၂၀၁၄ ခုနှစ်အတွင်း မြန်မာ – ထိုင်း ချစ်ကြည်ရင်းနှီးရေး ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး ခြေလှမ်းအဖြစ် ထိုင်းရုပ်ရှင်ပွဲတော် ကို ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါပွဲ ကျင်းပနိုင်ရေးအတွက် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲကို ရန်ကုန် Traders Hotel မှာ ဒီနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် ထိုင်းနိုင်ငံအခြေစိုက် Kantana JK ကုမ္ပဏီနဲ့ မြန်မာနိုင်ငံဘက်က Media7 (ADMA Media Co.,Ltd) တို့က ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပမယ့်အဲဒီပွဲမှာ ထိုင်းနိုင်ငံက Pee Mark မင်းသား Mario Maurer၊ ဟာသ သရုပ်ဆောင်များဖြစ်ကြတဲ့ Pongsatorn Jongwilas ၊ Nattapong Chartpong ၊ Auttarut Kongrasri ၊ Kantapat ၊ Permpoonpatcharasook ၊ ထိုင်းနာမည်ကျော် အဆိုတော် Mos စတဲ့ နာမည်ကျော် ထိုင်း အနုပညာရှင် ၄၅ ဦး လာရောက်ဖျော်ဖြေမယ်လို့ နှစ်ဘက်သဘောတူ နားလည်မှု စာချွန်လွှာရေးထိုးပွဲမှာ ADMA Media ရဲ့ ဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောပါတယ်။
“ပွဲအစီအစဉ်အနေနဲ့ တနေ့ကို တကားနှုန်း ပြသမှာပါ။ ၃ ရက်ကို ၃ ကားပြမယ်။ ဘယ်ကားဆိုပြီး အတိအကျ မသိသေး ပေမယ့် မြန်မာ့ဆင်ဆာနဲ့ ကိုက်ညီတဲ့ ကားတွေဖြစ်အောင် ရွေးချယ် ပြသသွားမှာပါ။ ပရိသတ် အကြိုက် တွေ့မယ် လို့လည်း ထင်ပါတယ်။ ပြည်သ့ူရင်ပြင်ထဲမှာ စင်ဆောက်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေကို ထူးထူးခြားခြား ပြုလုပ်ပြီး ရုပ်ရှင် ဇာတ်ကားတွေကို ပြသသွားမယ်။ အသေးစိတ်ကိုတော့ အနားနီးမှ သေချာပြောလို့ ရမှာပါ” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုခြင်းလည်း တူတဲ့အပြင်၊ အခုပူးပေါင်းဖြစ်တဲ့ Kantana JK ကုမ္ပဏီကလည်း ၎င်းတို့ ကုမ္ပဏီနဲ့ ရည်ရွယ်ချက်ချင်းထပ်တူကျတဲ့အတွက် အတူပူးပေါင်း လုပ်ဖြစ်ခြင်းဖြစ်ကြောင်းနဲ့ ဒီလိုပွဲတွေ လာလုပ်တဲ့အတွက် မြန်မာ့ရုပ်ရှင် လောကကို တဘက်တလမ်းကနေ ကူညီပေးရာလည်း ရောက်မယ်ထင်ကြောင်း၊ အဆိုပါကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့တွေကို နိုင်ငံတကာမှာ ပုံရိပ်မြှင့်တင်ပေးနိုင်ဖို့အတွက် ရည်ရွယ် လုပ်ကိုင်သွားမယ် ဆိုတဲ့ အကြောင်းကိုလည်း ဦးဝေမင်းမောင်က အဆိုပါပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပမယ့် ထိုင်း ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက “ရုပ်ရှင်ပွဲတော်အနေနဲ့ သူတို့က လာပြမှာဆိုတော့ အရမ်းကို ကောင်းပါတယ်။ အရင်တုန်းကလည်း တရုတ်၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတွေက လာပြခဲ့ကြတယ်။ လာပြတုန်းကတော့ ကျနော်တို့ လက်ခုပ်တီးပြီး အားပေးခဲ့တာ။ ပြန်သွားတော့ ရုပ်ရှင်လောက အတွက် ဘာမှမကျန်ခဲ့ဘူး။ အခုပွဲကတော့ မြန်မာ့ ရုပ်ရှင်လောကသားတွေနဲ့ သူတို့ဆီက အနုပညာ သမားတွေနဲ့ အချိတ်အဆက်တွေ၊ အကူအညီတွေ ရအောင် လုပ်ချင်တယ်လို့ အခုပဲ Kantana JK ကုမ္ပဏီနဲ့ တိုင်ပင်နေတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
Kantana JK ရဲ့ တာဝန်ရှိသူတဦးကလည်း မြန်မာ့ ရုပ်ရှင်လောကအပေါ် အရင်ကတည်းက စိတ်ဝင်စားမှုရှိခဲ့ပြီး အခု အစိုးရအသစ် ပေါ်ပေါက်လာပြီးမှသာ ဝင်ရောက်လာနိုင် ခဲ့ကြောင်း၊ အခုလို ပူးပေါင်းလုပ်ဆောင်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ မြန်မာ့ရုပ်ရှင်လောက အတွက်လည်း အကူအညီ အထောက်အပံ့များ ပေးသွားမှာဖြစ်ကြောင်း ရှင်းပြပါတယ်။
ဒီနေ့ပြုလုပ်ခဲ့ သဘောတူ စာချွန်လွှာ ရေးထိုးတဲ့ ပွဲကို လူမင်း၊ မေကဗျာ၊ ဖူးစုံ၊ မိုးစက်ဝိုင် စတဲ့ မြန်မာ အနုပညာရှင်များနဲ့ မီဒီယာအသီးသီး တက်ရောက်ခဲ့ကြ ပါတယ်။