ဦးဆောင်မှု၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဂီတ ဖန်တီးမှုများမှ တဆင့် လှုံ့ဆော်နိုင်ရန် “အမျိုးသမီးများ ဦးဆောင်ရေး၊ အခွင့်အလမ်းများ ဖန်တီးပေး” ခေါင်းစဉ်ဖြင့် သီချင်းရေး ပြိုင်ပွဲတရပ်ကို Oxfam INGO နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သီချင်းရေးပြိုင်ပွဲအား အမျိုးသမီး၊ အမျိုးသား မည်သူမဆို ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ၃ မိနစ်မှ ၅ မိနစ်အတွင်း ကြာမြင့်ချိန်ရှိသော
သီချင်းတပုဒ်ကို မြန်မာသံစဉ်၊ ခေတ်ပေါ်သံစဉ် ကြိုက်နှစ်သက်ရာ ရေးသားစပ်ဆိုနိုင်ပြီး ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား၊
မြန်မာ ဘာသာစကားဖြင့် ရေးသားစပ်ဆိုရမည် ဖြစ်သည်။
“ကျမတို့ ပြည်သူတွေကို ဒီလိုအသိပညာပေးတဲ့ နေရာမှာ တေးသီချင်းနဲ့ ဘာကြောင့် သွားရလဲဆိုတော့ ဒါကတော့ Oxfam ရဲ့ Project တခုမှာ တေးသီချင်းတွေနဲ့ ပြည်သူတွေကို အသိဉာဏ် ဖွံ့ဖြိုးတယ်ဆိုတာလေး လုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်ခဲ့တာ လေး ရှိပါတယ်။ အဲဒီ Project လေးအတိုင်း ကျမတို့ ဆောင်ရွက်တာ ဖြစ်သလို၊ မြန်မာနိုင်ငံမှာလည်း အနုပညာ ရှင်တွေက ပြည်သူတွေ စံထားရတဲ့ သူတွေ ဖြစ်တာကြောင့် ဒီလို သီချင်းရေးပြိုင်ပွဲလေး ကျင်းပတာဖြစ်ပါတယ်” ဟု ယင်း Oxfam
စီမံကိန်း မန်နေဂျာ ဒေါ်စုစနီ္ဒက ပြောသည်။
တေးသီချင်းများမှာ သင်တန်း၊ လက်ကမ်း ကြော်ငြာ စသည်တို့ထက် ပိုမို အမြင်ဖွင့်ပေးနိုင်ကြောင်း၊ ဗဟုသုတ ပေးရာတွင် ပိုမို နားလည်လွယ်ပြီး စွဲစေသဖြင့် ပြုပြင်ပြောင်းလဲရန် လွယ်ကူကြောင်း တွေးမိပြီး ယခု အစီအစဉ်ကို ဆောင်ရွက်ဖြစ်ကြောင်း
၎င်းက ဆိုသည်။
ပြိုင်ပွဲမှ သီချင်း ၂ ပုဒ် ရွေးချယ်မည် ဖြစ်ပြီး သီချင်းတပုဒ်အတွက် ဆုငွေ ၆ သိန်းနှင့် Themes Song အဖြစ် ထပ်မံ ရွေးချယ်ခံရပါက ဆုငွေ ၇ သိန်း ထပ်မံ ချီးမြှင့်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော သီချင်းများအား နိုင်ငံကျော် တေးသံရှင်များ၊ ဂီတပညာရှင်များနှင့် DVD ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း အခွေကိုလည်း ပြည်သူလူထု အကြား အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း စီမံကိန်း၏ Oxfam in Myanmar Programme Manager ဦးနေဇင်လတ်က ပြောသည်။
“ပြိုင်ပွဲအတွက် သီချင်းတွေကို ကျမတို့ Oxfam ကလည်း စပ်ဆိုမှာ မဟုတ်သလို၊ ကျမတို့နဲ့အတူ ပူးပေါင်းနေတဲ့ အနုပညာရှင်တွေ ကလည်း စပ်ဆိုမှာ မဟုတ်ပါဘူး။ တကယ့် ပြည်သူတွေကနေ သူတို့ရဲ့အသံ၊ သူတို့ ခံစား နေရတဲ့ ဖြစ်ရပ်တွေကို သူတို့ ဘယ်လို ကျော်လွှားချင်သလဲဆိုတဲ့ သူတို့ရဲ့ဆန္ဒတွေကို ရေးစပ် သီကုံးနိုင်ဖို့အတွက် ဒီပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့မှ ကျမတို့ သီချင်းသွင်းတာတွေ၊ Music Video ရိုက်ကူးတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ဒေါ်စုစန္ဒီက ရှင်းပြသည်။
ဆက်လက်၍ သူက ပြည်သူလူထု ပိုမိုသိရှိစေရန် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများမှ တဆင့် သတင်း အချက်အလက် များကို တင်ထားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သီချင်းရေးပြိုင်ပွဲ ပြုလုပ်ခြင်းအားဖြင့် ပြည်သူများသည် အမျိုးသမီးများ၏ ဦးဆောင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမို နားလည်လာကာ၊ အမျိုးသမီး ခေါင်းဆောင် ဆိုသည်ကို လက်ခံလာနိုင်မည် ဖြစ်ကြောင်း ပြောသည်။
“တေးသီချင်းတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့နေရာမှာ ထိရောက်မှုရှိတာတွေကို ကျနော်တို့ တွေ့ရပါတယ်။
ဥပမာ အားဖြင့် ပြောရရင်၂၇ နှစ်မြောက် ဆီးဂိမ်းနဲ့ ပါရာဂိမ်း၊ နောက်ပြီး အခုလတ်တလောမှာ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံဖို့ အတွက် လှုံ့ဆော်နေတဲ့ တေးသီချင်းတွေမှာ တကယ့် ရလဒ်ကောင်းတွေ
တွေ့နေရတာ ဖြစ်ပါတယ်” ဟု အဆိုပါစီမံကိန်း၏ အနုပညာပိုင်းဆိုင်ရာ အကြံပေး တေးရေး မြင့်မိုးအောင်က ပြောသည်။
၎င်းက ဆက်လက်၍ “တချို့ပြိုင်ပွဲဝင်တွေရဲ့ သီချင်းတွေဆိုရင် တကယ့် ပညာရှင်တွေထက် ကောင်းမွန်တဲ့ သီချင်းမျိုးတွေ
ရေးစပ် သီကုံး ဖန်တီးနိုင်တာကို တွေ့ရပါတယ်။ ဒီပြိုင်ပွဲကနေ တဆင့် ရလဒ်ကောင်းတွေ၊ ပြည်သူလူထု နားထဲရောက်မယ့် သီချင်းကောင်းတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
စီမံကိန်းတွင် ဦးဆောင် အနုပညာရှင် တဦးအနေဖြင့် ပါဝင်သူ တေးသံရှင် ဆုန်သင်းပါရ်ကလည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်ကြောင်း၊ အမှန်တကယ်တော်ပြီး အရည်အချင်းရှိသည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် များစွာရှိကြောင်း ဆိုသည်။
“တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်တွေ ဘယ်လိုရှိတယ် ဆိုတာကို စာနဲ့ရေးရင် လူတွေက ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာပါ။ ဒါကို ကျမတို့ သီချင်းတပုဒ်အဖြစ် ဖန်တီးပေးမယ် ဆိုရင် လူတွေရဲ့ စိတ်ဓာတ်မှာ ခွန်အားဖြစ်လာမယ်။ ဒါကြောင့် ကျမက အမျိုးသမီး တယောက် အနေနဲ့၊ ကိုယ်တတ်တဲ့ အဆိုပညာနဲ့ ကွက်လပ် ဖြစ်နေတဲ့ တထောင့် တနေရာကနေ ပါဝင်ရခြင်း ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ပြိုင်ပွဲအတွက် ရေးသားပြီးသော သီချင်း Demo ကို Audio CD၊ စာသားစာရွက်နှင့် ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးပြီး အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို အတိအကျ ရေးသားကာ မတ်လ ၃၁ ရက်နေ့၊ ၂၀၁၄ တွင် နောက်ဆုံးထားပြီး Oxfam in Myanmar ရုံးရှိရာ လမ်းမတော်ပလာဇာ၊ လမ်းမတော်လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာအတိုင်း လူကိုယ်တိုင် သို့မဟုတ် စာတိုက်မှ တဆင့် ပေးပို့နိုင်သည်ဟု သိရသည်။
Oxfam သည် ဆင်းရဲနွမ်းပါးမှုနှင့် မတရားမှုတို့အတွက် ရေရှည် ဖြေရှင်းနည်းများ ရှာဖွေဖော်ထုတ်ရန် နိုင်ငံပေါင်း ၉၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ Oxfam in Myanmar ဆိုသည့် ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့ပြီး နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုအား ကူညီပံ့ပိုးပေးရန် စတင်ဖွင့်လှစ်ခဲ့သော အဖွဲ့အစည်းတခု ဖြစ်သည်။