စာအုပ်အမျိုးအစား စာအုပ်အမည် စာရေးသူ စာအုပ်တိုက် ထုတ်ဝေသည့်နှစ် တန်ဖိုး |
ဝတ္ထုရှည် ဆုံနေရက်နဲ့ လွမ်းလေခြင်း ဂျူး ဂျူး စာပေ ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၃ ၂၈၀၀ ကျပ် |
(၁)
လွန်ခဲ့သည့် ၂ လခန့်က မိမိ၏ Facebook စာမျက်နှာတွင် ကိုယ်ရေးကိုယ်တာ ခံစားချက်တခုကို ရေးတင်လိုက်သည်။ မိမိသည် နှစ် ၂၀ မျှ ခွဲခွာနေခဲ့ရသည့် မိသားစုနှင့် တွေ့ဆုံရန် မိမိ၏ရွာကလေးသို့ ပြန်ရောက်လာခဲ့သည်။ မိသားစုနှင့် ပြန်လည် တွေ့ဆုံခန်း ဖွင့်ခဲ့သည်။ သို့သော် သားသမီးများက မိမိအား အဝေးမှပင် ကြည့်ပြီး စကားပြောကြသည်။ မိမိ၏ ချစ်သူသည် မိမိနှင့် ခပ်ဝေးဝေးနေရာမှ ထိုင်ကာ စကားပြောသည်။ ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ မိမိအဖို့ ချစ်သူများနှင့် ပြန်လည် ဆုံတွေ့ရသည့်တိုင် အလွမ်းပင်လယ်ကြီး ခြားသွားရပြန်သည်။ ဘာကြောင့်များပါလိမ့်။
အမှန်စင်စစ် ကျနော်သည် မိသားစုနှင့် ပြန်လည်ဆုံဆည်းခွင့် ရနေပြီဖြစ်သည် မဟုတ်ပါလော။ နှစ် ၂၀ ကျော် ခွဲခွာ နေခဲ့ရသည့် ချစ်သူများနှင့် ပြန်လည် ဆုံဆည်းရခြင်းဖြစ်သည် မဟုတ်ပါလော။ ဘာ့ကြောင့်များ လွမ်းနေရပြန်တာပါလိမ့်။ ဘာ့ကြောင့်များ ထပ်မံ ဝေးကွာ သွားရပြန်ပါလိမ့်။
ယခု အသက် ၆၀ ကျော်လာခဲ့ပြီ။ ယခင် နှစ်နှစ်ဆယ် တလျှောက်လုံးကဲ့သို့ပင်၊ အလွမ်းပင်လယ်ကြီး ခြားလျက်နှင့်ပင် ဘဝကို နိဂုံးချုပ်ရတော့မည့် သဘောများလား။ ကျနော် သည်လိုပဲ Facebook စာမျက်နှာပေါ် ရေးတင်လိုက်သည်။
မိသားစုနှင့် ခွဲခွာ နေခဲ့ရစဉ်က မိမိနှင့်အတူ စာကြည့်တိုက် တခုတွင် ငါးနှစ်မျှ အလုပ်အတူတူ လုပ်ကိုင်ခဲ့ဖူးပြီး ယခုအခါ နော်ဝေး နိုင်ငံတွင် ခိုလှုံနေထိုင်သူ တူမလေး မြတ်သဲကြူက ချက်ချင်းဆိုသလို ကျနော့် Facebook စာမျက်နှာတွင် Comment ဝင်ရေးသည်။ တကြိမ်မက ဝင်ရေးသည်။ သူ့ခမျာ ကျနော့်စာကို ဖတ်ကာ ထိတ်လန့်စိုးရိမ် သွားရသည်ဟု ဆိုသည်။ ဘဝကို တရားနဲ့ ဖြေနိုင်အောင်သာ ကြိုးစားဖို့ တိုက်တွန်းသည်။ မြတ်သဲကြူ၏ စာကိုဖတ်ပြီးနောက် ကျနော်သည် ပိုမိုကြေကွဲစွာ ပြုံးရတော့သည်။
(၂)
ကျနော်သည် ဂျူး၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုကို အထက်ပါ အလွမ်းပင်လယ် ဝေနေစဉ်အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရှုမိခဲ့သည်။ ထို့အပြင် ဂျူး ၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုကို ရသစာပေ ချွတ်ခြုံကျနေသည် ဟူသော ယခုလို အချိန်မျိုးတွင် ဖတ်ရသည့်အတွက်ကိုယ်၌ ကလည်း ကျနော့်မှာ ထူးခြားသစ်လွင် လန်းဆန်း နေစေပြန်သည်။
အမှန်စင်စစ် ဂျူး၏ နောက်ပိုင်း စာအုပ်များကို ဖတ်ပြီး ကျနော်တယောက် ထင်တိုင်းမပေါက်သည့် ခံစားမှုကို ခံစား နေခဲ့ရသည်မှာ ကြာပါပြီ။ ဂျူးသည် ‘အမှတ်တရ’ လို ရသဝတ္ထုဖြင့် စာပေစင်မြင့်ပေါ် တက်လာသူဖြစ်သည်။ ထို့နောက် အစဉ်တစိုက် ဆိုသလို ဂျူး၏ ရသဝတ္ထုများ ဖတ်ခဲ့ရသည်။ ပိုမိုရင့်ကျက် ပိုမိုလေးနက်သော ရသဝတ္ထုများဖြင့် မြန်မာရသ စာပေနယ်ပယ်တွင် ဒုတိယတန်းစား နေရာသို့ပင် ချန်ထား သတ်မှတ်လို့ မရနိုင်လောက်အောင် ထိရောက်ကြံ့ခိုင်သော ရသဝတ္ထုများ ရေးဖွဲ့လာခဲ့သည် (ဤသည်မှာ မိမိတစ်ဦးတည်း၏ ပုဂလအယူအဆ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဖြစ်ခဲ့သည်ရှိသော် ကိစ္စမရှိပါ)။
သို့သော် ဂျူးသည် ရသဝတ္ထုများ ရေးဖွဲ့နေစဉ်မှာပင် ရသကို ကျောထောက်နောက်ခံ ထားသည့် အရေးအသားမှ လမ်းကြောင်း ပြောင်းကာ ရသကို ထိခိုက်စေသည့် တခြား ဗဟုရသနယ်ပယ်ဘက်သို့ တိမ်းညွတ်သွားခဲ့ရ၏။ ဥပမာ – သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ အယူအဆနှင့် ဗဟုသုတများကို သူ၏ ဝတ္ထုများထဲ၌ ထည့်ရေးလာခဲ့သည်။ တကယ်တော့လည်း ဂျူးကို မည်ကဲ့သို့သော စာပေမျိုးကိုသာ ရေးရမည်ဟု သတ်မှတ်တောင်းဆိုခြင်း မျိုးတော့ မဟုတ်ပါ။ တောင်းဆိုလို့ ရကောင်း သည်လည်း မဟုတ်ပါ။ သူ့အပေါ် ကျနော်တို့ မျှော်လင့်သည်က ရသစာပေ အမျိုးအစားကို တစိုက်မတ်မတ် ရေးစေချင် ခဲ့သည်။ အထူးသဖြင့် ယခုလို ရသစာပေ ချွတ်ခြုံကျနေသည့် ကာလမျိုးတွင် ဂျူးလို ရသစာပေ စူးနက်သူ စာရေးဆရာဆီက ရသဝတု္ထများကို ပိုမိုမျှော်လင့်ခဲ့ခြင်း မျိုးသာ ဖြစ်ပါသည်။ သို့သော် အချိန်တော်တော် ကြာသည်အထိ ဂျူးသည် ရသ အားနည်းသည့် ရသနှော ဗဟုသုတ ဝတ္ထုများကိုသာ ရေးနေခဲ့သည်ဟု ယူဆရပါသည်။
ယခုတော့ ဂျူးသည် ကျနော်တို့ မျှော်လင့်နေခဲ့မိသော ရသဝတ္ထု ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ကို ရေးလာခဲ့ပြီ။ ကျနော်တို့ အလေးအနက်ထား ဖတ်ကြရပါသည်။ (သို့တိုင် ဂျူးသည် ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုတွင်လည်း စာတမ်းတခုကို အရေးပါသော ဇာတ်ဝင်ခန်း အနေဖြင့်ထည့်ကာ စာဖတ်သူကို ဗဟုသုတ ပေးဖြစ်အောင်ပေးဖို့ ကြိုးစား သွားခဲ့ပါသေးသည်။ သို့သော် ကိစ္စမရှိပါ။ ကျနော်က ထိုစာတမ်းအား ဝတ္ထုအတတ်ပညာဖြင့် ထုပ်ပိုးပေးလိုက်သည်ကို သိပင်သိသော်ငြား ဂျူး ရင်မှ ခံစားချက်ကိုသာ အမိအရ နှိုက်ယူပါသည်)
ဂျူး ၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုမှာ ဝတ္ထုခေါင်းစဉ်အတိုင်း ဘဝတွင် ကိုယ်ချစ်ရသူနှင့် ဆုံရကြုံရသည့်တိုင် ချစ်ခွင့် မကြုံရ၊ ချစ်ခွင့်မကြုံထိုက်သည့် အတွက် ခံစားရသည့် ခံစားချက်ကို ကျောရိုးပြုထားသည့် အချစ်ဝတ္ထု ဖြစ်ပါသည်။ ဝတ္ထုရှည်များ အစဉ်တစိုက် အောင်မြင်စွာ ရေးဖွဲ့ခဲ့သူ ဖြစ်သည်မို့ ဇာတ်ကောင် တဦးချင်းစီ၏ ဇာတ်ရုပ်များကို ပီပြင်အောင် အားထုတ် ရေးသားသည်မှာလည်း သိသာပါသည်။ ထိရောက်ပါသည်။ အထူးသဖြင့် မောင်သက်ဝေ၊ ကိုလတ်၊ အင်ကြင်းနှင့် အင်ကြင်း၏ မိခင်တို့၏ စရိုက်လက္ခဏာ များကို ပီပြင်ပေါ်လွင်အောင် ရေးနိုင်ပါသည်။
အဓိကဇာတ်ကောင် အင်ကြင်းသည် သူနှင့် တမြို့တည်းနေ၊ တကျောင်းတည်းတက်၊ သူ့ထက် အသက်ငယ်ရွယ်လွန်းသူ မောင်သက်ဝေကို ချစ်ခင်နေခဲ့မိသည်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသူ မောင်သက်ဝေက ချဉ်းကပ် လာပြန် တော့လည်း သူ့စိတ်ကိုသူ ထိန်းကာ မောင်သက်ဝေကို ချစ်ခွင့်မပေးဘဲ တင်းခံထားခဲ့သည်။ နောက်ပိုင်းတွင် မောင်သက်ဝေက သူ့ကို စွန့်ခွာသွားသည့်တိုင် အင်ကြင်းကတော့ မောင်သက်ဝေအပေါ် ချစ်ခင်စွဲလန်းစိတ် လျော့မသွားခဲ့။ နောင်အခါ စာတမ်း တခုဖတ်ရန် ပြင်သစ်ပြည်သို့ ရောက်လာသူ အင်ကြင်းနှင့် ပြင်သစ်တွင် ကြိုတင်ရောက်နှင့်နေသူ မောင်သက်ဝေတို့ ပြန်ဆုံ ကြရသည်။ မောင်သက်ဝေကို ချစ်ခင်လွန်းသည့်တိုင် မောင်သက်ဝေ၏ အချစ်ကို လက်မခံဘဲ၊ မိမိစိတ်ကို တင်းခံထားခြင်းကိုမူ အင်ကြင်းက လက်မလျှော့ခဲ့။ နောက်ဆုံးတွင်မူ မောင်သက်ဝေ သည်လည်း ဘဝတွင် ဆုံနေရက်နဲ့ လွမ်းတတ်ရသည် ဆိုသည်ကို နားလည် လက်ခံလာခဲ့သည်။ အင်ကြင်းအပေါ် နားလည် သဘောပေါက်လာကာ သည်ဝတ္ထုမှာ နှစ်ဦးနှစ်ဘက် ချစ်ကြရသူများ ဖြစ်သည့်တိုင် ဆုံနေရက်နဲ့ လွမ်းလေခြင်းဖြင့် နိဂုံးချုပ်၏ (ဂျူးသည် အချစ်နှင့် ချစ်ခြင်းမေတ္တာ မတူဟူ၍လည်း ပြောခဲ့ပါသည်)။
အမှန်တကယ် တော့လည်း ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုမှာ ဇာတ်လမ်းအရမူ သာမန် သူလိုကိုယ်လို ဇာတ်လမ်း၊ ဇာတ်ကွက် မျှသာ ဖြစ်ပါသည်။ သို့သော် ဇာတ်ကောင်များ၏ အပြောအဆို အယူအဆနှင့် တင်ပြပုံများကမူ သာမန်ထက် ပိုပြီး အားကောင်းသည်။ စာဖတ်သူကို ချုပ်ကိုင်ထားနိုင်သည်။ လိုအပ်သလို ကြေကွဲစေ၊ ပြုံးစေသည်။ လိုအပ်သလို ခံစား တွဲခေါ် သွားနိုင်သည်။
ဂျူး ၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ကိုဖတ်ရတော့ ကျနော်တို့သည် ရေငတ်ပြေသလို ဖြစ်သွားသည်။ ဆွဲဆောင်အား ကောင်းသည့် ရသဝတ္ထုများကို အငမ်းမရ ဖတ်ရှုနေချင်သည့် အချိန်တွင် သည်ဝတ္ထုကို ဖတ်ရခြင်းအတွက်ကြောင့် ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂလဓိဌာန်သဘောအရ အလွမ်းများဖြင့်ပိကာ၊ အလွမ်းများကို ခုံမင်လွန်းသူ တဦးဖြစ်သည့် မိမိအဖို့ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုကို ဖတ်ရခြင်းဖြင့်် အလွမ်းတွေ ဖွေးဖွေးလှုပ်မျှ ပိုမို ဝေစည်သွားစေခဲ့၏။
(၃)
ပြည်ပတွင် နှစ် ၂၀ မျှ နေထိုင်စဉ် ကဗျာများ အစဉ်တစိုက်ရေးလျှက် ကိုယ်ယုံကြည်ရာအလုပ် လုပ်ကိုင်နေထိုင်ခဲ့စဉ်က ကဗျာရေးဖော်လည်းဖြစ် ညီမ အရင်းတယောက်လို ချစ်ခင် လေးနက်ရသည့် ကဗျာဆရာမလေး မိဆူးပွင့်က တော်လှန်ရေး ဒေသရောက် ကဗျာရေးသူများ အပေါ် တဦးချင်း ကောက်ချက်ဆွဲရာ၌ ကျနော်သည် ‘တော်လှန်ရေး အလွမ်းသမား (Revolutionary Romantic) ဖြစ်သည်ဟု မှတ်ချက်ပြုသွားခဲ့ဖူးသည်။
ယခုလည်း ကျနော်သည် မိသားစုနှင့် ပြန်လည်ဆုံဆည်းခွင့် ကြုံပါလျှက် အလွမ်းတွေကို ရင်ဝယ်ပိုက်ထားမိ ပြန်သည်။ တဖန် ဂျူး ၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ကို ဖတ်ကာ အလွမ်းပေါ်တွင် အလွမ်းဆင့်ရ ပြန်သည်။ ထို့ကြောင့် ဂျူးကို ကျေးဇူး တင်သည်။ ထို့ထက် မိမိ၏ အသက်အရွယ်အရ ဘဝနိဂုံးနှင့် လျင်မြန်စွာ ပြေးဝင် နီးကပ်လာနေသည့် သည်လိုအချိန်မျိုးတွင်မှ ဂျူး၏ ‘ဆုံနေရက်နဲ့ လွမ်းလေခြင်း’ ဝတ္ထုကို ဖတ်ခွင့်ကြုံရခြင်း ဖြစ်သည့်အတွက် သည်ဝတ္ထုအပေါ် ပိုပြီး လေးနက်မိသည်။ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လှသည့် အလွမ်းဒဏ်ကို အလူးလူး အလိမ့်လိမ့် ခံစားရင်း ဘဝနိဂုံး ချုပ်ကောင်း ချုပ်တော့မည်ဟု ယူဆနိုင်ကောင်းသည့် သည်လို အခွင့်အရေးမျိုးကိုမှ ဘာကြောင့်ရယ်မသိ ရူးသွပ်စွာ ပိုမို ချစ်မက်နေမိ ပြန်ရသည်မှာလည်း ဂျူး၏ ‘ဆုံနေရက်နဲ့လွမ်းလေခြင်း’ ဝတ္ထုကို ဖတ်ရသောကြောင့် ဖြစ်ကောင်း ဖြစ်လေမလား။ သဲကွဲစွာ ကျနော် မသိပါ။