“မွှေး”ကို စသိချိန်မှာ ကျမ အတော် ငယ်သေးသည့် ဆယ်ကျော်သက်အရွယ်။ သည်အချိန်မှာပင် တတိယ အကြိမ်၊ စတုတ္ထအကြိမ်လောက် ထွက်ထားပြီးသော “မွှေး” စာအုပ်ကိုသာ ဖတ်ရခြင်းဖြစ်သည်။ မွှေးကို စထိတို့ခွင့်ရကတည်းက ကျမ ချစ်သည်။
“မွှေး”ကို ကျမရင်ထဲ ထုဆစ်ဖန်တီး ပေးပို့သူသည် အများက “စုမေ” ဟုခေါ်သော စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုသာ ဖြစ်၏။ ခင်းနှင်းယုဟု ဆိုတာနှင့် ပျောင်းနွဲ့မှုနှင့် မာကျောမှုကို ရောယှက်စီခြယ်ကာ မျက်နှာကပြုံးလည်း၊ မျက်လုံးက အရောင်တောက် နေပြီး နှလုံးသားနှင့် ခံစားရသမျှ ခိုင်မာသည့် စိတ်ဓာတ်ကိုကာရံ၍ ဝတ္ထုတွေကို ဖန်တီးသူဟု ဖွင့်ဆိုနိုင်၏။
တကြိမ်နှစ်ကြိမ်ထက် ပိုမမြင်ဖူးသော်လည်း ဒေါ်ခင်နှင်းယုသည် “မွှေး” ဖြစ်နေသည်ကို ကျမတို့ စာဖတ်ပရိသတ်ကို အသိပေးနိုင်သော စွမ်းအင်လည်း ရှိပြန်၏။
ထို “မွှေး”ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ကံ့ကော်ဝတ်ရည်စာပေက ပြန်ထုတ်ဝေလိုက်၏။ “မွှေး” ဟု နာမည်တပ်သော်လည်း မွှေး၊ အတွတ်ရေ၊ ကုသိုလ်ကြမ္မာမမီပါခဲ့နှင့် ကျနော် တင်အောင်ထွန်း ဆိုသည့် လုံးချင်းဝတ္ထု ၄ အုပ်ကို တစုတစည်းတည်း ပြန် ထုတ်ခြင်းဖြစ်သည်။ မျက်နှာဖုံး ပန်းချီက မြင့်မောင်ကျော်။ စိမ်းဖန့်သော စပါးခင်းတွေကို ကျောခိုင်း၍ ဆံပင်နက်နက်
ဖားလျားနှင့် လျှောက်နေသော မိန်းမငယ်လေးကို တွေ့ရတာကိုက ရင်ထဲ လှုပ်ခတ်လွန်း၏။ စာမျက်နှာပေါင်း ၆၄၃ မျက်နှာ ရှိသော စာအုပ်ထူကြီးက ထိုကတည်းက ကျမသွားလေရာ ပါတော့သည်။ စာအုပ်ကို တထိုင်တည်းဖတ်ခွင့် မကြုံ၍ ကြုံတိုင်း အခွင့်ရတိုင်း ဖတ်ရင်း ကျမသည် မွှေးနှင့် အတွတ်အပြင် ဖရက်ဒီကိုပါ ဘယ်လို သံယောဇဉ် တွယ်သွားမှန်းပင် မသိအောင် ဖြစ်ရလေ၏။
ယခုစာအုပ်ကြီးတွင် စိတ်ဝင်စားစရာ အကောင်း ဆုံးကား တက္ကသိုလ်တင်ဟန်ကျော် (ကံ့ကော်ဝတ် ရည်စာပေ) ၏ အမှာစာပင် ဖြစ်နေ၏။ ကျမဘာမှ ရေးပြစရာ မလိုအောင်ပင် ဤဂန္ထဝင် စာအုပ်ကြီး ဖြစ်ပေါ်လာပုံနှင့် ဝတ္ထု၏ နောက်ခံ အခင်းအကျင်း တို့သည် ထိုခေတ်ထိုကာလ နိုင်ငံရေးမုန်တိုင်း၊ နိုင်ငံရေး လှည့်ကွက်တို့နှင့် ခေတ်နှင့်စနစ်ကို မီးမောင်းထိုးပြ ထားကြောင်း ရှင်းလင်း ဖွင့်ဆိုထားသေး၏။ စာအုပ်များ ဖြစ်တည်ပုံကို ရှင်းထား၏။ ဝတ္ထုအဖွင့်ကိုတော့ စာရေးဆရာမကြီး
ဒေါ်ခင်နှင်းယုက မြန်မာရနံ့ဖြင့် ဖွင့်လေသည်။
“ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင်
စပါးစေ့လေး တို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်”
ငယ်ကချစ် အနှစ်တရာ မမေ့သာ ဆိုသလို အတွတ်က မကျည်းတန်ဟု ခေါ်သော မွှေးတို့ ငယ်ဘဝသည် ဝါးခယ်မမြို့၊ သော်က ရွာလေးမှ အစပြုခဲ့သည်။ ငယ်စဉ်ကတည်းက အတွတ်ချစ်ရပြီး အတွတ်ကို ချစ်ရမှန်း မသိသော မွှေးက ဖရက်ဒီ (ခေါ်) တင်အောင်ထွန်းကို ချစ်မိလေ၏။ အတွတ်နှင့်မွှေး ဇာတ်လမ်းက ဖရက်ဒီနှင့် ကိုကိုနိုင်တို့ကြောင့် အချိုးအဆစ်ပေါင်း များစွာ ချိုးကွေ့သွားတော့၏။
သူဌေးသား ဖရက်ဒီက အချစ်ဦးပဲဆိုဆို ကျမတို့ စာဖတ်ပရိသတ်ကတော့ အတွတ်နှင့်ပင် သဘောတူသည်။ ဒါပေမယ့် အတွတ်နှင့် မွှေးကို ဘယ်လောက် သဘောတူတူ ဗိုလ်မှူး မောင်မောင်နိုင် (ကိုကိုနိုင်) နှင့် လက်ထပ်ခဲ့သော မွှေးမှာ
တီဘီရောဂါ ဖြစ်၍ အိန္ဒိယပြည်၊ မဒရပ်က အာရောဂျံမှာ ဆေးကုရလေသည်။ အဆုတ်ရောဂါ ဖြစ်နေသော အစ်မ မမအေးကို ပြုစု၊ နေမကောင်းသည့် မိခင်ဒေါ်တင်တင်ကြီးကို ပြုစုနှင့် ကိုကိုနိုင်တာဝန်ကျရာသို့ မလိုက်နိုင်တာပင် နှစ်နှစ်၊ သုံးနှစ်မက။
ပိုဆိုးသည်က မွှေးကိုယ်တိုင် တီဘီရောဂါဖြစ်၊ အာရောဂျံမှာ တနှစ်နှင့် ခြောက်လတိုင်တိုင် ဆေးသွားကုချိန်မှာ ဒေါက်တာ မိုးကောင်း (အတွတ်) က စောင့်ရှောက်ပေးခဲ့ပြီး ရန်ကုန်ပြန်ရောက်တော့ ခင်ပွန်းသည်မှာ တခြား မိန်းမနှင့် သားလေး တယောက် ရနေကြောင်း ဖုန်းဆက် အကြောင်းကြားတာကို လက်ခံနားထောင်မိသော မွှေး၏ ဖြစ်အင်က အသည်း ပေါက်မတတ် နာကျင်စရာ အကြောင်းနှင့် အကျိုးတို့ခိုင်မာသော လားရာမှ စာဖတ်ပရိသတ်သည် မည်သူ့ကို အပြစ်တင်ရမှန်း မသိဘဲ၊ ကြေကွဲဆို့နင့် ခဲ့ရသည်။ ကိုကိုနိုင် တာဝန်ကျရာ လားရှိုးသို့ လိုက်စဉ်ကလည်း မွှေးသည် ဖတ်စရာ စာအုပ်ပုံတွေ အကြား နစ်ဝင်ခဲ့၏။ မွှေး ဖတ်သော စာအုပ်တအုပ်မှာ “ဧဂျင်ရှန်ကော” ဖြစ်သည်။
“ဟုတ်တယ်၊ ဒီစာအုပ်ကို ကိုကိုနိုင်ဖတ်ကြည့်။ အဲဒီအထဲမှာ ဇာတ်လိုက်ဆီနူး ပြောတဲ့ စကားတလုံး မွှေး သိပ် သဘော ကျတာပဲ။ သူ့မိတ်ဆွေ စစ်ဗိုလ်ကြီးက ဘုရင့်သမီးကို သိမ်းပိုက်၊ ဘုရင်ကိုသတ်ပြီး အီဂျစ် ဧကရာဇ်အဖြစ် အုပ်ချုပ်တဲ့အခါမှာ ဆီနူးကို ပြောတယ်လေ။ သူ့သစ္စာခံပြီး သူ့အတွေးအခေါ်တွေကို လက်ခံဖို့၊ အဲဒီလိုဆိုရင် သူချီးမြှောက်မယ့် အကြောင်း။
ဒီတော့ ဆီနူးက ဘာပြန်ပြောလဲဆို “ပညာဟာ အာဏာ တန်ခိုးကိုဘယ်တော့မှ ဦးမညွတ်ဘူး” တဲ့၊ ဘယ်လောက် ကောင်းတဲ့ စကားလုံးလဲ၊ မွှေးတော့ သိပ်သဘောကျတာပဲ”
စာပေဟောပြောပွဲများစွာမှာ စာရေးဆရာတွေ ပမာတင်စား ပြောကြားခဲ့သော မွှေးဝတ္ထုထဲမှာ စကား စာသား၏ ပမာဏက ဤမျှ တာသွားခဲ့တာ မဆန်းပြားပါ။
“ကုသိုလ်ကြမ္မာ မမီပါခဲ့” ကတော့ အတွတ်၏အလွမ်းစာဖြစ်သည်။ အတွတ်တယောက် ဆရာဝန်ကြီး ဒေါက်တာမိုးကောင်း အဖြစ် သူတို့အိမ်မှ အိမ်ဖော်မလေး ရှဲလာ၏ သားလေး တွတ်နီကို သူ့သားအရင်း ရစ်ချတ်အဖြစ် မွေးစားခဲ့သည်။ သည် အတွတ်ကို စာရေးသူက မွှေးဘဝထဲ ပြန်ခေါ်ခဲ့သည်။ အတွတ်၏ အချစ်ကိုဖွင့်ဖို့ အချိန်တန်ပြီဟု ယူဆ၍ အတွတ် ဘက်က “ဆိုရေးရှိက ဆိုအပ်လှ၏” ဟု ရှေ့နေလိုက်ရာတွင် စာရေးဆရာက တရားသူကြီးသဖွယ် ကျင့်ကြံခဲ့လေ၏။
“ကုသိုလ်ကြမ္မာမမီပါခဲ့၏” ဝတ္ထုအခန်းစဉ်တိုင်း ကို နာမည်တွေပေးခဲ့၏။ ၁၉၅၉ ခုနှစ်မှာ “မွှေး” ကို ရေး၍ “ကုသိုလ်ကြမ္မာ” ကို ၁၉၇၂ ခုနှစ်ကျမှ ရေးနိုင်ခဲ့သည်။ ကာလ ကွာခြားမှုမှာ ဆယ့်သုံးနှစ်လောက် ခြား၏။ “အတွတ်” ကိုတော့ ၁၉၇၅ ခုနှစ်ကျမှ ရေးသားခဲ့၏။ ၁၉၇၇ ခုနှစ်မှာ “ကျနော် တင်အောင်ထွန်း” ကို ရေးသည်။ “ချစ်လှစွာသော မကျည်းတန်” ဟူသော အဖွင့် ကပင် အတွတ်၏ အချစ်ဖြစ်သည်။ အတွတ်က မွှေးကို မကျည်းတန်ဟု ခေါ်ပါသည်။ အတွတ်ရင်ထဲမှာ မွှေးသည် “ဆံရစ် ဝိုင်းလေးနှင့် နားကွင်းကျယ်ကျယ်ကို ပန်ကာ အသားမည်း အကျည်းတန်လှသော မျက်နှာဝိုင်းနှင့် ကလေးမလေး။ မျက်နှာသွင်ပြင်က ညိုစိမ့်စိမ့် စိုပြည်ပြည် ဖြစ်လာကာ မျက်လုံးလေး ဝင်းလက်လက်နှင့် ချစ်ဖွယ်ကောင်းသော မိန်းကလေး” ဖြစ်လေသည်။
အတွတ်ကို မိန်းမပေးစားဖို့ စပ်ကြဟပ်ကြသည့် အခါ အတွတ်၏ ဒေါ်လေး ဒေါ်လေးစီ၏ မိန်းမ စံနှုန်းကလည်း ဤသို့ဤပုံ။
“ခင်ထားမွန်ဘက်က အဒေါ်တယောက်က ခပ်စီးစီးရယ်။ သူတို့တူမက ထမင်းဘယ်က ဖြစ်တယ် ဆိုတာ မသိဘူးဆိုတာမျိုး ပြောလာတော့ … ဟဲဟဲ ဒီက မိစီကလည်း ဘာရမလဲ၊ စောင်းသလိုလိုနဲ့ တဲ့တိုးပဲ ပြောခဲ့တယ်။ ကျမ အမေက စာဖတ် ဝါသနာ ပါတယ်။ သိပ်လည်း မှတ်သားတတ်တယ်။ အမေ ခဏခဏပြောတာ ကြားဖူးတယ်လို့ …။ အခု အင်္ဂလိပ် ဘုရင်မ အဲလီဇဘက် နဲ့ မာဂရက်တို့ ဘွားအေ မေရီမိဖုရားကြီးဟာ ဂျော့ဘုရင် မင်းမြတ်ကို ဘယ်လိုပဲ စားတော်ကဲ စားဖိုမှူးတွေ ရှိပေမယ့် သူကိုယ်တိုင် ထမင်းချက်ပြုတ် ကျွေးတယ်လို့။ ဒါတောင် ချစ်လို့ ယူထားတာမဟုတ်ဘူး။ မေရီ မိဖုရားကြီးရဲ့ အချစ်ဦးက စစ်မြေပြင်မှာ ကျဆုံးသွားတာ၊ အင်မတန် မိန်းမပီသတဲ့ မိဖုရားကြီးကို အမေက ပြန်ပြောသလိုလို ဘာလိုလို နှက်ခဲ့တယ်”
ဟိုခေတ်က ဆိုပြော၊ စောင်းပြောလေးတွေ မှာကိုက စာပေဗဟုသုတနှင့် ယှဉ်သော ဓလေ့က ကျမတို့ စာဖတ်ပရိသတ်ကို ပြုံးတုံ့လှယ် ဖြစ်ရသည်။ ခေါင်းညိတ် ရယ်မောရသည်။ ဆက်ပြောလျှင်တော့ ကုန်နိုင်ဖွယ် မမြင်ပါ။ အချစ်သည် တောင်တန်းများ အပေါ်တွင်ရှိ၏၊ မြေပြင်တွင်လည်းရှိ၏၊ အချစ်သည် ဘုံနန်းပြာသာဒ် များတွင်လည်း ရှိ၏၊ တဲငယ်တွင်လည်း ရှိ၏၊ အချစ်သည် လယ်ကွင်းများတွင်လည်း ရှိ၏၊ စက်ရုံ များထဲတွင်လည်း ရှိ၏၊ အချစ်သည် ပင်လယ်ပြာတွင် လည်းရှိ၏၊ သဲကန္တာရထဲနှင့် အိုအေစစ်များ ထဲတွင်လည်း ရှိ၏။ လယ်သမားရဲ့ နှလုံးသားမှာ အချစ်မရှိရင် စပါးနှံတွေ ဖွဲပြာ ဖြစ်သွား နိုင်တယ်၊ စက်ရုံအလုပ်သမား နှလုံးသားထဲမှာလည်း အချစ်မရှိရင် စက်ရုံဟာ မီးခိုးတိတ်လို့သွားနိုင်တယ် ဆိုသော စာသားတွေနှင့် အတွတ်တယောက် မကျည်းတန်ဆီ လွမ်းတမ်းတရစ် တောင်းဆိုသံက အတွတ်ကို မွှေးလက်ခံ လောက်ပါ ပေသည်။ ထို့ကြောင့်လည်း “စုလည်းမဆင် နှောင်ထုံးရှင်နှင့် မြင်လျှင်ပင်ကို ကြိုးပါလို၏ ကုသိုလ်ကြမ္မာ မီကောင်းပါရဲ့” ဟု အတွတ် ဆိုချေတော့၏။ စာရေးသူ ကိုယ်တိုင်က အတွတ်ကို မထားရစ်ခဲ့ လိုတော့သော အဖြေ။
ကျမ တပုဒ်ပြီးတပုဒ် ဖတ်ရင်း ကျနော် တင်အောင်ထွန်းကို ဖတ်ရစဉ် အလွန်စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည်။ ဖောက်ပြန်သော ယောကျာ်နှင့် ဖောက်ပြန်သော မိန်းမတို့၏ အနိဋ္ဌာရုံ။ ဇနီးသည် အေမီ ဇာတ်ထဲက မောင်သစ္စာနှင့် ဖောက်ပြန်တာကို မိပြီး သေနတ်နှင့် ပစ်သတ်ဖို့ ကြံရွယ်ခဲ့သည့် ဖရက်ဒီကိုယ်တိုင် ဇာတ်ရုံမီးလောင်၍ ရုပ်ပျက်ဆင်းပျက် ဘဝနှင့် မွှေးအိမ်မှာ
ကားဒရိုင်ဘာ ပြန်ဖြစ်ရသည့် အဖြစ်ဆိုး။ လောကမာယာနှင့် အလှည့်အပြောင်းတို့ကို ဘာသာရေး အမြင်ဖြင့် ဆရာတော် ကြီးများ တရားကျမ်းဂန်များ ကိုးကားပြီး ဖရန်ဒီကို မွှေးဘဝထဲ ပြန်ခေါ်ခဲ့ပြန်သည်။ တတ်လည်း တတ်နိုင်ပါပေ့ ဆရာမကြီး ဒေါ်ခင်နှင်းယုရယ် လို့သာ အံ့ဩဘနန်း ဖြစ်ရပြန်၏။
မတရား ရယူခဲ့ရမှုတို့၏ လားရာတွင် ဝဋ်ဆိုတာကို ဤသို့ နားလည်စေခဲ့သော တင်ပြမှု။ ကြက်သီး ထမိပါသည်။
ဒါကြောင့်လည်း ဆရာမကြီး ဒေါ်ခင်နှင်းယုက ဝတ္ထုအဆုံးသတ်မှာ ဆိုလေသည်။
“နှလုံးသားမှာ ထိခိုက်မှုမရှိရင် ကျမ ဘယ်တော့မှ စာမရေးဘူး” တဲ့။ ကမ္ဘာကျော် ကဗျာဆရာကြီး ရှယ်လီကလည်း ပြော ဖူးပါသည်။ “ကဗျာ ဆရာဆိုတာ နိုင်ငံရဲ့ တရားမဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်” တဲ့။ ဒါဆိုရင် ကျမလည်း ပြောချင် ပါသည်။ “စာရေးဆရာဆိုတာ အနုပညာနှင့် ပြည်သူအတွက် တရားဝင် အတိုက်အခံ ပါတီနဲ့ တရားဝင် နှလုံးသား ရှေ့နေ များသာ ဖြစ်ပါတယ်” ဟု မွှေးဝတ္ထုကြီးကို ဖတ်အပြီး ဤသို့ ကောက်ချက်ဆွဲလိုက် မိပါတော့သည်။
စာအုပ်အမျိုးအစား – ဝတ္ထုရှည်
စာအုပ်အမည် – မွှေး
စာရေးသူ – ခင်နှင်းယု
စာအုပ်တိုက် – ကံ့ကော်ဝတ်ရည်
ထုတ်ဝေသည့်နှစ် – ၂၀၁၃ နိုဝင်ဘာ
တန်ဖိုး – ၇၅၀၀ ကျပ်