မစပ်စုတို့ ရွှေပြည်ကြီးကို ဒီမိုကရေစီ နိုင်ငံတော်ကြီးပါလို့ ပြောင်းလဲသတ်မှတ်လိုက်ပြီ ဆိုကတည်းက ခေတ်စားလာတဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ တခုခုဖြစ်တာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြမယ် ဆိုတာပါပဲ။ တချို့တချို့ အရာတွေကလည်း လမ်းပေါ်ထွက်မှ ရမှာဆိုလို့ ထွက်နေကြရတဲ့ အနေအထားတွေ ရှိသလို၊ တချို့ကတော့လည်း ဘာအကြောင်းလေးပဲ ဖြစ်ဖြစ် ထစ်ကနဲရှိ ဆန္ဒထုတ်ဖော်ကြမယ် ဆိုလေတော့ ‘ခေတ်မီသူတိုင်း လမ်းပေါ်ထွက်ကြသည်’ လို့ ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။ ဆိုတော့ ဒီလို အခြေအနေတွေကို လူငယ်အဆိုတော် တွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်နဲ့ ဝေလ တို့ သုံးယောက်က သရော်ပြီး သီဆိုထားတဲ့ သီချင်းလေး တပုဒ်ကို Youtube အင်တာနက် စာမျက်နှာမှာ မစပ်စု သတိထားမိသွားပါတယ်။ ဒီသီချင်းလေးကို Shwe FM ရဲ့ ၄ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ သီဆိုခဲ့ကြတာဖြစ်ပြီး Reggae နဲ့ ဟစ်ဟော့ပ် ပုံစံ ပေါင်း စပ်သီဆိုထားတဲ့ သီချင်းတပုဒ်ပါ။ သီချင်းရဲ့ အမည်ကတော့ “ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်” ဆိုပဲ။ သီချင်းခေါင်းစဉ် ကြားလိုက်တာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတာတော့ အမှန်ပါ။ သီချင်းရဲ့ စာသားတွေ ကလည်း လက်ရှိ မြန်မာပြည်မှာ ဆန္ဒထုတ်ဖော် နေကြသူအပေါင်းရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝေဖန် ထားတယ်လို့ ဆိုရမှာပါ။ တိုင်းပြည်ရဲ့ အနေအထားတွေကို လူငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတဲ့ ဒီသီချင်းလေးနဲ့ ပတ်သက်လို့ ဒီသီချင်းမှာ ပါဝင်ပတ်သက်ခဲ့ကြ သူတွေထဲက တယောက်ဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ မစပ်စု စကားစမြည် ပြောဖြစ်ခဲ့ကြပါတယ်။ ဟစ်ပ်ဟော့ပ် အဆိုရှင် ကျော်ထွဋ်ဆွေဟာ ဟစ်ပ်ဟော့ပ် တေးသီချင်းတွေကို ၂၀၀၅ ခုနှစ် လောက်ကတည်းက စတင်ဖန်တီး သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ “ရပ်ကွက်ထဲက အရူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တကိုယ်တော် တေးစီရီး ထွက်ရှိထားခဲ့ပြီး အတွဲခွေပေါင်း အများအပြားမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ “ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်” ဆိုတဲ့ ဒီသီချင်းခေါင်းစဉ်အရ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ကြတဲ့သူတွေအပေါ် မြင်မိတဲ့ သူ့တို့ရဲ့အမြင်နဲ့ ဒီသီချင်းကို ဘယ်လိုကြောင့် ဖန်တီးဖြစ်လဲ ဆိုတာတွေကို ကျော်ထွဋ်ဆွေဆီ မစပ်စု စပ်စုထားခဲ့သမျှ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
မေး။ ။ ဒီသီချင်း ရေးဖြစ် ဆိုဖြစ်ပုံကို ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒီသီချင်းက ကျနော်တို့ Shwe FM ပွဲမှာ သူများနဲ့ မတူတဲ့ အကြောင်းအရာကို အဲဒီတုန်းက သီချင်းရေးမယ်ဆိုတော့ ကျနော်တို့ဆီမှာ ခေတ်စားတာက Miss Universe သွားပြိုင်မယ့် မိန်းကလေးကို ဆန္ဒပြမယ်ဆိုပြီးတော့ သတင်းတွေ ထွက်ကြတာ။ နောက်ပြီးတော့ ဘယ်သူပဲ ကြည့်လိုက်ကြည့်လိုက် ဆန္ဒပြမယ် ဆိုတာချည်းပဲ။ အဲဒီတော့ ကျနော်တို့က အဲဒါကို ပြန်ပြီး သရော်ထားတဲ့ သဘောပါပဲ။
မေး။ ။ ဒါဆို လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ဆန္ဒပြမှု အနေအထားတွေကို သရော်ထားတဲ့ သီချင်းလို့ ပြောချင်တာ လား။
ဖြေ။ ။ ဟုတ်ကဲ့ … ရပါတယ်။
မေး။ ။ ဒီသီချင်းရဲ့ ဖန်တီးရှင်က ဘယ်သူပါလဲ။
ဖြေ။ ။ ကျနော်တို့တတွေ အကြောင်းအရာတခုကို တည်လိုက်ပြီးတော့ ကိုယ်ဆိုမယ့် အပိုင်းကို ကိုယ်တိုင်ရေးကြတာပါ။
မေး။ ။ ဒီ သီချင်းထဲက “အားနေ ယားနေတိုင်း လမ်းပေါ်ထွက် လမ်းသလားနေတာ ဘာတွေလဲ” ဆိုတဲ့ စာသားက လက်ရှိ မြန်မာပြည်မှာ ဘယ်လိုအကြောင်းအရာတွေနဲ့ ဆန္ဒပြနေတဲ့ သူတွေကို ပြောချင်တာပါလဲ။
ဖြေ။ ။ အဓိကကတော့ တကယ့် ဆန္ဒထုတ်ဖော်တဲ့ သူတွေကို ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ ဒါကို စီးပွားရေးအရ လုပ်တဲ့သူရှိတယ်။ နေ့စားတို့ ဘာတို့ပေါ့။ တကယ်တော့ သူတို့စိတ်ထဲမှာ ဘာမှမရှိဘူး။ ပဋိပက္ခ တခုဖြစ်တိုင်း ဆန္ဒပြတယ်။ ကိစ္စ နောက်တခု ထပ်ဖြစ်လာလည်း သူတို့ပါတယ်။ အဲဒီလိုလူတွေပေါ့။
မေး။ ။ “အကျိုးမဲ့ ဆန္ဒပြမှု ပပျောက်ရေး ဒို့အရေး” လို့ ဆိုလိုက်တာမှာ ကျော်ထွဋ်ဆွေတို့ ပေးချင်တဲ့ Message က ဘာဖြစ်မလဲ။
ဖြေ။ ။ အခု ဒီမိုကရေစီ ရပြီးတဲ့နောက် လူတွေအကုန် ဆန္ဒပြလို့ ရသွားတယ်ပေါ့။ ဒါပေမယ့် ဥပမာ – ကားပွဲစားတန်း ရွှေ့လို့ပဲ ဖြစ်ဖြစ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတုန်းက ဒီဘက်ရွှေ့ရွှေ့ချင်း နေရာမဦးလိုက်ရတဲ့ သူတွေက ဟိုဘက်မှာ ဆန္ဒတွေ ပြကြတယ်လေ။ အဲဒီလိုမျိုးပေါ့။ တခုခု ထစ်ကနဲဆို ဆန္ဒတွေပြနေရင် အသားကုန် များသွားပြီးတော့ ကြာရင် အရင်လို ပြန်ဖြစ်သွားမှာ ကြောက်တယ်။ အဲဒါကြောင့်လည်း ပါတယ်။ အဓိကကတော့ ဒီအကြောင်းအရာတွေကို သိအောင် Message ပေးချင်တဲ့ သဘောပါ။ ကျန်တာတော့ ဘာမှမပါဘူး။ ကျနော်တို့ ပြောချင်တာက တခုခုကို နည်းနည်းဆိုတာနဲ့ ဆန္ဒပြနေလို့ မပြီးဘူးပေါ့။ ပြည်သူတွေ အကုန်လုံး တယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေက တခုခုဆို ဆန္ဒပြမယ် ဆိုတာကြီးကို ပျောက်စေ ချင်တယ်။
မေး။ ။ သီချင်းစာသားထဲမှာလည်း ပါတယ်လေ။ “ခေတ်မီချင်သူ ဒီကို လာကြဟေ့” ဆိုတာက ခေတ်မီသူတိုင်း ဆန္ဒ ပြကြသည်လို့ ဆိုလိုချင်တာပါလား။
ဖြေ။ ။ အဲဒါကတော့ ပေါ်ပင် ဆန္ဒပြတဲ့ သူတွေကိုပေါ့။ အဲဒီစာသားလေးတွေ ကတော့ ဘယ်လိုပြောမလဲ၊ သရော်ထား တာပေါ့။ အဲဒါကတော့ တချို့တချို့တွေကို ဆိုထားတာပေါ့။
မေး။ ။ “ဖုန်းတလုံး ၁၅၀၀ … အိပ်မက်လို့ထင်လား။ သိန်းတရာနဲ့ အရင်ကဆို လေးဘီးကားပဲ မင်းရမှာ” လို့ဆိုထားတာ့ အခုလက်ရှိ ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ အခြေအနေကို ကျော်ထွဋ်ဆွေတို့ လူငယ်တွေအနေနဲ့ ကြိုဆိုတယ်လို့ ဆိုလိုတာလား။
ဖြေ။ ။ ကြိုဆိုပါတယ်။ ကျနော်တို့မွေးကတည်းက လူဖြစ်လာတာ အခု အသက် ၂၅ နှစ် ကျော်ပြီ။ အဲဒီမှာမှ ဒီနှစ်ပိုင်း အတွင်းမှာ ကျနော်တို့ မြန်မာပြည်မှာနေရတာ အကောင်းဆုံးပါပဲ။ ကျနော်တို့အတွက် တဖြည်းဖြည်းနဲ့ တိုးတက်လာဖို့ပဲ ရှိတယ်။ စပြီး ဖွံ့ဖြိုးဆဲကာလမှာ အဲဒီလိုမျိုး မဆိုင်တာတွေ မပါစေချင်ဘူး။ ကျနော်တို့ လူငယ်တွေရင်ထဲမှာ ခံစားနေရတာတွေကို တော်ရုံတန်ရုံမရေးဖြစ်ကြဘူး။ မရေးလည်း မရေးချင်ကြဘူး၊ မရေးရဲကြဘူး။ ဒါပေမယ့့် အဲဒီလို အကြောင်းအရာကို စွန့်စားပြီးတော့ ရေးခဲ့ရတာပါ။ ပြီးတော့ ကျနော်တို့ အခုလို လွတ်လပ်တဲ့ခေတ်ကို ပိုပြီးသဘောကျတယ်။ ကျနော်တို့တတွေ စပြီး သီချင်းတွေ လုပ်တုန်းက Sample သီချင်းတွေ Underground သီချင်းတွေ ရှိတယ်။ အဲဒီသီချင်းတွေ ကျနော်တို့ အပိတ်ခံရတယ်။ ခံဝန်တွေ ဘာတွေလည်း ထိုးရတယ်။ အခုကျတော့ အဲဒါမျိုးတွေလည်း မရှိတော့ဘူး။ ဆင်ဆာကိစ္စ အများကြီးကို သက်သာသွားတယ်။ အဲဒီတော့ ကျနော်တို့က ဒီအခြေအနေလေးကို သဘောကျတယ်။
မေး။ ။ ဒီသီချင်းက လက်ရှိမြန်မာပြည်ရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ရေးသားထားတာ ဆိုတော့ စပြီး ရေးဆိုတဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရပါသေးလဲ။
ဖြေ။ ။ အခက်အခဲကတော့ ကျနော်တို့ စာသားတွေက အဓိကပေါ့။ မှားသွားမှာကြောက်တာပေါ့။ တဘက်ခြမ်း နည်းနည်း ရောက်သွားရင်တော့ ကျနော်တို့ ပြောခံရမှာလေ။ ပြည်သူပိုင်းပဲ ဖြစ်ဖြစ် လူကြီးပိုင်းပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်ဘက်မှ ရောက်အောင် ရေးလို့မရဘူး။ အလယ်မှာပဲ ရေးရတာပေါ့။ အဲဒီတခုတော့ အခက်အခဲရှိပါတယ်။ နောက်တခုက ဘာပဲဖြစ်ဖြစ် ကလေးတွေပါပဲ။ ကလေးတွေက စပြီးတော့ အဲဒီလိုဆိုပြရင် လူကြီးပိုင်းတွေက အစကတော့ ဘယ်လိုနေလဲတော့ မသိဘူး။ အခုကျမှသာ နိုင်ငံရေး နိုင်ငံရေး ဖြစ်နေကြတဲ့ သူတွေအများကြီးပဲ။ ကျနော်တို့က အဲဒီလို လူတွေကို သရော်တာလည်း ပါတယ်။ ဒီသီချင်းလေးကို လူတွေနားထဲ စွဲသွားရင် သူတို့နားထဲမှာ အသိလေးတခု ရသွားမှာပေါ့။
မေး။ ။ ဒီသီချင်း ထွက်လာပြီးတဲ့နောက်မှာ ဘယ်လို ဝေဖန်မှုတွေ၊ တုန့်ပြန်မှုတွေ ပြန်ကြားရပါသေးလဲ။
ဖြေ။ ။ လာပြောတဲ့သူ တော်တော်များများကတော့ ကောင်းတယ်လို့ ပြောကြပါတယ်။ သူတို့တတွေက ကျနော်တို့နဲ့ ပတ်သက်တဲ့ သူတွေ ဖြစ်နေလို့ပဲ နေမှာပေါ့။ ကောင်းတယ်လို့ပဲ ပြောကြတာပေါ့။ တချို့ကတော့ ဘယ်နေရာ တိုက်ဆိုင် သွားလို့လဲတော့ မသိဘူး။ မကျေနပ်ကြဘူးပေါ့။ မကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမယ့်လည်း ကျနော်တို့မှ မဟုတ်ပါဘူး။ ဒီလိုအကြောင်းအရာမျိုးကို လူရွှင်တော်တွေ အငြိမ့်ထဲမှာလည်း ပြက်နေကြတာပဲ။
မေး။ ။ ဝေဖန်မှုတွေရှိလာမယ်ဆိုတာကို အစကတည်း သိသိရက်နဲ့ ရေးခဲ့ဆိုခဲ့တယ်လို့ ပြောလို့ရမလား။
ဖြေ။ ။ ဟုတ်ကဲ့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများနဲ့ ကျနော်တို့သုံးယောက်နဲ့ ဖြစ်သွားတာပေါ့။
မေး။ ။ ဒီလို ဝေဖန်မှုတွေကို ကြိုဆိုတယ်တယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ အင်း ဟုတ်တယ်။ ကျနော်တို့က ဂီတကို ဂီတ တခုအနေနဲ့ပဲ ဖန်တီးတာပေါ့။ နိုင်ငံရေး လောကထဲလည်း ဝင်တာမဟုတ်ဘူး။ လာပြောတယ် ဆိုရင်လည်း သူတို့နာသွားလို့ လာပြောတယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်။ ကျန်တာကတော့ အထွေအထူးမရှိပါဘူး။
မေး။ ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ ရပါပြီ။ ဘာမှ ပြောစရာမရှိတော့ပါဘူး။