝမ်းရေး၊ တချို့သူတို့၏ ဂီတ အာသီသကို ဖြေဖျောက်နေကြသည့် အချိန်ဖြစ်သည်။

ယခု အသက် ၅၀ ပြည့်မွေးနေ့ တကိုယ်တော်ရှိုးပွဲ ကျင်းပမည့် အဆိုတော်တူးတူးကတော့ ထိုသို့သော တခေတ်တခါက နာမည်ရှိ၊ ထင်ရှားခဲ့သည့် အဆိုတော်ကြီးများ၊ အတီးသမားများကို စုစည်းကာ ရှိုးပွဲများ ကျင်းပပေးချင်သည်ဟု သူ့ဆန္ဒကို ပြောသည်။

“ကျနော် လုပ်ချင်တာက လူဟောင်းတွေပဲ စုပြီးလုပ်ချင်တယ်။ လုပ်မယ့်သူ မရှိဘူးဖြစ်နေတယ်။ ဒီမှာ ဆိုတဲ့သူတွေက ပိုက်ဆံ သိပ်မရှိတော့ လုပ်ဖို့ မဖြစ်ကြသေးဘူး။ တနေ့ကျရင် ကိုယ်နဲ့ ရွယ်တူလို့ ပြောလို့ရမယ့် သူတွေနဲ့ ပွဲမျိုးလေး လုပ်ချင်တယ်။ လူတွေက ကြည့်ကြမှာပါ။ ဒီအသက်အရွယ် ပရိသတ်တွေက စီးပွားရေးပြေလည်တဲ့သူ များတာပဲလေ။ ဟိုးတနှစ်က တခါ လုပ်သေးတယ်။ လာကြည့်တဲ့သူတွေ များတယ်။ ဘာဖြစ်လို့ ဆက်မလုပ်ကြလဲ မပြောတက်ဘူး” ဟု သူက ဆိုသည်။

တူးတူးသည် ၁၉၈၄ ခုနှစ်မှစ၍ အဆင်သင့်ပဲဟေ့၊ မိဆိုး၊ သူ၊ အကြင်နာအကြည့်တွေရဲ့ အကြောင်း၊ ဥပေက္ခာချစ်၊ ရင်ခွင်အိုသစ်၊ ရော့ခ်အက်ဆစ်ချို၊ တခြမ်းပဲ့အသည်းနှင့် ပြဿနာမရှိဘူး ဆိုသည့် စီးရီးခေါင်းစဉ်များဖြင့် တကိုယ်တော် စီးရီး ၉ ခွေ သီဆိုခဲ့သည်။

The Aces ဝိုင်းတော်သားများ စုံစုံညီညီ တီးခတ်ကြမည့် တူးတူး၏ မွေးနေ့ ရှိုးပွဲကို အဓိက စပွန်ဆာပေးသူမှာ ပရီးမီးယား ကုမ္ပဏီမှဖြစ်ပြီး MRTV4 မှ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

Loading