[irrawaddy_gallery]
မြန်မာပြည်က ပန်းချီအနုပညာ ပြခန်းတွေမှာ Nude ပန်းချီ ကားတွေ ခင်းကျင်းပြသဖို့ဆိုတာ အရင် ၂၀၁၀ ပြည့်နှစ်မတိုင်ခင် စစ်အစိုးရ လက်ထက်က အိပ်မက်တောင်မက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကတော့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စိစစ်ရေးအဖွဲ့ရဲ့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့တိုင်းတာ ခံခဲ့ရတာကြောင့် အဓိက ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရရဲ့ စိစစ်ရေးအဖွဲ့ကြောင့် အနုပညာခံစားသူ ပြည်သူလူထုဟာလည်း Nude ပန်းချီကားတွေကို ကြည့်ရှုခံစားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီတော့ Nude ပန်းချီကားဆိုတာ အနုပညာ ပုံသဏ္ဍာန်တခု ဆိုတာထက် ရိုင်းစိုင်းမှု ပြယုဂ်တခုလို မြန်မာလူမှု ဝန်းကျင်တချို့မှာ သတ်မှတ်ခံခဲ့ရပါတယ်။
အဲဒီလို Nude ပန်းချီကားတွေကို ခင်းကျင်းပြ သလာတဲ့ ပန်းချီဆရာတွေအထဲမှာ ပန်းချီ မြင့်နိုင်လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ သူကတော့ ၁၉၈၉ ခုနှစ်က ရန်ကုန် ပန်းချီ ကျောင်းဆင်း၊ ရခိုင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။
ပန်းချီမြင့်နိုင်ဟာ ရေဆေးမီဒီယံကို ခုံမင်နှစ် သက်သူတဦး ဖြစ်တဲ့အလျောက် မြန်မာပြည် မပွင့်လင်းခင် အချိန်ကာလတွေမှာ ရေဆေးနဲ့ Landscape ကားတွေကိုသာ တောက်လျှောက်ရေးဆွဲခဲ့သူ ဖြစ်ပေမယ့် သူ့ရင်ထဲမှာဖြစ်တည်နေတဲ့ ချဉ်ခြင်းကတော့ ကြိန ပန်းချီကားတွေ ရေးဆွဲပြသဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ရန်ကုန် ယောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65 မှာ ကျင်းပတဲ့ Water Color Art Show 2014 မှာ ပန်းချီ မိုးညို၊ ပန်းချီ ခင်မောင်ဇော်တို့နဲ့အတူ ပန်းချီ မြင့်နိုင်ရဲ့ Nude ရေဆေးပန်းချီကား ၁၂ ကား ပြသခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားတွေကို ကြည့်ရှုသူတွေ အထူးစိတ်ဝင် စားပြီး ဝယ်ယူကြတာလည်း တွေ့ခဲ့ရပါတယ်။
သူ့ရဲ့ Nude ပန်းချီကားအားလုံးဟာအသက်ဝင် လှုပ်ရှားနေကြတယ်၊ မိန်းကလေးတဦး၊ ဒါမှမဟုတ် မိန်းကလေး တချိုရဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေကိုဖော်ပြတဲ့ ကိုယ်နေဟန်အမျိုးမျိုးကို သူကျွမ်းကျင်တဲ့ ရေဆေးမီဒီယံ အသုံးပြုတင်ပြထားတာ တွေ့ရပါတယ်။ မိန်းကလေးတွေရဲ့ မျက်နှာတချို့ကတော့ အရှက်အကြောက်ကို ကြိုးစားဖုံးဖိပြီး ခံစားမှုမဲ့သယောင် ကြိုးစားထိန်းချုပ်ထားတာ ပေါ်လွင်နေပါတယ်။
ရေဆေးမီဒီယံကို အမြဲအသုံးပြုဖြစ်တာနဲ့ ပတ်သက်လို့တော့ သူက “ရေဆေးရေးရတာ စိတ်လှုပ်ရှားဖို့ ကောင်း တယ်၊ ပျော်စရာကောင်းတယ်၊ ရေဆေးအတတ်ပညာက တထိုင်တည်းဆုံးဖြတ်ပြီး ရေးရတာ၊ စုတ်ချက် နှစ် ချက်လောက် ရေးလိုက်၊ ပစ်ထားလိုက် လုပ်လို့မရဘူးလေ” လို့ ပြောပြပါတယ်။
သူ့ရဲ့ Nude ပန်းချီကားတွေမှာ အရောင်ကို အားပြုရေးဆွဲထားတာ မတွေ့ရပါဘူး။ အရောင်ထက် Subject ဖြစ်တဲ့ မိန်းကလေးတွေရဲ့ ကာယသဘာဝနဲ့အလှကို ပြသလိုဟန် ရှိပါတယ်။
တကယ်တော့ Nude ပန်းချီကားတွေကို ရေးဖို့ဆိုတာ လူရဲ့ခန္ဓာဗေဒကို အတွင်းကျကျ တွေ့မြင် လေ့လာ လေ့ကျင့်ပြီးမှ ရေးဆွဲနိုင်တယ်။ အဲဒီလို ခန္ဓာဗေဒကို အတွင်းကျကျ လေ့လာရေးဆွဲဖို့ဆိုတာက စာတွေ့နဲ့ တင်မရပါဘူး၊ မော်ဒယ်လ်မရှိဘဲ စိတ်မှန်းနဲ့ သို့မဟုတ်၊ ဓာတ်ပုံကြည့် ရေးဆွဲရုံနဲ့ ထိရောက်မှန်ကန်တဲ့ Nude ပန်းချီအနုပညာကို ဖော်ကျူးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာပြည်ရဲ့ ယဉ်ကျေးမှု အနေအထားအရ Nude ပန်းချီကားတွေရေးဆွဲဖို့ မော်ဒယ်လ်ထိုင်ပေးမယ့်သူ ရှားပါးနိုင်တယ်ဆိုတာ အားလုံးအသိပါပဲ။ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ Nude ကားတွေ ရေးဆွဲရာမှာ သီးသန့် မော်ဒယ်လ်ထိုင်ပေးသူတွေ ရှိပါတယ်။ သူတို့ကို ငွေပေးငှားရမ်းလို့ ရနိုင်ပေမယ့် မြန်မာပြည်မှာတော့ ငွေပေးတိုင်း မော်ဒယ်လ်မရနိုင်ပါဘူး။
အမျိုးသမီး ဝဝကြီးတွေကို ချည်းပဲ Nude ပန်းချီတွေရေးဆွဲတဲ့ ပန်းချီစန္ဒာခိုင်ကတော့ သူ့ရဲ့ အစ်မကိုကြည့်ပြီး ရေးဆွဲတယ်လို့ ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။ သူ့အစ်မ ကျောင်းဆရာမ ကျောင်းကနေ အိမ်ပြန်ရောက်လာတဲ့ အချိန်၊ ပင်ပန်းတကြီးနဲ့ အဝတ်တွေ ဆွဲချွတ်လိုက်တဲ့ အချိန်မှာ စိတ်ကူးရပြီး ရေးဆွဲလိုက်တာလို့ ပန်းချီစန္ဒာ ခိုင်က ဆိုခဲ့ပါတယ်။
ဒီတော့ ပန်းချီ မြင့်နိုင်ရဲ့ Nude ရေဆေးကားတွေအတွက် မော်ဒယ်လ် ဘယ်လိုရသလဲဆိုတာကို စိတ်ဝင် စားပြီး မေးခွန်းထုတ်မိပါတယ်။ သူ့ရဲ့ မော်ဒယ်လ် မိန်းကလေးတွေက လိင်အလုပ်သမမိန်းကလေးတွေလို့ သိရပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေ ဆိုရင်တော့ အကြောင်း မဟုတ်ဘူးပေါ့။ တရက်ကို ဒေါ်လာ ၂၅၀ ပေးရင် ခိုးကြောင်ခိုးဝှက် မော်ဒယ်လ် ထိုင်ပေးမယ့်သူတွေ ရှိတယ်။ ကျနော်ကတော့ မတတ်နိုင်ဘူးလေ၊ အဲဒီတော့ တည်းခိုခန်း သွားရတယ်၊ ဟိုရောက်တော့ ပန်းချီဆွဲမယ်ဆိုပြန်တော့လည်း အလင်းကမရှိနဲ့ တော်တော် လေးခက်ခဲတယ်” လို့ ပန်းချီမြင့်နိုင်က ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြပါတယ်။
ပန်းချီကားတချပ်ရေးဆွဲဖို့ အလင်းရောင် မရှိရင် ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အလင်း ရောင်မရှိတာ တခုတည်းက ပန်းချီမြင့်နိုင်အတွက် အခက်အခဲလို့ မဆိုနိုင်ပါဘူး။ မိန်းကလေးတွေကို မော်ဒယ်လ်ထိုင်ပေးချင်အောင် စည်းရုံးရတာလည်း သူ့အတွက် တော်တော်လေး အချိန်ယူရတယ်၊ တော်တော်လေး ခက်ခဲတယ်လို့ သူကပြောပြတယ်။
“အနုပညာဘက်ကို သွားတယ်ဆိုတာ သူတို့ကို ဘယ်လိုမှရှင်းပြလို့မရဘူး။ ကြောက်ကြတယ်။ သူတို့ ပုံတွေကို အင်တာနက်တင်မှာလားဆိုပြီး စိုးရိမ်တဲ့ သူတွေရှိတယ်။ တချို့က မော်ဒယ်လ်ထိုင်ပေးတယ် ဆိုတာကို နားမလည်ဘူး” လို့ ပန်းချီ မြင့်နိုင်က ဆို တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူရေးဆွဲချင်တဲ့ Nude ပန်းချီကားတွေကို ရေးနိုင်ခဲ့ပါပြီ။
မြန်မာပြည်မှာ ခေတ်အဆက်ဆက် အုပ်ချုပ်သူ လူတန်းစားကသာ အနုပညာကို အနုပညာလို မမြင်ဘဲ ရေးခွင့်၊ ကြည့်ရှုခံစားခွင့်တွေ ပိတ်ပင်တားဆီးခဲ့ပေမယ့်၊ ခံစားကြည့်ရှုမယ့် ပြည်သူလူထုရဲ့ အနုပညာအဆင့်အတန်းက မြင့်မားလာပြီ၊ ခံစားမှုအားတွေ ပိုကောင်းလာပြီလို့ ပန်းချီအနုပညာရှင်တွေက ယုံကြည်ကြပါတယ်။
ယုံကြည်တဲ့အတိုင်းလည်း သူတို့ရဲ့ အနုပညာတွေကို ခံစားရတဲ့အတိုင်း မီဒီယံမျိုးစုံ အသုံးပြု၊ အနုပညာ အမျိုးစားစုံ အသုံးပြုပြီး တင်ဆက်ကြ၊ ပြသလာကြတာ အရင် ကျပ်တည်းကျဉ်းမြောင်းတဲ့ ကာလကနေ ဒီနေ့ ဒီအချိန်အထိပါပဲ။ သူတို့ တင်ဆက်တဲ့အနုပညာဟာ နှလုံးသားကို ထိမထိ၊ အနုပညာမြောက် မမြောက် စသည်ဖြင့် ဆုံးဖြတ်မှာကတော့ ကြည့်ရှုခံစားသူ ပရိသတ်ပဲဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့ ကျဉ်းမြောင်း တဲ့အမြင်တွေ၊ ကန့်သတ်ချက်တွေကတော့ ဘယ်သူ့ဆီမှာမှ မရှိသင့်တော့ပါဘူး။ ဒါကတော့ ဘယ်သူမဆို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ တင်ဆက်ခွင့်၊ ပြောဆိုရေးသားခွင့် ရှိတယ်ဆိုတဲ့ ဒီမိုကရေစီ နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေး တရပ်ပါ။ ဒီအခွင့်အရေးကို ပန်းချီမြင့်နိုင်က အသက် ၄၇ နှစ် အရွယ်မှာ ရရှိကြောင်း ပြသနိုင်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။
“ပန်းချီဆရာဆိုတာက အလှကိုရေးတာ၊ အရောင်တွေကိုရေးတာပါ။ ဟီရိဩတ္တပ္ပကင်းတဲ့ Erotic Nude တွေကို ပြပွဲ မတင်ကြပါဘူး။ ကျနော်တို့က တော့ တာဝန်ရှိသူတွေကို သိစေချင်တယ်၊ အနုပညာကို နားလည်စေချင် တယ်၊ အနုပညာကို နားလည်အောင် လေ့လာကြပါလို့လည်း တိုက်တွန်းချင်တယ်” လို့ ပန်းချီ ငြိမ်းချမ်းစုက ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။
ပန်းချီ မြင့်နိုင် ပြပွဲတင်ခဲ့တဲ့ ရေဆေး Nude တွေဟာ ရသကိုပေးနိုင်တဲ့ Nude တွေ ဟုတ်မဟုတ် ဆိုတာလည်း ကြည့်ရှု သူတွေကပဲ ဆုံးဖြတ်ကြမှာပါ။