ဝေဇယန္တာ ဈေးဝယ်စင်တာ အပေါ်ထပ်တွင် ရုပ်ရှင်လောကသား တဖွဲ့ Unlimited ဆိုသည့် ဇာတ်ကားတကား ရိုက်နေကြသည်။ မင်းသမီး အေးမြတ်သူ အပါအဝင် ဇာတ်ပို့ဇာတ်ရံများကိုလည်း တွေ့ရသည်။ အကျႌဘောင်းဘီ အမည်းရောင်၊ လက်အိတ် အမည်းရောင်နှင့် Punk ဂီတ ရူးသွပ်သူတဦးစတိုင် ဝတ်ဆင် ထားသူ မင်းသားတဦးက ထိုကားတွင် အဓိက ဇာတ်ကောင်တဦးအဖြစ် သရုပ်ဆောင် နေသည်ကို တွေ့ရသည်။
သူက နာမည်ကျော် ဇာတ်သဘင်မင်းသားကြီး ရွှေမန်းတင်မောင်၏ မြေးတဦးဖြစ်သလို၊ နှင်းဆီသခင် အငြိမ့် အဖွဲ့သား တဦးလည်း ဖြစ်သည်။ သာယာသည့် အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်သလို၊ အနုပညာပိုင်း ဆိုင်ရာတွင်လည်း ဟာသ၊ ဒရာမာ၊ ဖန်စီ စသည့် ကျရာ ဇာတ်ရုပ်တိုင်း၌ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သည့် အရည်အချင်းရှိပြီး ကောလာဟလ နည်းသည့် အနုပညာရှင် တဦးလည်းဖြစ်သည်။ သူကတော့ ကျော်ကျော်ဗိုပဲ ဖြစ်သည်။
ကျော်ကျော်ဗိုက သူ့ရဲ့ ငယ်ဘဝရည်မှန်းချက်သည် ဘောလုံးကန်သူ တဦး ဖြစ်ချင်ခဲ့သော်လည်း အထက်တန်း ကျောင်းပြီးချိန် အရွယ်ရောက်ချိန်မှာတော့ သူရဲ့ စိတ်ခံစားချက်အပေါ် လိုက်ပြီး ခံစားရွေးချယ် ခဲ့သည်က အနုပညာရှင် တယောက် ဘဝသာဖြစ်ခဲ့သည်ဟု ဆိုသည်။
“ကျနော် သိတတ်လာတဲ့ အချိန်မှာ ရင်ထဲ အသည်းထဲက ကြက်သီးထလောက်အောင် ခံစားရပြီး ရွေးချယ်ဖြစ်ခဲ့တာ အနုပညာရှင် ဆိုတာပဲ” ဟု သူက ဆိုသည်။
သူ၏ အနုပညာအလုပ်အပေါ် ခံစားချက်နှင့် ပတ်သက်ပြီးလည်း “ကျနော်က အနုပညာရှင် ဖြစ်ချင်တာ၊ ဘယ်ဇာတ်ရုပ်ကိုမှ ရိုက်မယ်ဆိုတာမျိုး မရှိဘူး၊ ဇာတ်ရုပ်တရုပ် သရုပ်ဆောင်ဖို့အတွက် အမြဲ စိန်ခေါ်ပြီးရိုက်တယ်” ဟု ကျော်ကျော်ဗိုက ဆက်ပြောသည်။
အချို့သော အနုပညာ ဝါသနာရှင်များ အနု ပညာလောကထဲသို့ မြေစမ်းခရမ်းပျိုး ရောက်လာကြပြီး နှစ်ပိုင်း၊ လပိုင်းနှင့် ပြန်ပျောက်ကွယ် သွားတတ်သလို၊ တချို့ကလည်း အနုပညာ အလုပ်အပေါ် စိတ်ရောကိုယ်ပါ နှစ်နှစ်ကာကာ ထားပြီး လုပ်ကိုင်ကြခြင်း မရှိကြသည့် အပေါ်လည်း သူက သုံးသပ်ပြသေးသည်။
“အနုပညာရှင် တယောက် ဖြစ်လာဖို့ဆိုတာ ပေါ်ပြူလာဖြစ်ချင်လို့၊ လူစိတ်ဝင်စားခံချင်လို့ဆိုတဲ့ အချက်နဲ့ အနုပညာလောကထဲ ဝင်လာရင်တော့ အနုပညာလောကထဲမှာ ကြာရှည်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” လို့လည်း ကျော်ကျော်ဗိုက ဆက်ပြောသည်။
“အနုပညာ ဆိုတာ လုပ်ယူလို့ မရဘူး၊ လုပ်ယူရင် အတုပဲဖြစ်မှာပဲ။ နှစ်နှစ်ကာကာမြတ်နိုးသလို ယုံကြည်စိတ်ရှိမှ အနုပညာ လောကကို ဝင်လာတာ ကောင်းတယ်” ဟု ကျော်ကျော်ဗိုက သူသိထားသည့် အနုပညာရှင်တယောက်၏ အရည်အချင်း၊ ရှိရမည့် စိတ်ဓာတ်တို့နှင့်ပတ်သက်ပြီးလည်း သုံးသပ်ပြသည်။
၂၀၁၄ ခုနှစ်တွင် ရုပ်ရှင်ဗီဒီယို ဇာတ်လမ်းများ၌ အရည်အသွေးပိုင်း တိုးတက်ဖို့၊ စက်ပိုင်းဆိုင်ရာမှအစ ၈၀ ရာခိုင်နှုန်း လောက်အထိ ပြောင်းလဲအသုံးပြုနိုင်အောင် ရုပ်ရှင်လောကသားများက ဝိုင်းဝန်း ကြိုးစားနေကြသည် ဟုလည်း ကျော်ကျော်ဗိုက သတင်းစကား ဆိုသေးသည်။
လူမှုရေး အရှုပ်အရှင်း ကောလာဟလများ ဖြစ်ပေါ်လေ့ရှိသည့် အနုပညာရှင်များအကြား ပရိသတ်များ အားကျကြရသည့် သူ၏ အိမ်ထောင်ရေး ဘဝနှင့်ပတ်သက်ပြီးလည်း သူက “ကျနော့်ရဲ့ မိသားစုဘဝ က ဇနီးနဲ့ သမီးလေးနဲ့ ပျော်စရာ အရမ်း ကောင်းတယ်။ အိမ်ထောင်ဦးစီးကောင်း၊ ဖခင်ကောင်း ဖြစ်အောင် ကြိုးစားပြီး ကျနော့်အိမ်ထောင်ရေး သာယာမှုရှိဖို့ ကျနော် အမြဲကြိုးစားတယ်” ဟု ကျော်ကျော်ဗိုက ဆိုသေးသည်။
ရွှေမန်းသဘင်၏ မျိုးဆက်တဦးဖြစ်ပြီး သရုပ် ဆောင်တဦးလည်း ဖြစ်သည့်အပြင် နှင်းဆီအငြိမ့် အဖွဲ့သားတဦးလည်းဖြစ်သည့် ကျော်ကျော်ဗိုက လူငယ် အမျိုးသမီးများဖွံ့ဖြိုးရေး ရန်ပုံငွေပွဲအဖြစ် မန္တလေးမြို့တွင်ကပြခဲ့သည့် “နှင်းဆီသခင်”အငြိမ့်၌ နှင်းဆီအဖွဲ့သားများဖြစ်သည့် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်းတို့နှင့်အတူ ပရိသတ်ကိုဖျော်ဖြေခဲ့သည်။ ထိုအငြိမ့်ခွင်တွင် ပြက်ခဲ့ကြသော နိုင်ငံရေး၊ စီးပွား ရေး၊ အားကစားစသည့်ကဏ္ဍများအကြောင်း ဟာသ ပြက်လုံးများကလည်း လတ်တလောတွင် နာမည်ကြီး နေသည်။
“ပြက်လုံးအိုင်ဒီယာတွေကိုတော့ ဦးမျိုးမင်းနဲ့ ကျနော်တို့ လူရွှင်တော်အဖွဲ့သားတွေ ဝိုင်းစဉ်းစားပြီး ထုတ်ခဲ့ကြတာပေါ့၊ တကယ်တော့ ပြက်လုံးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါ” ဟု ကျော်ကျော်ဗိုက ဆို သည်။
Sky Net ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ထို အငြိမ့်ခွင်၏ပြက်လုံးများ၌ သိပ်မကြာခင်က ကျင်းပ သွားသော ၂၇ ကြိမ်မြောက်ဆီးဂိမ်းစ်အကြောင်း၊ ဖေ့စ်ဘွတ်စာမျက်နှာတွေထက်မှာ နာမည်ကြီးဖို့ အရေး ဖော်ချွတ်ပြနေကြသော မြန်မာမလေးများ အကြောင်း၊ အကယ်ဒမီပေးပွဲအကြောင်း၊ FM များနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စများအပေါ် အခြေခံကာ ပြက်ခဲ့ကြသည့် ပြက်လုံးများအပေါ်မန္တလေးပရိသတ် က အားရပါးရရှိခဲ့ကြသည်။ ရုံပြည့်ရုံလျှံဖြစ်ခဲ့သည်။ ၎င်းပါဝင်ပြီး ဒါရိုက်တာမောင်မျိုးမင်းဦးစီးသည့် နှင်းဆီအငြိမ့်အဖွဲ့သားများသည် ပြည်တွင်းပြည်ပရှိ ရန်ပုံငွေပွဲများတွင် သွားရောက် ဖျော်ဖြေခဲ့ကြပြီး ပရိသတ်နှစ်ခြိုက်အားပေးမှုများကိုလည်း လက်ခံ ရရှိခဲ့သည်။
သဘင်မျိုးဆက်တဦးဖြစ်သည့် ကျော်ကျော်ဗို က သဘင်လောကကြီး တိုးတက်လာဖို့အတွက်သဘင် မျိုးဆက်သစ် လူငယ်များက ဝိုင်းဝန်းကြိုးစား နေကြ သည့်အကြောင်း၊ သဘင်လောကကို လူတွေစိတ်ဝင် စားမှုပိုပြီးရှိလာဖို့ မျိုးဆက်သစ်များက တွန်းတင်နေ ကြကြောင်းလည်း ကျော်ကျော်ဗိုက ပြောသေးသည်။
“ပလို့ဂျိ..ဆိုတာနဲ့ ပွဲခင်းထဲရောက်နေအောင် ဝါသနာကြီးတဲ့ ဇာတ်သဘင်ပရိသတ်က ရှိပြီးသား။ အရင်ခေတ်တွေတုန်းက ဇာတ်သဘင်လောကမှာ ကျော်ကြားခဲ့ကြတဲ့သူတွေများခဲ့ကြပေမယ့် ခုခေတ် မှာတော့ ဇာတ်သဘင်လောကတိုးတက်ဖို့ ဦးစားပေး ပြီး အုပ်စုဖွဲ့တွန်းတင်နေကြတဲ့ အနေအထားပေါ့”ဟု သူကဆိုသည်။
ကျော်ကျော်ဗိုက အနုပညာရှင်များနှင့် ဆိုရှယ် နက်ဝက်ခ်တွေအကြောင်းလည်း ပြောသေးသည်။ ဖေ့စ်ဘွတ်လို ဆိုရှယ်နက်ဝက်ခ်အသုံးပြုခြင်းအားဖြင့် ပရိသတ်တွေနှင့် နီးနီးကပ်ကပ် ထိတွေ့မှု ပိုမိုရရှိ သလို နေ့စဉ်လုပ်ဖြစ်သောအလုပ်များ၊ အစီအစဉ် များကိုလည်း ပရိသတ်ကိုအသိပေးနိုင်သည်။ ထို့ အတွက် ဆိုရှယ်နက်ဝက်ခ်ရှိခြင်းက ကောင်းသည်ဟု ဆိုနိုင်ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ၊ ကာယကံရှင်များ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသော အရေးအသားများကို ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဖြန့် ဝေခြင်း၊ ပျံ့နှံ့ခြင်းကတော့ ဆိုရှယ်နက်ဝက်ခ်၏ အားနည်းချက် ဖြစ်နိုင်သည်ဟု သူကသုံးသပ်သည်။
ဒီဘက်ပိုင်းနှစ်များ၌ ဖေ့စ်ဘွတ်လို ဆိုရှယ်နက် ဝက်ခ်တွေ လူသုံးများလာသလို အနုပညာရှင်အများ စုကလည်း သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်ချက်များ၊ ခံစားချက်များစသည်တို့ကို ဖေ့စ်ဘွတ်စာမျက်နှာ တွေပေါ် အချိန်နဲ့တပြေးညီ ရေးသား ဖော်ပြလာ သည်ကိုလည်းတွေ့ရသည်။ တေးသံရှင်ဖြူဖြူကျော် သိန်းဆိုလျှင် ပရိသတ်များက သူနှင့်ပတ်သက်သော အကြောင်းအရာများကိုသိနိုင်အောင် ဖြူဖြူကျော် သိန်းနာမည်နှင့် ဝက်ဘ်ဆိုက်ဖွင့်ထားသည်။
အနုပညာရှင်များအကြား မူးယစ်ဆေးဝါးသုံးစွဲ ခြင်းအပါအဝင် အချစ်ရေး၊ လူမှုရေး စသည့်ကိစ္စများ တွင် ကောလာဟလ ထွက်ရှိခဲ့ကြသည့်သာဓကများ အများအပြားရှိနေကြသော်လည်းယင်းသို့ ကောလာ ဟလနည်းပါးသည့် သရုပ်ဆောင်အနုပညာရှင်တဦး ဖြစ်သည့် ကျော်ကျော်ဗိုက ၎င်းကိစ္စနှင့် ပတ်သက်ပြီး လည်း သူ့အမြင်ကိုပြောသေးသည်။
“အနုပညာရှင်တချို့က မူးယစ်ဆေးဝါးနဲ့မကင်း ကြတာ နိုင်ငံတကာမှာလည်းရှိပါတယ်။ လူတိုင်းမှာ တော့ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိကောင်း ရှိလိမ့်မယ်။ အဲဒီအပေါ် ဖိအားပေးတာတော့ မ ကောင်းဘူး”ဟု မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်ပျံ့နှံ့ခဲ့သော အနုပညာရှင်အချို့နှင့် မူးယစ် ဆေးဝါးပြစ်မှုဆက်စပ်သည့် စစ်ချက်များနှင့် ပတ် သက်ပြီး ကျော်ကျော်ဗိုက သုံးသပ်သည်။
“စိတ်ရဲ့စေစားရာအတိုင်း လိုက်လုပ်တတ်တဲ့ အထဲမှာ ကျနော်မပါဘူး။ ကိုယ့်စိတ်က ဖြစ်ချင်တာနဲ့ လုပ်ချင်တဲ့ဆန္ဒကို မဲခွဲဆုံးဖြတ်ပြီးမှ လုပ်တတ်တာ ကြောင့် ကောလာဟလနည်းတာဖြစ်နိုင်တယ်”ဟု လည်း သူကဆိုပါသည်။