Lifestyle

သန့်စင် “စိတ်” နဲ့ အနုပညာဖန်တီးသူ ပန်းချီဆရာ

This article has been converted from Zawgyi One to Unicode


ကိုလိုနီခေတ် အငွေ့အသက်ရနေဆဲ ဘောက်ထော်ဘူတာကနေ ဘူတာလမ်းအတိုင်း လျှောက်လာပြီး ဓမ္မာရုံ လမ်းထဲကို ချိုးဝင်လိုက်တာနဲ့ Bauk Htaw Art Gallery ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ငြိမ်သက်အေးချမ်းစွာ တွေ့ရပါတယ်။

စိမ်းစိမ်းလန်းလန်း သစ်ပင်ပန်းပင်လေးတွေကြားက အဲဒီ “ဘောက်ထော် အနုပညာပြခန်း” က ပန်းချီ ဆရာမုတ်သုန်ရဲ့ ပြခန်းပါ။ ပြခန်းလေးထဲမှာ သူ့ရဲ့ အနုပညာလက်ရာတွေကို စီထားထပ်ထားတာ စိတ်ဝင်စားဖွယ် တွေ့ရပါ တယ်။ သူ့ရဲ့ အနုပညာ လက်ရာတွေထဲမှာ သူ့ရဲ့ ရောင့်ရဲစိတ်နဲ့အတူ လက်ကပျော်သလို ရေးဆွဲဖန်တီး တင်ပြမှုကိုလည်း တွေ့ရပါတယ်။

အသားမဖြူ မညို၊ အရပ် မနိမ့်မမြင့် ရှိတဲ့ ဆရာမုတ်သုန်ဟာ အနေအထိုင် ရိုးရှင်းပြီး အပြော အဆို ငြိမ်းအေးသူပါ။ သူဟာ သရုပ်ဖော် ပန်းချီဆရာအဖြစ်လည်း အောင်မြင်သလို၊ ပန်းချီဆရာ အနေနဲ့လည်း ထင်ရှားသူ ဖြစ်ပါတယ်။

ဆရာ မုတ်သုန်နဲ့တွေ့ဆုံပြီး သရုပ်ဖော် ပန်းချီ ရေးဆွဲဖန်တီးမှု (Illustration) နဲ့ ပန်းချီ (Painting) ရေးဆွဲ ဖန်တီးမှုအကြောင်း
မေးမြန်းဖြစ်ပါတယ်။

“ကျနော်က ကွန်ပျူတာ နည်းပညာကို သိပ်မသုံးဘူး။ ကိုယ်တိုင် လက်နဲ့ရေးတာများပါတယ်။ ကွန်ပျူတာ နည်းပညာကို သုံးစွဲ ဖန်တီးတော့ ပိုပြီးသပ်သပ်ရပ်ရပ် ဖြစ်သွားပါတယ်။ ဒါပေမယ့် လုံးဝ မသုံးတာတော့ မဟုတ်ဘူး။ တချို့ ပုံတွေဆိုရင်
နည်းပညာရော ကိုယ်တိုင်ဖန်တီး မှုရော သုံးပါတယ်။ “ဆူညံသောဝန်ချီစက်” ဆိုတဲ့ မျက်နှာဖုံးတခုမှာဆိုရင် သွားစိုက်ဆိုင်က အံသွားပုံ (ဓာတ်ပုံ) ကိုယူပြီး စတီးကြိုးနဲ့ ချည်နှောင်ဆွဲထားတဲ့ပုံ ဖန်တီးထားတယ်။ လက်နဲ့ဖန်တီးတာ နည်းနည်းပဲ ပါတယ်။ အဲဒီမှာ အံသွားပုံကို ကျနော်ကိုယ်တိုင် ရေးရမယ်ဆိုရင် သပ်ရပ်မှုလည်း နည်းမယ်၊ လက်လည်း ဝင်တယ်၊ အချိန် အများကြီးလည်း ပေးရမယ်ပေါ့။ ဒါပေမယ့် ကွန်ပျူတာ နည်းပညာကို သုံးစွဲခြင်းအားဖြင့် ပိုမြန်ဆန်လာတယ်၊ ပိုပြီး သပ်ရပ် သွားတယ်။ ခေတ်အလျောက် တိုးတက်လာတဲ့ နည်းပညာတွေကို အသုံးချပြီး ဖန်တီးမှုတွေလုပ်နိုင်ရင် ပိုပြီး ကျစ်လျစ် သွားပါတယ်။ အချိန်ကုန်လည်း သက်သာတယ်။ “ရာဇဝင်ရှင်းတမ်း” စာအုပ်မျက်နှာဖုံးဆိုရင် ခေါင်းမှာ အဝတ်စွပ်ထားတဲ့ လူပုံတွေကို အများကြီးပွားယူ ဖန်တီးပါတယ်။ အဲဒီပုံတူတွေ အများကြီးရေးဆွဲဖို့ ဆိုတာ မလွယ်ဘူးလေ။ နေရာ အထားအသိုနဲ့
အရောင်ကိုလည်း လိုသလို ပြင်ယူဖို့လည်း လွယ်တယ်” လို့ ပန်းချီမုတ်သုန်က ရှင်းပြပါတယ်။

အဲဒီလို သရုပ်ဖော် ပန်းချီကို ဘယ်လို ဖန်တီးယူပါလိမ့်။ ရသပန်းချီရေးရတာနဲ့ ဘယ်လိုကွာခြားပါလိမ့်။ ဆရာ မုတ်သုန်က အဲဒီ အကြောင်း ဆက်လက်ပြောပြပါတယ်။

“ကျနော် သရုပ်ဖော်ပုံရေးတဲ့အခါမှာ စာမူနဲ့ လိုက်လျောညီထွေရှိဖို့၊ စာမူကို ထမ်းပိုးနိုင်ဖို့ အားထုတ်လေ့ ရှိပါတယ်။ အဲဒီလိုအားထုတ်ရင်း “အိုင်ဒီယာ” တို့၊ “နိမိတ်ပုံ” တို့၊ “သင်္ကေတ” တို့ ကျွဲကူးရေပါ သဘောမျိုး ဖြစ်သွားနိုင်တယ်။ တမင် ဖန်တီးလုပ်ယူတာမျိုး မရှိဘူး။ သရုပ်ဖော်ပန်းချီနဲ့ Fine Art ရသ ပန်းချီမှာ အခြေခံသဘောချင်းက ဆန့်ကျင်ဘက်ပဲ။ ပန်းချီကားက ကိုယ်ရေးချင်လို့ ရေးတာ၊ အဆုံးသတ်ချင်တဲ့အချိန် အဆုံးသတ်မယ်၊ ဒါမှ မဟုတ် ပစ်ထားချင် ပစ်ထားလိုက် ဦးမယ်ပေါ့။ သရုပ် ဖော်ပန်းချီကျတော့ အဲဒီလို လုပ်လို့ မရဘူးလေ။ အနည်းဆုံး စာမူနဲ့ လိုက်ဖက်အောင် ရေးဖို့ ဆိုတဲ့
ကန့်သတ်ချက် ရှိတယ်။ ပြီးတော့ စာပေစိစစ်ရေး မူနဲ့လည်း မငြိစွန်းဖို့လည်း သတိထားရတယ်။ အယ်ဒီတာ လက်ထဲကိုလည်း
အချိန်မီ ပေးနိုင်ဖို့လည်း ထည့်သွင်း စဉ်းစားရတယ်” လို့ ဆိုပါတယ်။

ကဗျာသရုပ်ဖော်ကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဖန်တီးရေးဆွဲသလဲ ဆိုတာ သူက သရုပ်ဖော် ပန်းချီဆရာအနေနဲ့ တာဝန်ယူပုံကို ဆက်လက် ပြောပြပါတယ်။

“ကဗျာ ကောင်းဖို့ကတော့ ကဗျာဆရာရဲ့ တာဝန်၊ အဲဒီကဗျာကို သရုပ်ဖော်ပေးတဲ့ပုံ ကောင်းဖို့ ကျတော့ သရုပ်ဖော် ပန်းချီဆရာရဲ့ တာဝန်ပါ။ ကဗျာကောင်းမှ ပုံကောင်းမယ်လို့တော့ ကျနော်မပြောဘူး။ ပြောရင် သရုပ်ဖော်ပုံ ရေးကတည်းက ပန်းချီဆရာ တာဝန်မဲ့ရာ ကျမယ်။ စာမူက ဘယ်လိုဖြစ်နေနေ၊ ကိုယ်နဲ့ဆိုင်တာက စာမူထဲမှာ ရှိနေမယ့်၊ ပုံရေးလို့ရမယ့်
အချက်အလက်ကို ရှာရမယ်၊ ရေးကွက်ကို ရှာရမယ်။ ဒါကို “မှီ” ပြီး ပုံဖြစ်အောင် လုပ်ရတယ်”

ဂီတ၊ ပန်းချီအပါအဝင် အနုပညာသမား တော် တော်များများမှာ ကိုယ်ပိုင်ဟန် ထူထောင်ဖို့ ကြိုးစား ကြတယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ဟန် ထူထောင်ဖို့နဲ့ ပတ်သက်ပြီး ပန်းချီမုတ်သုန်က သူ့အမြင်ကို ပွင့်ပွင့် လင်းလင်း ပြောပြပါတယ်။

“အနုပညာ တမျိုးမျိုး လုပ်တဲ့လူတယောက် အနေနဲ့ ကိုယ်ပိုင်ဟန် တခုတော့ ထူထောင်ဖို့ တာဝန်ရှိပါတယ်။ သို့ပေမယ့်
ကျနော့်အနေနဲ့ ကိုယ်ပိုင်ဟန်တခု ရဖို့ဆိုပြီး အတင်း အဓမ္မ မကြိုးစားဘူး။ “စိတ်” ကို လွတ်လွတ်လပ်လပ် ထားပြီး လက်က ပျော်သလိုရေးရင်း ရေးရင်းနဲ့ပဲ ကိုယ်ပိုင်ဟန် (စတိုင်) တခု ရမှန်းမသိ ရလာပါလိမ့်မယ်။ အတင်းကြီး ကြိုးစား ပြန်တော့လည်း စိတ်ဖိစီးမှု၊ စိတ်ကျဉ်းကျပ် မှုတွေ ဖြစ်ပြီး ခရီးမပေါက်နိုင် ဖြစ်နေပြန်ရောပဲ” လို့ သူကဆိုပါတယ်။

ဆရာမုတ်သုန်ရဲ့ အစောပိုင်း လက်ရာတွေက Realism အခြေပြု ရေးခဲ့ပါတယ်။ နောက်တော့ မုတ်သုန်ရဲ့လိုင်းဆိုပြီး တုပရေးဆွဲကြတဲ့ လူငယ် ပန်းချီဆရာတွေကိုလည်း တွေ့ဖူးပါတယ်။

သူ့ရဲ့ ရေးဆွဲဟန်နဲ့ ပတ်သက်လို့တော့ သူက “ဘာကြောင့်မှန်းမသိဘူး၊ နိုင်ငံခြား ပန်းချီ ဆရာကြီးတွေကို တုပမရေးဖြစ်ဘူး။ ဝါသနာရှင် ချာတိတ်ဘဝက ဝါသနာတူ သူငယ်ချင်းတွေ၊ မယူမနေရ သင်ရိုးညွှန်းတမ်း တခုသဖွယ် ကူးယူလေ့ကျင့် ခဲ့တာက ဆရာကြီး ဦးသောင်းဟန်ရဲ့ လက်ရာတွေပါ။ နောက်ကျမှ ကျနော်တယောက်တည်း လိုင်းကွဲ သွားတယ်။ ဟိုတုန်းက
လျှို့ဝှက်သဲဖို မဂ္ဂဇင်းဆိုတာ ရှိတယ်။ အဲဒီ မဂ္ဂဇင်းထဲက မင်ခြစ်လက်ရာ ပညာရှင်တွေဖြစ်တဲ့ ကိုဝသုန်၊ ကိုကျော်သောင်း၊ ပန်းချီ လေးဝင်း၊ ရွှေမောင်မောင်၊ မောင်မောင်တိုး စတဲ့ သူတွေရဲ့ လက်ရာတွေကို လေ့ကျင့်ဖြစ်တယ်။ နည်းနည်း ကြီးလာတော့ ကိုဒီ (ပန်းချီဆရာ မောင်ဒီ) ရဲ့ ရေးဟန်တွေပေါ့လေ။ သူတို့ ရေးဟန်တွေဟာ ကျနော့်အပေါ် အများကြီး သက်ရောက်ခဲ့တယ်” လို့ ပြောပါတယ်။

ပန်းချီဆရာတဦးဟာ ပန်းချီကားတခု ဖန်တီးဖို့ အတွက် တချို့ဆို တရားထိုင်တာတို့ စိတ်ငြိမ်အောင် လုပ်တာတို့ရှိတယ်လို့ ဆိုပါတယ်။ ဆရာမုတ်သုန်က ရော ဘယ်လိုပြင်ဆင်ပါသလဲလို့ မေးကြည့်တော့ “ဘယ်လိုပြင်ဆင်တယ် ဆိုတာမျိုး မရှိပါဘူး။ ရေးချင် စိတ်ပေါက်လာရင် ရေးတာပါပဲ” လို့ တိုတိုရှင်းရှင်း ဖြေပါတယ်။

ပန်းချီမုတ်သုန်ဟာ မိသားစုနဲ့အတူ အမှတ် (၁/င) ဓမ္မာရုံလမ်း၊ ရန်ကင်း ၁၅ ရပ်ကွက်မှာ နေထိုင်လျက်ရှိပြီး ကိုယ်ပိုင် အနုပညာပြခန်းဖြစ်တဲ့ ဘောက်ထော် အနုပညာပြခန်းလည်း တည်ထောင်ထားပါတယ်။ ဆက်သွယ်လိုပါက ဝ၉ ၅၀၄၉၄၀၅ သို့ ဆက်သွယ်နိုင်ပါတယ်။

Loading