စိတ်ကူးဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရသလို၊ လူတယောက်ရဲ့ စိတ်ကူးကို တခြား လူတယောက်က ပိုင်ဆိုးပိုင်နင်း ပယ်ဖျက်ခိုင်းလို့ မရ၊ ဆင်ဆာလုပ်လို့လည်း မရတဲ့အတွက် စိတ်ကူးဟာ လွတ်လပ်ပါတယ်။ စိတ်ကူးမှာ ဘောင်မရှိပါဘူး။ စိတ်ကူးနဲ့ ရွက်လွှင့်နိုင်သလို၊ စိတ်ကူးနဲ့ မိုးပျံလို့လည်း ရတယ်၊ ပြီးတော့ စိတ်ကူးနဲ့ ကမ္ဘာကြီးတခုလုံးကို လွှမ်းမိုးချုပ်ကိုင် လိုက်လို့လည်း ရပါတယ်။ စိတ်ကူးထဲမှာ လှပတဲ့ ပန်းတပွင့်ဟာ ငရဲမီးတောက်တခု ဖြစ်နေနိုင်သလို၊ မြင်းတကောင် မှာလည်း ချိုပေါက်ချင် ပေါက်နေ နိုင်ပါတယ်။
လွတ်လပ်တဲ့ စိတ်ကူးတွေကို စိတ်ကူးအတိုင်းသာ မထားဘဲ၊ ပန်းချီကား တချပ်အဖြစ်၊ အနုပညာတရပ်အဖြစ် လူအများ ခံစားနိုင်အောင် ရေးဆွဲ သရုပ်ဖော် ဖန်တီးလိုက်သူ တယောက်ကတော့ ပန်းချီစံမင်းပဲ ဖြစ်ပါတယ်။
သူဖြတ်သန်းခဲ့ရတဲ့ ၆၃ နှစ်တာ ကာလအတွင်းမှာ မွေးစကနေ ဆယ်ကျော်သက် အရွယ်အထိ ဖယ်ထားလိုက်ရင် နှစ် ၅၀ လောက် သူကြုံတွေ့ရသမျှ အဖြစ်အပျက်တွေကို စိတ်ကူူးထဲတင် ရပ်မထားဘဲ ပန်းချီကားတွေ၊ အင်စတော်လေးရှင်းတွေ အဖြစ် ပုံပြောင်း ဖန်တီးလိုက်ရာမှာ သူ့အတွက် သေနတ်အတွဲ (Gun Series) ၃ ခုတိတိ စုမိခဲ့ပါတယ်။
သေနတ်တွေဟာ ဒီလောက်တောင် များသလားလို့ မေးစရာ ရှိပေမယ့် သူ့အသက်ရဲ့ လေးပုံသုံးပုံလောက်ဟာ သေနတ်နဲ့ မိုးပြီး အုပ်ချုပ်သူတွေနဲ့သာ ကြုံခဲ့ရတာကြောင့် နည်းတောင် နည်းနေသေးတယ်လို့ ဆိုရမှာပါ။
ပန်းချီ အနုပညာလောကမှာ Surrealist (ဆာရီယယ်လစ်) တဦးအဖြစ် လူသိများတဲ့ ပန်းချီစံမင်းဟာ သူ့ရဲ့ ၃ ခုမြောက် သေနတ်စီးရီး အနုပညာ ပြပွဲကို ရန်ကုန် ပန်းဆိုးတန်း လောကနတ်အနုပညာ ခန်းမမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ သေနတ်တွေဟာ လောကနတ် အနုပညာ ခန်းမ အပြည့် နေရာယူနေပါတယ်။ ၂၀၁၀ ပြည့် ရှေ့ပိုင်း ကာလတွေမှာ ဆိုရင်တော့ ဒီလို အခင်း အကျင်းမျိုးကို စိတ်ဝင်စားသူ အားလုံး ကြည့်နိုင်ဖို့ ဝေးလို့ မပြခင် ကတည်းက တားမြစ်ခံရမှာဧကန်မလွဲပါပဲ။
တကယ်လည်း သူ့ရဲ့ ပန်းချီကားတွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖ စစ်အုပ်ချုပ်ရေး ခေတ်တွေမှာ ပြပွဲတင်ခွင့် မရခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ မဆလ ခေတ်မှာတုန်းက သူ့ရဲ့ ပန်းချီကားတချပ်ဆိုရင် တံဆိပ်တုံးအနီတွေ တင်းကြမ်းပြည့် အထုခံခဲ့ရတာတောင် ရှိခဲ့ပါတယ်။ ပန်းချီဆရာကတော့ အေးအေးဆေးဆေးပါပဲ။ မြန်မာပြည်ရဲ့ နာမည်ကျော် စိစစ်ရေးခေတ် တလျှောက်လုံးမှာ အပယ်ခံခဲ့ရတဲ့ သူ့ပန်းချီကားတွေအားလုံး စုပြီး အမှတ်တရ ပြပွဲ တရပ်တောင် ကျင်းပဦးမယ်လို့ ဆိုပါတယ်။
ပန်းချီစံမင်းရဲ့ သေနတ်စီးရီး ၃ မှာ သူ့ရဲ့ ဆာရီယယ် ပန်းချီကားတွေအပြင် အင်စတော်လေးရှင်း အနုပညာတချို့ကိုလည်း ခင်းကျင်း ပြသထားပါတယ်။ သူ့အနုပညာတွေဟာ စိတ်ကူးယဉ်ဖန်တီး ထားတာ ဖြစ်ပေမယ့် လက်တွေ့အခြေအနေ တွေကို သရုပ်ဖော်ထားတာ ဖြစ်တဲ့အတွက် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ နှစ်ပေါင်းများစွာ အသားကျခဲ့ရတဲ့ မြန်မာ ပြည်သူလူထု အတွက် တသားတည်း ဖြစ်နေမှာပါ။
သူ့ရဲ့ ခေတ်ပြိုင်ခံစားမှု တရပ်ကိုတော့ “လူကြီးမင်း” လို့ အမည်ရတဲ့ ပန်းချီကားမှာ တွေ့နိုင်မှာပါ။ တိုက်ပုံ၊ ပုဆိုး၊ ခေါင်းပေါင်းနဲ့ လူတယောက်ဟာ စစ်ဆိုတာကို ကိုယ်စားပြုတဲ့ အစိမ်းရောင် ပြောက်ကျား မျက်နှာပြင်ရှေ့မှာ ရပ်နေတာ၊ တနည်းအားဖြင့် ခေါင်းပေါင်းတိုက်ပုံနဲ့ အဖြူရောင် ကိုယ်ထည်ကြီးဟာ အစိမ်းရောင် ပြောက်ကျား မျက်နှာပြင်ထဲမှာ ကွက်ပေါ်နေတာ ဖြစ်ပါတယ်။ လူပုံဟာ လူပုံသာဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာကို ကိုယ်စားမပြုပါဘူး၊ မျက်နှာမပါပါဘူး။
“ကျနော်တို့ တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ စစ်တပ်နဲ့ တနည်းတဖုံ ပတ်သက်ဆက်နွှယ် နေကြတာပဲ မဟုတ်လား” လို့ ပန်းချီစံမင်းက သူ့ ပန်းချီကားနဲ့ ပတ်သက်လို့ ဆိုလာပါတယ်။
သေနတ်နဲ့ပတ်သက်တဲ့ စီးရီးထဲမှာ လက်ပစ်ဗုံးတလုံးလည်း ပါပါတယ်။ အဲဒီလက်ပစ်ဗုံးကတော့ နာနတ်သီး တလုံးထဲ ရောက်နေတာပါ။
“ကျနော်က အဲဒီလို လက်နက်တွေကို နာမည်ပြောင် ခေါ်တာတွေ ရေးချင်တာနဲ့ ရေးလိုက်တာ။ လက်ပစ်ဗုံးကို နာနတ်သီးလို့ နာမည်ပြောင်ခေါ်ကြတယ်လေ။ အဲဒီလိုပဲ ငှက်ပျောဖူးနဲ့ လောင်ချာထိပ်ဖူးကိုလည်း တွဲရေးချင်သေးတယ်” လို့ သူက ဆိုပါတယ်။
ကြောက်စိတ်ဆိုတဲ့ ပန်းချီကားကတော့ ပန်းချီဆရာ ကြည့်ဖူးသမျှ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေရဲ့ အပိုင်းအစတွေကို အရောင်တွေနဲ့ ရေးထားပြီး အဲဒီအပေါ်က သေနတ်တလက်ကို အဖြူရောင် ဖောက်ထားတာ ဖြစ်ပါတယ်။
ရုပ်ရှင်ကားတွေဟာ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းပါစေ ရုပ်ရှင်ကြည့်တုန်း ခဏမှာပဲ ကြောက်စရာ ကောင်းမယ် … သေနတ်နဲ့ အုပ်ချုပ်တာက မမြင်ရပေမယ့် ကြောက်စိတ်ကတော့ တစိမ့်စိမ့်နဲ့ ပျောက်ကွယ်သွားဖို့ ခဲယဉ်းသတဲ့။
ကျမကတော့ ကြောက်စိတ်ဆိုတာ အာဏာနဲ့ လက်နက်သုံးပြီး အုပ်ချုပ်တဲ့ သူတွေဆီမှာ အအုပ်ချုပ်ခံလူတွေထက် ပိုများလိမ့်မယ်လို့ သူ့ပန်းချီကားကို ကြည့််ရင်း ခံစားမိပါတယ်။
သူ့ရဲ့ အင်စတော်လေးရှင်းတွေ ထဲမှာ မြန်မာပြည်သူ ပြည်သား အားလုံးနဲ့ သက်ဆိုင်တဲ့ အင်စတော်လေးရှင်းကတော့ “ထီးရိပ်အောက်မှာ” လို့ အမည်ရပါတယ်။ ထီးတလက်အောက်မှာ လူအမျိုးမျိုး၊ အဆင့်အတန်းအထွေထွေ အသက်ရှင် လှုပ်ရှား နေကြပါတယ်။ မိုးထားတဲ့ထီးကတော့ သေနတ်ကို ထီးရိုးလုပ်ထားပြီး အမိုးက စစ်သုံးပြောက်ကျားစ ဖြစ်ပါတယ်။
ပန်းချီစံမင်းဟာ ၇ တန်းကတည်းက ပန်းချီပညာကို ရေကျော် အထက်တန်းမှာ ဆရာဦးညွန့်တင်ဆီက စတင် သင်ယူခဲ့တာ ဖြစ်ပါတယ်။ ပါစပက်တစ်တွေ၊ လိုင်းတွေကို သင်ယူရင်း ၉ တန်း၊ ၁၀ တန်းနှစ်တွေမှာတော့ အရောင်တွေ စသင်ယူခဲ့ရ ပါတယ်။ ရန်ကုန် တက္ကသိုလ်ရောက်တော့ ပန်းချီဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးနန်းဝေ၊ ဦးသုခနဲ့ ဦးလွန်းကြွယ်တို့ ထံမှာ ပန်းချီပညာကို ဆီးပူးခွင့် ရခဲ့ပါတယ်။ တက္ကသိုလ်မှာ အစပြုတဲ့ ကံ့ကော်ရွာ ပန်းချီအဖွဲ့ထူထောင်သူတွေ ထဲက တဦးလည်း ဖြစ်ပါတယ်။
နိုင်ငံတကာမှာ သူလေးစား အားကျတဲ့ ပန်းချီသမားတွေကတော့ ဆာရီယယ်သမားတွေ ဖြစ်တဲ့ ပီကာဆို၊ ဒါလီ၊ ချက်ဂေါ တို့ ဖြစ်ပြီး မြန်မာပြည်မှာတော့ ဦးလှမြိုင်ဆိုတဲ့ ပန်းချီဆရာကို နှစ်ခြိုက်တယ်လို့ ပြောပါတယ်။ ဦးလှမြိုင်ဟာ ၁၉၇၀ ကျော် ကာလလောက်က တပ်မတော်ခန်းမမှာ ကျင်းပတဲ့ ပန်းချီပြပွဲမှာ ဆာရီယယ်ကားတွေ ပြသခဲ့တယ်၊ သူဟာ မြန်မာပြည်မှာ ဆာရီယယ်လိုင်းကို အစောဆုံးဆွဲခဲ့တယ်လို့ ထင်တယ်လို့ ပန်းချီစံမင်းက ဆိုပါတယ်။
အစောပိုင်းကာလတွေမှာ Cubism အပါအဝင် ပန်းချီပုံသဏ္ဍန် အမျိုးမျိုး ရေးဆွဲခဲ့တဲ့ ပန်းချီစံမင်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလလောက်ကစလို့ တောက်လျှောက် ဆာရီယယ်လိုင်းကိုသာ ရေးတော့တာဖြစ်ပါတယ်။ ပြီးတော့သူဟာ ခေတ်ပြိုင် အနုပညာတွေ ဖြစ်တဲ့ အင်စတော်လေးရှင်း၊ ဗီဒီယို Art တွေကိုလည်း နှစ်ခြိုက်ပြီး ကိုယ်တိုင်လည်း အလျဉ်းသင့်သလို ဖန်တီးသူ ဖြစ်ပါတယ်။
ဆာရီယယ်လိုင်းကို ဘာကြောင့် စိုက်လိုက်မတ်တပ် ရေးရသလဲ ဆိုတဲ့ မေးခွန်းကိုပန်းချီစံမင်းက “စိတ်ထဲမှာ တွေးမိတဲ့ အတိုင်း သရုပ်ဖော်နိုင်လို့” လို့ ပြန်ဖြေပါတယ်။