ယာဉ်မတော်တဆမှုကြောင့် အနုပညာ အလုပ်တွေကို ခေတ္တနားထားတဲ့ အဆိုတော် ဆိုတေးဟာ အခု ကျန်းမာရေး အခြေအနေ အနည်းငယ် ပြန်ကောင်းလာပြီ ဖြစ်တဲ့အတွက် သူ ကျန်းမာစဉ်က သွင်းထားခဲ့တဲ့ တကိုယ်တော် ဒုတိယ အခွေ “မင်္ဂလာပါ” စီးရီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မြန်မာတပြည်လုံးကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
မင်္ဂလာပါ စီးရီး မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန် စီးတီးစတား ဟိုတယ်မှာ ကျင်းပခဲ့ပြီး ဒီပွဲကို ဆိုတေးကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ စီးရီးမှာ သီချင်း ၁၃ ပုဒ် ပါဝင်ပြီး လူငယ်ခံစားချက် ပေါ့ပေါ့ပါးပါး အချစ်သီချင်း များသာ ဖြစ်ကြောင်း၊ သီချင်း ၁၂ ပုဒ်ကို သူကိုယ်တိုင်ရေးသားထားကြောင်း ဆိုတေးက ပြောပါတယ်။
“ကျနော် အခုနေပြန်ကောင်းလာပြီ ဖြစ်တဲ့အတွက် အရင်က ကိစ္စတွေကို မေးချင်တာ မေးလို့ ရပါတယ်။ အခု တေးစီးရီး မိတ်ဆက်ပွဲကို မိသားစုနဲ့ အနုပညာရှင်များက လွဲပြီး ထူးထူးခြားခြား တက်စေချင်သူ မရှိပါဘူး။ လက်ရှိ ခံစားချက်ကတော့ မိဘကို လုပ်ကျွေးမယ်။ ကျနော် ခြေထောက် ကောင်းလာရင် သာသနာပြုဖို့ ရည်ရွယ်ထားတယ်။ အနုပညာတွေ ဆက်လုပ်သွားနိုင်ဖို့ပဲ စိတ်ထဲရှိပါတယ်။ ကျနော်က ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပါတယ်။ ဒါကိုလည်း သိစေချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဆိုတေးဟာ လက်ရှိ အချိန်မှာ ခါးအရိုးဒဏ်ရာကြောင့် အထိုင်အထ အခက်အခဲ ရှိနေသေးကြောင်း၊ ဦးခေါင်းထဲမှာ သွေးအနည်းငယ် ကျန်နေတာကြောင့် စကားပြောရာမှာ အရင်လောက် သွက်သွက်လက်လက် မပြောနိုင်သေးပေမယ့် အားလုံးကို မှတ်မိနေပြီ ဖြစ်ကြောင်း Lazy Club ရဲ့ လိဒ်ဂစ်တာသမား ကိုနိုင်ဇော်ကလည်း ရှင်းပြပါတယ်။
ဆိုတေးဆေးရုံမှာ သတိမေ့နေစဉ်တုန်းက ပြဿနာအားလုံးကို သူအခု သတိရနေပြီဖြစ်တဲ့ အတွက် တရားဝင်ရှင်းလို့ ရကြောင်းနဲ့ မချိုချိုနဲ့ ဖြစ်ခဲ့သမျှ အားလုံးကို ရန်ကိုရန်ခြင်း မတုံ့ပြန်တော့ဘဲ တရားစွဲတာမျိုးလည်း မလုပ်တော့ဘူးလို့ ဆိုတေးက ပြောပါတယ်။
“အနုပညာကို ချစ်တဲ့ ခံစားချက်ကတော့ အားလုံး ဖြစ်တတ်ပါတယ်။ အရင်တုန်းကတော့ သူသတိလစ်တဲ့ အချိန်မှာ ဖြစ်တဲ့အတွက် သူမသိနိုင်ဘူး။ အခု ကောင်းလာတဲ့အတွက် သူ့ဘက်က ကွယ်ဝှက်ထားတာ မရှိဘူးလို့ ပြောတယ်။ ဟိုဘက်က အဖြေကိုပဲ မေးဖို့လိုတယ်။ သူ့ဘက်ကတော့ မျက်နှာစုံလင် ရှင်းပေးလို့ ရပါပြီ” လို့ ကို နိုင်ဇော်က ဆိုပါတယ်။
ဆိုတေးနဲ့အတူ ကားမတော်တဆ ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ချောချောနဲ့ လက်ထပ်ထားတဲ့ ကိစ္စကို လျှို့ဝှက်ထားတာ မဟုတ်ပေမယ့်၊ ပရိသတ်ကို ထုတ်ဖော် မပြောသင့်သေးဘူး ထင်လို့ ထိန်းသိမ်းထားခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ကိုနိုင်ဇော်က ထင်မြင်ချက် ပေးပါတယ်။
ဆိုတေးရဲ့ ဖခင်ဖြစ်သူက “သားလေးက ထိုင်ပြီးတော့ သီချင်းဆိုနိုင်တယ်။ ထပြီး မဆိုနိုင်တာက ဒူးခေါင်းမှာ ဒဏ်ရာ နည်းနည်း ရှိသေးတယ်။ သူအခုလို ပြန်ကောင်းလာတာကလည်း သူ့ကုသိုလ်ကံပါပဲ။ သူက မိဘကိုလည်း လုပ်ကျွေးတယ်၊ သာသနာပြုတဲ့ ကလေးတယောက်လည်း ဖြစ်တယ်။ သူ့အနုပညာအပေါ်မှာ အရမ်းကို စိတ်အားထက်သန်တယ်။ ဒီကလေးအတွက် နှလုံးသားခြင်းထပ်ပြီး စောင့်ရှောက် နေရတဲ့ဘဝပါ။ သူ့ကို ကြည့်ပြီး သနားလည်းသနားတယ်၊ အားမငယ်အောင် ထားဖြစ်တယ်။ နေပြန်ကောင်းတဲ့ အချိန်မှာတော့ သူ့ကို ပြဿနာရှာတဲ့ ကိစ္စတွေမရှိပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
မင်္ဂလာပါ စီးရီးအတွက် ပရိုမိုးရှင်း လုပ်ဖို့ အစီအစဉ် မရှိကြောင်း၊ VCDကတော့ သီချင်းခွေ ထွက်ပြီးမကြာခင် ထွက်နိုင်ဖို့ ရည်ရွယ်ထားပြီး ဖိုးချစ် အငြိမ့်ပွဲတွေမှာလည်း ဆိုတေးက သီချင်းသွားရောက် ဆိုခဲ့ပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။