ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ဗီဒီယိုဇာတ်ကားတွေကို အရင်ကလည်း ကြည့်ခဲ့ဖူးပြီး လက်ရှိ မြန်မာ့ ရုပ်ရှင် ဗီဒီယိုရေစီး ထဲကနေ ကွဲထွက်တဲ့ သူ့ရဲ့တင်ပြမှုတွေကိုလည်း “အမျှင်” ၊ “အိပ်မက်အလွန်”၊ “လရောင်ဆိုနားတား” ၊“နောက်ဆုံးကဗျာ” တို့မှာ အသိအမှတ် ပြုမိခဲ့ဖူးပါတယ်။ သူ့ကို ကဗျာဆရာတဦးအဖြစ် အရင်သိခဲ့ရပြီး ၂၀၀၃ – ၂၀၀၄ ခုနှစ်များလောက် ဆီမှာ တော့ “မောင်ရာဇာနေဝင်းကလုံး” ဆိုတဲ့ဒီဗီဒီ ကားနဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့တယ် ဆိုရပါမယ်။ ပွဲဦးထွက် ဇာတ်ကား “မောင်ရာဇာနေဝင်ကလုံး” ဟာ ပရိသတ်ရဲ့ လက်ခံမှုကို ရာနှုန်းပြည့် မရခဲ့ပေမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆိုတဲ့ နာမည်တခုကိုတော့ စတင် ထူထောင်နိုင်ခဲ့ပါတယ်။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ ဇာတ်ကားတခုလုံးကို ချိတ်ဆက် သွယ်ယူတင်ပြပုံ၊ ကင်မရာအယူအဆ ပိုင်းတွေဟာ မြန်မာဗီဒီယိုတွေကို စိတ်ပျက်ငြီးငွေ့ နေပြီဖြစ်တဲ့ မြန်မာပရိသတ်တွေ အတွက် သစ်လွင်တဲ့ အရသာတခုကို အတိုင်းအတာတခုအထိ ခံစားမိစေ တတ်ပါတယ်။
အခုလည်း သူ့ရဲ့ “သနပ်ခါး” ဒီဗီဒီ ဇာတ်ကားရဲ့အဖွင့်က အိပ်မက်ဆန်ဆန် ဆွဲဆောင်မှုအပြည့်ရှိတာ တွေ့ရပါတယ်။ ကွင်းပြင် တခုထဲမှာ ကလေးငယ် တယောက်၊ လွတ်လပ်ပြီး အပြစ်ကင်းစင်တဲ့ အပြုံးအရယ်တွေနဲ့ ရှေ့ကပြေးနေတယ်။ ဦးလူအောင် အဖြစ်သရုပ်ဆောင်တဲ့ နေအောင်ရဲ့ ကြင်နာမှု အပြည့်နဲ့ ပြုံးရွှင်နေတဲ့မျက်နှာကို ပြပြီးနောက်မှာ “သား …” ဆိုတဲ့ နွေးထွေးတဲ့ ခေါ်သံကို ကြားရတယ်။ အဲဒီအချိန်မှာပဲ သူတို့နောက် ကောင်းကင်ပြင်ကို ထိုးခွဲပြီး လေယာဉ်ကြီး တစီးက ဝေါကနဲ ထွက်ပေါ်လာတယ်။ အဲဒီလေယာဉ်ကြီးဟာ သူတို့ကို ကျော်လွန်ပျံသန်းသွားခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိုးဆိုက်ကာ ညီညီထွေး အဖြစ် သရုပ်ဆောင်တဲ့ ရဲတိုက်က Arrival ခန်းမထဲကနေ ထွက်လာပါတယ်။ သူ့ကို ရွှေဝတ်မှုန်အဖြစ် သရုပ်ဆောင်တဲ့ ဝတ်မှုန်ရွှေရည်က စောင့်ကြိုနေတဲ့ လူအုပ်ထဲကနေ လှမ်းခေါ်တယ်။
“ညီညီရေ …”
ညီညီက အပြုံးလေးနဲ့ စောင့်ကြိုနေတဲ့ ရွှေဝတ်မှုန်ကို မေးလိုက်တဲ့ ပထမဆုံးအမေးက
“လေးလေး မပါလာဘူးလား မမဝတ်မှုန်”
….
မိဘအရင်းတွေ မရှိတောတဲ့ ရဲတိုက်ကို ဦးလေးဖြစ်တဲ့ နေအောင်တို့ ဇနီးမောင်နှံက သားအရင်းလို မွေးမြူ စောင့်ရှောက် ခဲ့တယ်၊ နေအောင်ရဲ့ဇနီး မရှိတော့တဲ့ နောက်မှာလည်း လေးလေး (နေအောင်) နဲ့ ညီညီ (ရဲတိုက်) တို့ ရဲ့သံယောဇဉ်က ခိုင်မြဲခဲ့တယ်။ တနေ့ … လေးလေးက နောက်ထပ်အိမ်ထောင်သစ်ကို ထူထောင်ခဲ့တဲ့အခါ ညီညီ့အတွက် အလွန်အမင်း စိတ်ထိခိုက် ခံစားခဲ့ရပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ လေးလေးရဲ့ မင်္ဂလာပွဲကို ညီညီ မတက်ခဲ့ဘူး။ မင်္ဂလာပွဲအပြီး ရန်ကုန်ကို ပြန်လာတဲ့လေးလေးနဲ့ လေးလေးရဲ့ အသစ်စက်စက် ဇနီးလေးကို ကြိုဖို့လည်း လေဆိပ်ကို လိုက်မသွားခဲ့ဘူး။ ဒါပေမယ့် လေးလေးက အိမ်ပြန်ရောက်တဲ့အခါ သူသားအရင်းလို ချစ်တဲ့ ညီညီနဲ့ သူ့ဇနီးလေး ဝတ်မှုန်ကို မိတ်ဆက်ပေးတယ်။ သနပ်ခါး ပါးကွက်ကြားလေးနဲ့ မိန်းမငယ်လေး ဝတ်မှုန်ဟာ ညီညီ့ထက် အသက် ၁ နှစ်ငယ်ပေမယ့် ညီညီက မမဝတ်မှုန်လို့ ခေါ်ရမယ်လို့လည်း လေးလေးက ဆိုပါတယ်။
လေးလေးနဲ့ မမဝတ်မှုန်ရဲ့ မင်္ဂလာ ညစာစားပွဲမှာ ညီညီ့သူငယ်ချင်းတွေက မမဝတ်မှုန်ရဲ့ အရွယ်နဲ့ အလှကို အံ့အားသင့် ကြတယ်။ လေးလေးကို လက်ဖျားခါကြတယ်။ ယောက်ျားချင်း နားလည်နိုင်တဲ့ အဓိပ္ပာယ်တမျိုး ထွက်နေတဲ့ စကားတွေကို ညီညီ နားမခံနိုင်ဘူး။ ဝတ်မှုန်ရဲ့ သူငယ်ချင်းတွေနဲ့ ညီညီ့ကို မိတ်ဆက် ပေးတော့လည်း ညီညီ့ရဲ့ “မမဝတ်မှုန်” ဆိုတဲ့ အခေါ်အဝေါ်ကို သူတို့ အထူးအဆန်းဖြစ်ကြတယ်။ သူတို့က “နင်တို့နှစ်ယောက်မှာ ဘယ်သူက ပိုကြီးတာလဲ” တဲ့။ နင်တို့က ဘာတော်ကြသလဲတဲ့။ နောက်ဆုံးတော့ ညီညီ သူတို့စကားဝိုင်း ထဲကနေ ဝုန်းကနဲ ထထွက်လာလိုက်တယ်။
နောက်ပိုင်းမှာတော့ ကိုယ့်ထက် အသက်များစွာကြီးတဲ့ အဖေအရွယ် မုဆိုးဖိုကြီးကို လက်ထပ်ခဲ့ရပြီး အိမ်ထောင်ဆိုတဲ့ လှောင်ချိုင့်ထဲမှာ အကျဉ်းကျ ခံရသလို ခံစားနေရတဲ့ ဝတ်မှုန်အတွက် ညီညီက အဖော်ကောင်း တယောက် ဖြစ်ခဲ့တယ်။ ကိုယ့်ထက် အသက်အများကြီး ငယ်ရွယ်တဲ့ သမီးအရွယ် ဇနီးငယ်ငယ်လေးကို ချစ်ခင်စွာအလိုလိုက် အကြိုက်ဆောင် ထားတဲ့ လေးလေးကိုယ်စား ညီညီက ဝတ်မှုန်ရဲ့ အဖော်ဖြစ်သလို အထိန်းတော်တပိုင်းလည်း ဖြစ်ရပြန်တယ်။ ညီညီက ဝတ်မှုန်နဲ့ လေးလေးတို့ရဲ့သာမန်ထက် ထူးခြားတဲ့ အိမ်ထောင်ရေးကို ဝေဖန်တဲ့ သူငယ်ချင်းမိုက်ကယ်ကို မနှစ်မြို့ဘူး။ မမဝတ်မှုန်ရဲ့ အပေါင်းအသင်းတွေ၊ အသွားအလာတွေကို ညီညီက လေးလေးကိုယ်စား စောင့်ကြည့်သူ၊ ထိန်းချုပ်လိုသူ ဖြစ်လာတယ်။ ဝတ်မှုန်ကလည်း အရွဲ့တိုက်တယ်။
ရုပ်ရှင် ၃ နာရီခွဲပွဲသွားကြည့်တဲ့ ဝတ်မှုန်ပြန်အလာကို ညမိုးကြီးချုပ်သည်အထိ ညီညီဧည့်ခန်းမှာ တယောက်တည်း ထိုင်စောင့်တယ်။ ဝတ်မှုန်ပြန်လာတဲ့အခါ ညီညီက ဝတ်မှုန်ရဲ့ အိမ်ပြန်ချိန်ကို ထောက်ပြဝေဖန်တယ်။ ဒါ ၃ နာရီခွဲပွဲ ပြီးတဲ့ အိမ်ပြန်ချိန် မဟုတ်ဘူး။ ဝတ်မှုန်ရဲ့ အဖြေကလည်းပြတ်တယ်။ ရုပ်ရှင်အပြီး မုန့်သွားစားကြတယ်လေ၊ ညီညီဘာလို့ မလိုက်ခဲ့သလဲ။ ငယ်ရွယ်သူ မိန်းကလေးရဲ့ နှလုံးသား လှုပ်ခတ်ကစားမှုကို ကာယကံရှင် ကိုယ်တိုင်လည်း မသိနိုင်တဲ့ အနေအထားတခု အဖြစ် ဒါရိုက်တာက သရုပ်ဆောင်တွေရဲ့ အိုက်တင်ကို ပါးပါးလှပ်လှပ်လေးသာ လိုအပ်ရုံလောက် ဖော်ပြစေခဲ့တယ်။ အခန်းအကူးအပြောင်း တွေဟာလည်း ငြီးငွေ့စဖွယ် ရှည်လျားနေတာမျိုး၊ အိုင်သွားတာမျိုး မရှိဘဲ အချိတ်အဆက် မိရုံလေး လှပနေခဲ့ပါတယ်။
ဒီအတောအတွင်းမှာ ညီညီ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ ကြိတ်ပြီးစီစဉ်တယ်။ ညီညီ လေဆိပ် ဆင်းတဲ့ အချိန်မှာ လေးလေးအိမ်မှာ မရှိဘူး။ မမဝတ်မှုန်ကလည်း လေဆိပ်ကို လိုက်မပို့တော့ဘူးလို့ ဆိုတယ်။ နှစ်ရှည်လများ အိမ်ကနေ အဝေးကို ထွက်သွားမယ့် ညီညီက မမဝတ်မှုန်ကို သူမသွားခင် မှာစရာရှိတယ်ဆိုတော့ မမဝတ်မှုန် မျက်ဝန်းတွေ ဖျတ်ခနဲ တောက်ပသွားတယ်။ ညီညီက မှာတယ်၊ သူ မရှိတုန်း လေးလေးကို ဂရုစိုက်လိုက်ပါ၊ လေးလေး စိတ်မချမ်းသာရတဲ့ အဖြစ်မျိုးမဖြစ်စေဖို့ မမဝတ်မှုံ ကတိပေးပါတဲ့။ အဲဒီခဏ လင်းလက်ခဲ့တဲ့ မမဝတ်မှုန်ရဲ့မျက်ဝန်းတွေ ရုတ်ချည်း နာကျင်သွား၊ နှုတ်ခမ်းတွေ မသိမသာ မဲ့ကွေးသွား။ ဒါပေမယ့် မမဝတ်မှုန်က ဖြေပါတယ်။ ညီညီက တောင်းဆိုတော့လည်း မမဝတ်မှုန်က ကတိပေးရမှာပေါ့ … တဲ့။ ရင်ထဲက နာကျည်းဆို့နင့်မှုကို သိသာစေတဲ့ အသံအက်အက် ကလေးနဲ့။ ခါးသီး နာကျင်မှုတွေ ကိုလည်း မျက်ခုံးအပင့်၊ နှုတ်ခမ်းအကွေး၊ မျက်ရည် အငွေ့လေး တစလောက်နဲ့ စကားအပို မဆိုရဘဲ ပီပြင်အောင် ပရိသတ်တွေ ရင်ထဲ ကူးစက်နိုင်အောင် လုပ်ဆောင် ပြနိုင်ခဲ့ပါတယ်။ ဇာတ်အစမှာ ရွှေဝတ်မှုန် ဇာတ်ရုပ်နဲ့ သိပ်မလိုက်ဖက်ဘဲ ငယ်လွန်းနုလွန်းတယ်လို့ ထင်မှတ်မိပေမယ့် ဇာတ်ရှိန်မြင့်လာတာနဲ့ အမျှ ဝတ်မှုန်ရွှေရည်ဟာ တဖြည်းဖြည်း ရွှေဝတ်မှုန် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
နောက်တော့ ၇ နှစ်နီးပါးကြာတဲ့ ကာလအပြီး (မမဝတ်မှုန် စကားအတိုင်းဆိုရရင် ၆ နှစ် ၈ လနဲ့ ၁၀ ရက်တဲ့) ညီညီလည်း သူ့ကတိအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။ ညီညီ့အပေါ် မမဝတ်မှုန်ရဲ့ ငံ့လင့်မှုကို မမဝတ်မှုန် လက်ချိုးရေတွက်ခဲ့တဲ့ နေ့ရက်တွေနဲ့ ဇာတ်ညွှန်းဆရာက သိသာစေတယ်။ ညီညီ ကတိတည်သလို၊ မမဝတ်မှုန်က သူလည်း ကတိတည်ကြောင်း ပြောတယ်။ ဒါပေမယ့် မမဝတ်မှုန်ရဲ့ ခြေလှမ်းတွေကတော့ အရင်လိုပါပဲ။ လေးလေးက ကျန်းမာရေးချူချာ လာတယ်။ မမဝတ်မှုန်က အိမ်ပြန်နောက်ကျမြဲပဲ။ တညတော့ အိမ်ပြန်ညဉ့်နက်တဲ့ မမဝတ်မှုန်ကို ညီညီက အပြစ်တင်တယ်။ အိမ်ပြန် နောက်ကျတဲ့အပြင် ဖုန်းကိုလည်း ပိတ်ထားတော့ လေးလေးစိတ်ပူနေတယ်တဲ့။ မမဝတ်မှုန်ကလည်း ညီညီ့ကို မင်း လေးလေးရဲ့ စိတ်အပြင် တခြားသူရဲ့ စိတ်ကိုသိဖို့ရော မင်းကြိုးစားကြည့်ဖူးရဲ့လား … တဲ့။ တဖက်သတ် ယိမ်းနွဲ့ လှုပ်ရှားနေခဲ့တဲ့ ငယ်သူရဲ့ နှလုံးသားက ပေါက်ကွဲနာကျည်းသံ တစ။ လေးလေးနဲ့ ပတ်သက်လာရင် ဘာတခုမှ အငြိအစွန်း မခံနိုင်တဲ့ ညီညီကလည်း လေးလေးနဲ့ ပတ်သတ်ပြီး မမဝတ်မှုန်ကို ကြေညာချက်တခု ထုတ်လိုက်တယ်။ ဒီနေ့ကစပြီး ကျနော့်ခွင့်ပြုချက်မရှိဘဲ မမဝတ်မှုန် ဘယ်ကိုမှမသွားရ …။
ဝတ်မှုန်က လှောင်ချိုင့်ထဲက စာကလေးတွေကို ဘေးမဲ့လွှတ်ပြီးဆုတောင်းတယ်။ အခုလို ဒီငှက်ကလေးတွေကို လွှတ်ရတဲ့ ကုသိုလ်ကြောင့် တူသောအကျိုးကို အခုဘဝမှာတင် လက်ငင်း ခံစားရပါစေသား … တဲ့။ နံဘေးက လေးလေးရဲ့ မျက်ဝန်း တွေမှာ နာကျင်မှုတွေ ပြည့်သွားတယ်။ ခဏနေတော့ လေးလေးက သူ တရားစခန်းဝင်မယ့်အကြောင်း ဝတ်မှုန်ကို ပြောတယ်။ လေးလေး တရားစခန်းဝင်မယ်ဆိုတာ ဝတ်မှုန်ကို ဖြေလွှတ်ပေးဖို့ ကြိုးစားကြည့်မယ့် သဘောပဲ … တဲ့။ လေးလေးက ဝတ်မှုန်ကို သိပ်ချစ်တယ်တဲ့။
လေးလေး တရားစခန်းဝင်နေတုန်းမှာပဲ ဝတ်မှုန်ရဲ့အစ်မ မမဝတ်ရည် (မေကဗျာ) ရန်ကုန်ကိုလာတယ်။ မမဝတ်ရည်က ညီညီနဲ့ ဝတ်မှုန်ရဲ့ သိပ်ကြေလည်ဟန် မရတဲ့ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ညီညီ့ကိုမေးတယ်။ ညီညီတို့နှစ်ယောက် အဆင်ရော ပြေကြရဲ့လားတဲ့။ ညီညီက သူနဲ့ မမဝတ်မှုန်အကြားမှာ လေးလေးရှိနေတဲ့အတွက် အဆင်ပြေကို ပြေရမယ်တဲ့။ ညီညီရဲ့ အိမ်ထောင်ရေး အကြောင်း မမဝတ်ရည်က မေးတော့ ညီညီက သူ့အိမ်ထောင်ရေးအတွက် စဉ်းစားရင် သူ့ တယောက်တည်း အတွက် စဉ်းစားရမှာ မဟုတ်ဘူး၊ ၃ ယောက်စာ စဉ်းစားရမှာတဲ့။ လေးလေးရယ်၊ မမဝတ်မှုန်ရယ်၊ သူရယ် အားလုံးနဲ့ အဆင်ပြေမယ့်သူ ဖြစ်ရမယ်တဲ့။
ဝတ်မှုန်ကတော့ ညီညီစဉ်းစားသမျှဟာ လေးလေးအတွက်၊ ညီညီ့ ခေါင်းထဲမှာရှိသမျှဟာ လေးလေးအတွက် ချည်းပဲလို့ စွပ်စွဲတယ်။ ဒါကိုပဲ ဝတ်မှုန်က ခါးသီးလှတယ်။ ဒါပေမယ့် ညီညီကလည်း မမဝတ်မှုန် ခါးသီးရမယ့် ရွေးချယ်မှုတခုကိုပဲ ထပ်လုပ်ပြန်တယ်။ ဝတ်မှုန်ရဲ့ အစ်မ မမဝတ်ရည်ကို ညီညီက ချစ်တဲ့အကြောင်း၊ မမဝတ်ရည်ကို သူလက်ထပ်ချင်တဲ့ အကြောင်း ဖွင့်ပြော လိုက်ပါတယ်။ ညီညီရဲ့ အသိပေးချက်ကို လေးလေးက ဝမ်းသာအားရ သဘောတူပေမယ့် အသက် မဲ့သလို ဖြစ်သွားခဲ့တာက ဝတ်မှုန်။
အဲဒီည ဝတ်ရည်က ဝတ်မှုန်ကို အိမ်ရဲ့ဝရန်တာမှာ ထွက်ပြီး လဲလျောင်းရင်း ကောင်းကင်ကို ငေးမောနေတာ တွေ့ရတယ်။ သူ့စိတ်တွေ အရမ်း ညစ်ထေးနေလို့ လရောင်ခံပြီး ချွတ်ကြည့်နေတာတဲ့။ သူ့စိတ်ထဲမှာ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်နေတယ်တဲ့။ ဒီဇာတ်ဝင်ခန်းမှာလည်း ဝတ်မှုံရွှေရည်က ဇာတ်ကောင် ရွှေဝတ်မှုန်ရဲ့ဝိဉာဉ်ကို အကောင်းဆုံး ပူးကပ် သက်ဝင် ခံစားပြ သွားနိုင်ပါတယ်။ နွမ်းမော မွန်းကျပ်နေတဲ့ ခံစားမှုတွေ၊ ချုပ်တည်းရခြင်း တွေနဲ့ မချင့်မရဲ ဖြစ်ခြင်းတွေ အကြား ဗျာများနေတဲ့ သူ့အဇ္ဇျတ္တကို မျက်ခုံးအတွန့်၊ နှုတ်ခမ်း အကွေးအမဲ့၊ သက်ပြင်းအရှိုက် စတဲ့ ခံစားချက်ကို ဖော်ပြတဲ့ မျက်နှာ အမူအရာတွေနဲ့ အပိုအလိုမရှိ သပ်သပ်ယပ်ယပ်လေး တင်ပြ သွားနိုင်ခဲ့ပါတယ်။ ဝတ်ရည်အဖြစ် သရုပ်ဆောင်သူ မေကဗျာ ကလည်း သူနဲ့ညီညီရဲ့ သတင်းကို ပြောပြတဲ့အခါ ဟန်မဆောင်နိုင် လောက်အောင် ပျက်ယွင်းသွားတဲ့ ညီမဖြစ်သူရဲ့ အမူအရာကို မြင်အပြီး ရုတ်ချည်း တစုံတရာကို နားအလည် ..။ ဒီ Scene လေးရဲ့ ညမြင်ကွင်း အခင်းအကျင်း လေးကလည်း အလင်းအမှောင် ညီမျှစွာနဲ့ ဇာတ်ရဲ့ Tempo ကို ပံ့ပိုး မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီး ဝတ်မှုန်ရဲ့အစ်မ ဝတ်ရည်အဖြစ် သရုပ်ဆောင်ရတဲ့ မေကဗျာ ပါဝင်ရတဲ့နေရာဟာ Scene အရေအတွက် နည်းလွန်းလှတာမို့ တခြားမင်းသမီးငယ် တလက်ကို သုံးလို့ရနိုင်ပါရက်နဲ့ မေကဗျာကို ဘာလို့ သုံးထားတာလဲ ဆိုတဲ့ စောစောက တွေးမိခဲ့တဲ့ စောဒက အတွေးကို ခြေဖျက် ပေးလိုက်နိုင်တဲ့ ပြကွက်လည်း ဖြစ်ပါတယ်။ မေကဗျာ မဟုတ်ဘဲ ဝါနုတဲ့ မင်းသမီးငယ် တလက်သာဆိုရင် ဒီနေရာမှာ ဇာတ်ကို ဒီလောက် ကြွလာအောင် ဆွဲခေါ်နိုင်ပါ့မလားလို့ တွေးမိရအောင် ဒီဇာတ်ဝင်ခန်းမှာ မင်းသမီး နှစ်လက်စလုံးက အလိုအပိုမရှိ ဇာတ်ရဲ့ စေခိုင်းမှုအတိုင်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ခံ တေးဂီတကလည်း ဇာတ်ကောင်တွေရဲ့ စိတ် ခံစားမှုကို စကားလုံးမဲ့ သရုပ်ဖော်ရာမှာ အထိရောက်ဆုံး ပံ့ပိုးပေးနိုင် ခဲ့ပါတယ်။
နောက်တနေ့ နှစ်ဖက် မိဘတွေ တွေ့ဆုံကြောင်းလမ်းပွဲမှာတော့ ညီမဖြစ်သူရဲ့စိတ်ခံစားချက်ကို ထိုးထွင်းရိပ်မိ သိရှိသွားပြီဖြစ်တဲ့ မမဝတ်ရည်က ညီညီနဲ့သူ လက်မထပ်ချင်တော့တဲ့အကြောင်းပြောတဲ့အတွက် ပွဲပျက်သွားပါတယ်။ အကြောင်းရင်းကိုမသိတဲ့ ညီညီက မမဝတ်ရည်ကိုပေါက်ကွဲတယ်။ ညီညီ့အပေါ် မမဝတ်ရည်ရဲ့စွတ်စွဲချက်ကလည်း မမဝတ်မှုန်နဲ့တထပ်တည်းပါပဲ။ မင်းအတွက် အရာအားလုံးဟာ လေးလေးပဲမဟုတ်လား … တဲ့၊ လေးလေးအပြင် မင်းသိတာ ဘာရှိလဲ…တဲ့။ ကြောင်းလမ်းပွဲပျက်ပြီးတဲ့နောက် ညီညီ ညတိုင်း အရက်တွေသောက်တယ်။ တည သူပြန်လာတော့ လေးလေးက မအိပ်ဘဲ ဧည့်ခန်းထဲမှာ ဝတ်မှုန်ကို စောင့်နေတယ်။ အချိန်က ညတနာရီကျော်နေပြီ။ ညီညီပေါက်ကွဲပြီး မမ ဝတ်မှုန်ကို လိုက်ရှာတယ်။ သူ မမဝတ်မှုန်ကို ရှာတွေ့တဲ့နေရာက မိုက်ကယ်ရဲ့ အိမ်မှာ။ မိုက်ကယ်ရဲ့ အကြံပက်စက်မှု ထောင်ချောက်ထဲ မမဝတ်မှုန်ကျဆင်းခါနီး။
ဒါပေမယ့် လက်မတင်လေး ကံသီခဲ့တဲ့မမဝတ်မှုန်က အိမ်ပြန်ရောက်တဲ့အခါ လေးလေးကို ပေါက်ကွဲတယ်။
“လေးလေး ပြောတော့ အတားအဆီး အချုပ်အခြယ်မရှိ သွားလာနိုင်တယ်ဆို၊ လေးလေး ကတိမတည်ဘူး … ”
အဖြစ်အပျက်အစုံကို သိလာခဲ့တဲ့ ညီညီက လေးလေးနေရာကနေ မခံမရပ်နိုင်ဖြစ်ရာက မမဝတ်မှုန်ကို ရိုက်မိလိုက်တယ်။ ဝတ်မှုန်ကို အင်မတန်ချစ်မြတ်နိုးတဲ့ လေးလေးကလည်း ညီညီ့ကို စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက် ဖြစ်သွားတယ်။ ငါနဲ့ဝတ်မှုန်နဲ့ကြား မင်းဝင်ပါစရာမလိုဘူး ဆိုတဲ့စကားက သူ့အတွက် နေရာပျောက်ဆုံးသွားသလို ခံစားရတဲ့ ညီညီက အိမ်က ထွက်သွားဖို့အပြင်မှာ တဝက်တပျက် အလင်းစတွေ၊ တဝက်တပျက် အမှောင်ရိပ်တွေ စွန်းထင်းနေတဲ့ အိမ်တံခါးဝမှာ စောင့်နေတဲ့ ဝတ်မှုန်က တားတယ်။ ဒီနေရာမှာ ဇာတ်ရဲ့အရှိန်က အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ ညီညီ အိမ်က ထွက်သွားမှာကိုတားတဲ့ ဝတ်မှုန်က ညီညီမရှိဘဲ မနေနိုင်ပါဘူးလို့ ဖွင့်ဟလိုက်တဲ့အခါ ငယ်သူတို့ရဲ့ နှလုံးသား ယိမ်းယိုင်မှုနဲ့ စိတ်အလွင့်အလျားကို ဒါရိုက်တာက နောက်ခံ မီးအလင်းအမှောင်၊ နောက်ခံ တေးဂီတပံ့ပိုးမှုနဲ့ သရုပ်ဆောင်တွေရဲ့ အပိုအလို မရှိတဲ့ သရုပ်ဆောင်ပညာ စွမ်းရည်တွေ ပေါ်လွင်အောင် သိမ်သိမ်မွေ့မွေ့လေး ဖော်ပြသွားနိုင် ခဲ့တာ တွေ့ရပါတယ်။
ဒီဇာတ်ကားတခုလုံးမှာ အားသာချက်တွေကတော့ ဇာတ်ညွှန်း ခိုင်မာတာ၊ ဓာတ်ပုံနဲ့ အသံ အရည်အသွေး ကောင်းမွန်တာ၊ လိုအပ်တာထက် မပိုတဲ့ နောက်ခံဂီတရဲ့ ပံ့ပိုးမှု ထိရောက်တာတွေပါပဲ။ အခန်းစဉ် တိုင်းမှာလည်း ငြီးငွေ့ဖွယ် အိုင်သွား အီသွားတာတွေမရှိဘဲ သေသပ်လှပစွာ အချိတ်အဆက်မိမိ ဇာတ်ရဲ့အရှိန်ကို မြှင့်တင် ခေါ်ယူသွားနိုင်ခဲ့တာတွေပါ။
အားနည်းချက်လို့ ပြောနိုင်တာကတော့ ရွှေဝတ်မှုန်နဲ့ ရုပ်ချင်း အင်မတန်တူတယ်ဆိုတဲ့ လေးလေးရဲ့ငယ်ချစ် မခင်နှင်းဆီ အကြောင်း ညီညီ့ကို လေးလေးက ပြောတဲ့ အခန်းမှာပြတဲ့ နောက်ကြောင်းပြန် ပြကွက်တွေပါပဲ။ ဒီအရုပ်တွေ မပါဘဲနဲ့လည်း ဇာတ်ကားရဲ့ အရှိန်က လျော့နည်းသွားစရာ အကြောင်းမရှိဘူးလို့ ယူဆမိသလို၊ ဒီအခန်း ဒီအရုပ်တွေ ဇာတ်နဲ့ သီးခြားကြီး ကွဲထွက်နေသလိုလည်း ခံစားရပါတယ်။ ဒီဇာတ်ဝင်ခန်းတွေပြတဲ့ အချိန်မှာ ပရိသတ်တွေဆီက ရယ်သံတွေ ထွက်လာတာလည်း မှတ်မိတယ်။ နောက်တချက်ကတော့ လေးလေးနေရာက သရုပ်ဆောင်တဲ့ နေအောင်ရဲ့ မိတ်ကပ်နဲ့ နှုတ်ခမ်းနီတွေ များလွန်းနေတာက ကြည့်ရတာ အနည်းငယ် အနှောင့်အယှက်ပါ။
ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူဖြစ်တဲ့ ပင်လယ် ထုတ်လုပ်ရေးကတော့ ရုပ်ရှင်အပေါ် ရူးသွပ်မှုချင်း တူညီမှုကို ယုံကြည်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီဇာတ်ကားအတွက် လက်တွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ တလောက အကယ်ဒမီရ ကယန်းအလှ ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ အောင်ကိုလတ်က မြန်မာကားတွေ တိုးတက်ချင်ရင်၊ ကမ္ဘာအဆင့် မီချင်ရင် အိတ်ထဲက မထုတ်ချင်ဘဲ အကျိုးအမြတ်ကိုသာ တွက်တဲ့ ထုတ်လုပ်သူတွေရဲ့ စိတ်ကို ပြောင်းလိုက်ရင် ရပြီလို့ ပြောခဲ့တာ ကိုလည်း အမှတ်ရ မိပါသေးတယ်။ အခု ဇာတ်ကားအတွက်တော့ သရုပ်ဆောင် ရွေးချယ်မှု အပိုင်းကစပြီး ရိုက်ကူးရေး အပိုင်းမှာ ဒါရိုက်တာရဲ့ စိတ်ကူးအတိုင်း ပုံဖော် ဖန်တီးစေခဲ့ကာ ရိုက်ကူးရေး ကုန်ကျစရိတ်ပိုင်းမှာလည်း အကန့်အသတ် မထားခဲ့ဘူးလို့ ပင်လယ်ထုတ်လုပ်ရေးရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
အထူးပွဲအပြီး ပရိသတ်တချို့ရဲ့ “ရုပ်ရှင်ကားကြီး မဟုတ်တာ နှမျောဖို့ ကောင်းတယ်” ဆိုတဲ့ အသံတွေကိုလည်း ကြားခဲ့ ပါသေးတယ်။ မြန်မာဇာတ်ကား တွေကို စိတ်ပျက်ငြီးငွေ့ နေကြပြီဖြစ်တဲ့ မြန်မာ ပရိသတ်တွေအတွက်တော့ “သနပ်ခါး” ဟာ ဒိုက်သရောတွေ ရောနှောမျောပါနေတဲ့ ရေစီးကြောင်း ညစ်ညစ်ထဲက ရေကြည်ရေသန့် စီးကြောင်းလေးတခုကို တွေ့ရသလို နှစ်သက် ကျေနပ်စွာ ခံစားကြရမယ်လို့ ယူဆမိပါတယ်။ မြန်မာ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ အနေနဲ့လည်း ဒီလို ဇာတ်ကားမျိုး အနည်းဆုံး တလ တကားလောက် ထွက်ရှိအောင် ထုတ်လုပ် ရိုက်ကူးနိုင်ကြပြီဆိုရင်တော့ ကျမတို့ မြန်မာ ရုပ်ရှင် ဗီဒီယိုလောကအတွက် ကျေနပ်ဖွယ် အနေအထားကို ရောက်ရှိနိုင်မယ်လို့ မျှော်လင့်မိတာပါပဲ။
နေအောင်၊ ရဲတိုက်၊ ဝတ်မှုန်ရွှေရည်နဲ့ မေကဗျာတို့ သရုပ်ဆောင်ထားတဲ့ “သနပ်ခါး” ဒီဗီဒီ ဇာတ်ကားကို Juntion Mawtin မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က စာနယ်ဇင်းပွဲ ပြသခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အောင်လင်းရဲ့ “ရွှေဝတ်မှုန်” အမည်ရ ဝတ္ထုကို အခြေခံပြီး မင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းပြန်ခွဲ ထားတာလို့ ဇာတ်ကားအဖွင့် စာတန်းထိုးစဉ်မှာ ဖော်ပြထားပါတယ်။ ဒီကားရဲ့ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာဖြစ်တဲ့ မင်းထင်ကိုကိုကြီးကတော့ ဒီဇာတ်ကားဟာ သူ့ရဲ့ ၇ ကားမြောက် ဇာတ်လမ်း ရုပ်ရှင်ဖြစ်ပြီး သူဟာ သူ့ရဲ့ကိုယ်ပိုင် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းတွေကိုသာ ရိုက်ကူးဖို့ အားသန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တခြားသူ တဦးရဲ့ ဇာတ်လမ်းကို ရိုက်ကူးမှု ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။