မျိုးဆက်ဆိုတာ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းမှာ ကောင်းမြတ်မှန်ကန်တဲ့ အရာတွေကို လက်ဆင့်ကမ်းရမယ့်၊ လက်ဆင့်ကမ်းကို ကမ်းသင့်တဲ့ အမွေတခုပဲ ဖြစ်ပါတယ်။ ကျေးညီနောင် ပုံပြင်လိုပဲ စိတ်နေစိတ်ထား မြင့်မြတ်တဲ့ လူ့အဝန်းအဝိုင်းမှာ ရှင်သန်ကြီးပြင်းလာတဲ့ လူငယ်တွေဟာ သင့်လျော် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ကောင်းမြတ်တဲ့ စိတ်နေ စိတ်ထား အမွေကို ရယူ လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပြီး အတ္တစိတ် ကြီးမားတဲ့ လူ့အဖွဲ့အစည်းမှာ ရှင်သန်ကြီးပြင်းလာတဲ့ လူငယ်တွေကတော့ အကောင်းမြင်စိတ် ချို့တဲ့စွာနဲ့ မကောင်းမှု အမွေကိုသာ ရယူလက်ဆင့်ကမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
ထို့အတူပဲ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်ရိုက်ခတ်မှုနဲ့ ပင်ကိုယ်ဗီဇ စိတ်အခြေခံတို့ ပေါင်းဆုံမိတဲ့ လူငယ်အများစုဟာ ကိုယ်ယုံကြည်ရာ နယ်ပယ်အတွင်းမှာ တစိုက်မတ်မတ် ပျော်ဝင်သွားကြတာလည်း ဓမ္မဓိဌာန် ကျလှတဲ့ အကြောင်းချင်းရာ တရပ်ပဲဖြစ်ပါတယ်။ အဲဒီလို နယ်ပယ်အသီးသီးက လူငယ်တွေထဲမှာ ယနေ့ ခေတ်ရေစီးကြောင်းနဲ့အတူ မျောပါစီးဆင်း လာနိုင်ခဲ့တဲ့ ဂီတမျိုးဆက်သစ် လူငယ်တစုကို ပြပါဆိုရင်တော့ ပေါက်ကွဲပြင်းရှတဲ့ ဂီတသွေးများနဲ့ ချစ်ကြည်ဖွယ် ပေါင်းစည်းထားကြတဲ့ SIR အဖွဲ့ပဲ ဖြစ်ပါတယ်။
အဲဒီ SIR ဆိုတဲ့ အမည်နာမအောက်မှာ ဖြစ်တည်နေတဲ့ လူငယ်ဂီတအဖွဲ့ ၄ ဖွဲ့ကတော့ ဒီကနေ့ Rock ဂီတကိုမှ တရှိုက် မက်မက် နမ်းရှိုက်နေကြတဲ့ လူငယ်ပရိသတ် အများစု သိထားပြီးဖြစ်မယ့် Big Bag, Wanted, Idiots နဲ့ Reason အဖွဲ့တွေပဲ ဖြစ်ပါတယ်။ အဲဒီ လူငယ်အဖွဲ့ ၄ ဖွဲ့စလုံးမှာ ပါဝင်နေကြတဲ့ အဖွဲ့သားတွေထဲက အချို့အချို့သော လူငယ်တွေဟာ ဂီတ မျိုးရိုးဗီဇ အခြေခံရှိထားကြသူများ ပီပီ သူတို့ရဲ့ ဂီတအနုပညာ အရည်အသွေးနဲ့ ပါရမီကလည်း ထူးကဲစွာ လင်းလက်တောက်ပနေတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း Under Ground ဂီတလောကကနေ အချိန်ကာလ အတိုင်းအတာ တခုအတွင်းမှာ Up Ground ဂီတ လောကကို ရောက်ရှိနေရာ ယူလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ အဖွဲ့လေးဖွဲ့ထဲမှာ ခေတ်သစ် Punk ဂီတနဲ့ မြန်မာ လူငယ်ထုရင်ကို လှုပ်ခတ်စေခဲ့ပြီး အစောဆုံး တာထွက်ပေါက်ကွဲပြင်းထန်တဲ့ Big Bag အဖွဲ့ပဲ ဖြစ်ပါတယ်။ Big Bag အဖွဲ့ဟာ ပေါက်ကွဲပြင်းထန်တဲ့ Rock ဂီတတွေ စီးဆင်းလည်ပတ် အားကောင်းနေချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ သူတို့ယုံကြည် အားသန်ရာ ဂီတအမျိုးအစား တခုဖြစ်တဲ့ ပြည်တွင်းဖြစ် ခေတ်သစ် Punk ဂီတနဲ့ ဒီက ဂီတပရိသတ်ကို အရသာသစ်တခု မြည်းစမ်း ကြည့်စေခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပြီး နောက်ထပ် တေးအယ်လ်ဘမ်တွေကိုလည်း ဖန်တီးထုတ်လုပ်နိုင်ခဲ့တဲ့ လူငယ်ဂီတ အဖွဲ့တဖွဲ့ပဲ ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ ဖန်တီးမှုတွေကို သတိထားကြည့်မိရင် အစောပိုင်းကာလတွေမှာ Green Days အဖွဲ့ရဲ့ အငွေ့အသက်တွေ လွှမ်းနေတာကို တွေ့နိုင်ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ Big Bag အဖွဲ့ဟာ Big Bag အဖွဲ့ရဲ့ လောင်းရိပ်အောက်မှာပဲ ရှိနေတယ် ဆိုတာကို အခိုင်အမာ တည်ဆောက်ပြနိုင်ခဲ့ပါတယ်။ Vocalist ကျားပေါက်ရဲ့ Vocal Tone ဟာ သူ့အဖေ ရင်ဂိုရဲ့ ဗီဇသွေးပါတဲ့ Vocal Tone ပေါ်မှာ အခြေခံထားတယ်လို့ ယူဆနိုင်ပေမယ့် သူဖန်တီးတဲ့ ဂီတ အမျိုးအစားပေါ်မှာ လိုက်ဖက်မှု ရှိစွာ Vocal Technique တွေကို ဖောဖောသီသီ သုံးစွဲသီဆိုနိုင်သူ ဖြစ်တာက သူရဲ့ ထူးခြားချက်တခု ဖြစ်သလို၊ တီးခတ်တဲ့ အပိုင်းမှာလည်း ကိုယ်တတ်စွမ်း နိုင်သလောက် သီးချင်းရဲ့ Arrange အကျဉ်းအကျယ်ပေါ် မူတည်ပြီး သေသေသပ်သပ် ဖန်တီး တီးခတ်နိုင်တာကလည်း Big Bag အဖွဲ့ရဲ့ ထူးခြားမှုတရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Big Bag အဖွဲ့ဟာ ဂီတ လူငယ်ထု ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလို Big Bag အဖွဲ့ အောင်မြင်နေချိန်မှာ Under Ground လောကကနေ Up Ground ဂီတ ပြေးလမ်းပေါ်ကို အပြေး တက်လှမ်းလာဖို့ တာစူနေတဲ့ လူငယ်ဂီတအဖွဲ့ သုံးဖွဲ့ ပေါ်ထွက်လာခဲ့တယ်။ အဲဒီအဖွဲ့တွေကတော့ Wanted ၊ Idiots နဲ့ Reason ဆိုတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ သုံးဖွဲ့ဟာ တဖွဲ့နဲ့တဖွဲ့ မရှေးမနှောင်း အချိန်အတွင်းမှာပဲ Up Ground ဂီတ ပြေးလမ်းကြောင်းပေါ်ကို အခိုင်အမာ ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့အဖွဲ့ သုံးဖွဲ့စလုံးဟာ Big Bag အဖွဲ့လိုပဲ ကွဲပြားတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ရှေ့က အစဉ်အလာဟောင်းတွေကို ရိုက်ချိုးဖောက်ထွက်ခဲ့ကြပြီး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို ပုံစံနဲ့ သူတို့အားသန်ရာ ဂီတအမျိုးအစားတွေကို ဖန်တီးပုံဖေါ်ခဲ့ကြရာမှာ အောင်မြင်မှုကိုယ်စီ အသီးသီး ရရှိခဲ့ကြတာမို့ ခေတ်သစ် Rock ဂီတ လမ်းကြောင်းတခုကို အမိအရ ချဲ့ထွင် လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။
အဲ့ဒီအဖွဲ့ သုံးဖွဲ့ထဲမှာမှ အဦးဆုံး Single Album ကို ချပြနိုင်ခဲ့တဲ့ အဖွဲ့ကတော့ Wanted အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး Single Album ဖြစ်တဲ့ “ရောင်ခြည်” ဆိုတဲ့ အဲဒီ Album ကို ပရိသတ်က သိပ် သတိမထားလိုက်ပေမယ့် Vocalist Fokker ရဲ့ Rock ဂီတကို ချဉ်းကပ်ထားပုံက တစုံတယောက်ရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိသလောက် နည်းတာကို သတိမထား စေခဲ့သလို၊ သူကိုယ်တိုင် ဖန်တီးရေးဖွဲ့ထားတဲ့ သီချင်းပုံသဏ္ဍာန်တွေပေါ်မှာ သူ့ရဲ့ Vocal Tone Color ကိုလည်း အရှိကို အရှိတိုင်း ရိုးသာစွာ လှစ်ဟပြနိုင်ခဲ့တာကြောင့် ဒုတိယ Single Album ဖြစ်တဲ့ “ငါ့ဂီတ ငါ့ဗီဇ” Album ဟာ သူတို့အဖွဲ့ကို ဂီတလောကရဲ့ စင်မြင့်တနေရာသို့ အရောက်ပို့ဆောင် ပေးနိုင်စွမ်းခဲ့ပါတယ်။
Wanted အဖွဲ့ရဲ့ ထူးခြားချက်က သူတို့အဖွဲ့ဟာ လူငယ်ဂီတအဖွဲ့ တဖွဲ့ဖြစ်ပေမယ့် ခေတ်သစ် Rock ဂီတပုံသဏ္ဍာန်တွေ အပေါ်မှာ သိပ်ပျော်ဝင်မှု မရှိဘဲ Aerosmith တို့ ခေတ်ကာလက Rock ဂီတပုံသဏ္ဍာန်တွေပေါ် အခြေတည်ပြီး ခေတ်သစ် Rock ဂီတဟန် အနည်းငယ်စွက်ကာ သူတို့အားသန်ရာ ဂီတလမ်းကြောင်းတခုကို ယုံယုံကြည်ကြည်နဲ့ ဖောက်လုပ် လျှောက်လှမ်း နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း SIR Album ထဲမှာပါဝင်တဲ့ “ရေလိုက် ငါးလိုက်၊ အပြစ်မဲ့အမှား၊ မဖြစ်တော့ဘူး” ဆိုတဲ့ သီချင်းတွေနဲ့ သူတို့အားသန်ရာ ဂီတပုံစံတွေကို ချပြခဲ့ပြီး တမူကွဲပြားတဲ့ ဂီတအဖွဲ့တဖွဲ့အဖြစ် ရပ်တည်လျက်ရှိပါတယ်။
အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ကမ္ဘာ့ဂီတလောကရဲ့ Rock ဂီတလမ်းကြောင်း အကူးအပြောင်း ကာလတွေမှာ ခေတ်သစ် Rock ဂီတပုံသဏ္ဍာန်တွေ အပေါ် ပျော်ဝင်စီးဆင်းမှု အားကောင်းတဲ့ Idiots နဲ့ Reason ဆိုတဲ့ လူငယ်ဂီတအဖွဲ့ နှစ်ဖွဲ့ဟာ ရှေ့ဆင့် နောက်ဆင့် ပေါ်ထွက်လာခဲ့ကြပြန်ပါတယ်။ အဲဒီထဲမှာ Idiots အဖွဲ့ဟာ “လူအဂီတ” လို့အမည်ရတဲ့ Single Album နဲ့ တာထွက်လာခဲ့ပြီး Stain တို့ Creed တို့လို Modern Rock ဂီတအဖွဲ့တွေရဲ့ ဂီတဟန်တွေပေါ်မှာ အခြေပြုကာ သူတို့ အသွေးအသားထဲက ဆာလောင်မွတ်သိပ်နေတဲ့၊ ပေါက်ကွဲပြင်းရှတဲ့ ဂီတပုံသဏ္ဍာန်တွေကို ဖန်တီးဖောက်ခွဲပြခဲ့ကြပါတယ်။
Vocalist Ramond ရဲ့ Crack ပါတဲ့ High Tone တွေနဲ့ ခံစားသူ ပရိသတ်ရဲ့ အသွေးအသားကို ဆူဝေလွယ်စေမယ့် ဖိုးလုံးရဲ့ Guitar သံတွေ၊ ဂျပန်ရဲ့ Drum Beat တွေဟာ Idiots အဖွဲ့ရဲ့ Trade Mark တခုဖြစ်ကြောင်း SIR Album ထဲမှာပါဝင်တဲ့ “ခေါ်သံများ၊ Sorry၊ နောက်ဆုံးပဲလား” ဆိုတဲ့ သီချင်း သုံးပုဒ်နဲ့ မီးမောင်းထိုးပြသွားပါတယ်။ ဒါကြောင့် Idiots အဖွဲ့ဟာ SIR ထဲမှာ ပေါက်ကွဲပြဖို့ အမြဲတာဆူနေတဲ့ Rock ဂီတရဲ့ ပြိုင်မြင်းတကောင်အဖြစ် Rock ဂီတလမ်းကြောင်းပေါ်မှာ ကစုန်စိုင်းလျက် ရှိပါတယ်။
Idiots လိုပဲ ခေတ်သစ် ဂီတပုံသဏ္ဍာန်တွေနဲ့အတူ ကစုန်စိုင်းလာခဲ့တဲ့ နောက်ထပ်ပြိုင်မြင်း တကောင်ကတော့ Reason အဖွဲ့ပဲ ဖြစ်ပါတယ်။ Reason အဖွဲ့ရဲ့ Music Style တွေကို လေ့လာကြည့်ရင် ခေတ်သစ်ဂီတဟန်တွေ ထုံမွှန်းနေတယ်လို့ သတ်မှတ်လို့ ရနိုင်ပေမယ့် Idiots အဖွဲ့လို ပြင်းပြင်းရှရှ ပေါက်ကွဲပြတာမျိုး မဟုတ်ဘဲ ချိုပြင်းရှတတဲ့ ပေါက်ကွဲမှုမျိုးနဲ့ သူတို့ကိုယ်ထဲမှာ ပူးကပ်နေတဲ့ ဂီတဝိညာဉ်ကို ဖွင့်ဟပြနေတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ ပထမဆုံး Single Album ဖြစ်တဲ့ “ဘဝရဲ့မာတိကာ” Album မှာ Vocalist အောင်လရဲ့ ချိုမြရှတတဲ့ Vocal Power ကို နှစ်လိုဖွယ်ရာ ခံစားနိုင်ကြမှာဖြစ်ပြီး Dream Theater အဖွဲ့လို Progressive Rock ဂီတဟန်တွေ လွှမ်းခြုံနေတဲ့ Guitarist Willie ရဲ့ Guitar Riff တွေကြောင့် Reason အဖွဲ့ဟာ ဒီကနေ မြန်မာပြည်ရဲ့ Rock ဂီတလမ်းကြောင်းပေါ်မှာ လူသိထင်ရှားလာခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ဟာ SIR Album ထဲမှာ “ဘဝခါး၊ ဦးနှောက်ပုံ နှလုံးသားနဲ့ သုံးမရတဲ့ တံခါး” ဆိုတဲ့ သီချင်းတွေနဲ့ သူတို့အဖွဲ့ရဲ့ ဆန်းသစ်တဲ့ ဂီတပုံသဏ္ဍာန်တွေကို ချပြနိုင်ခဲ့ပါတယ်။
အဲဒီလို ယုံကြည်မှုချင်းလည်းတူ ကြိုးစားအားထုတ်မှုချင်းတူကြ အဲဒီ လူငယ်ဂီတအဖွဲ့ လေးဖွဲ့ဟာ ဂီတပြေးလမ်းပေါ်က ဆုံမှတ်တခုမှာ မှတ်မှတ်ထင်ထင် ပေါင်းစည်းသွားမိကြပြီး SIR Rock House လို့ ကင်ပွန်းတပ်ထားတဲ့ Album တချပ်ကို ဖန်တီးထုဆစ်ခဲ့ကြပါတယ်။ အဲဒီ Album ထဲမှာပါဝင်တဲ့ သီချင်းတွေအားလုံးဟာ Rock ဆိုတဲ့ အမည်နာမအောက်မှာ ဖွဲ့တည်ထားပေမယ့် တဖွဲ့နဲ့တဖွဲ့ မတူကွဲပြားတဲ့ Music Style တွေကို ဖန်တီးပုံဖေါ်နိုင်ခဲ့ကြတာမို့ သူတို့အဖွဲ့ လေးဖွဲ့ရဲ့ SIR Rock House ဆိုတဲ့ Album ဟာ ဒီက Rock ဂီတသမိုင်းမှာ မှတ်တိုင်သစ်တခု စိုက်ထူနိုင်ခဲ့တဲ့ Album တချပ်လို့ဆိုရင် လွန်မယ်မထင်ပါဘူး။
အဲဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်းတွေထဲက Rock N Roll၊ ရေလိုက် ငါးလိုက်၊ တပွေထဲလိမ့်၊ ခေါ်သံများ၊ သုံးမရတဲ့ တံခါးနဲ့ ကျနော်မကောင်းဘူး သီချင်းတွေဟာ ထူးခြားတဲ့ Music Style ပေါ်မှာ ဆန်းသစ်တဲ့ Arrangement တွေနဲ့ ပုံဖော်ထားလို့ SIR ပရိသတ်များ ပိုပြီးအကြိုက်တွေ့ကြမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ Album ထဲမှာ သူတို့အဖွဲ့ လေးဖွဲ့ရဲ့ မတူကွဲပြားတဲ့ ဟန်တွေကို Album တချပ်ထဲမှာ ကွဲကွဲပြားပြား မြင်တွေ့ ခံစားနိုင်ကြမှာဖြစ်ပြီး သူ့အဖွဲ့အလိုက် သူ့အမာခံ ပရိသတ်နဲ့သူ သူတို့အဖွဲ့ လေးဖွဲ့ရဲ့ သီချင်းကောင်းတွေကိုလည်း Album တချပ်ထဲမှာပဲ နားဆင် ခံစားနိုင်ကြမှာမို့ SIR ပရိသတ်များအတွက် မရှိမဖြစ် အမှတ်တရ သိမ်းဆည်းနားဆင်သင့်တဲ့ Rock Album တချပ်ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။