ဂီတကို သီချင်းတွေနားထောင်၊ လိုက်ဆို၊ လိုက်တီးခတ်တတ်တဲ့ အရွယ်ကတည်းက ဝါသနာပါခဲ့တာမို့ ကျနော် ကြိုက်နှစ်သက် စွဲလမ်းခဲ့ရတဲ့ သီချင်းတွေ ကတော့အများကြီးပါပဲ။ ဆရာ စိုင်းခမ်းလိတ်သီချင်းတွေ ကြိုက်ခဲ့သလို ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် တို့ရဲ့ လက်ရာတွေကိုလည်း စွဲလမ်းခဲ့ရပါတယ်။ စောဘွဲ့မှူး၊ သွှအောင်၊ ဂျွန်သင်ဇမ်းတို့ကို အတုယူ နှစ်ခြိုက်ခဲ့တာမို့ သီချင်းကောင်းမှန်သမျှ ဒီနေ့အထိ ကျနော်ပြန်ညည်းဆို ပြန်လည်အမှတ်တရ ဖြစ်နေဆဲပါ။
အဲဒီလို သီချင်းကောင်း၊ သီချင်းဟောင်းတွေ ကြားထဲကမှ ကျနော် နှစ်သက်စွဲလမ်းခဲ့ရတဲ့ သီချင်း လေးတပုဒ် အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ သီချင်းလေးကတော့ ကျနော့်သူငယ်ချင်း ရောင်းရင်းကြီး ညီညီသွင် ရေးဖွဲ့တဲ့ “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေးပါ။ ညီညီသွင်နဲ့ ကျနော်ဟာ ဂီတခရီးမှာ အတော်ကြာအောင် လက် တွဲခဲ့ဖူးသလို သီချင်းအတော်များများလည်း အတူတွဲပြီး ဖန်တီးခဲ့ကြပါတယ်။ ပုဂ္ဂိုလ်ရေးတွေအရလည်း အနေ အရမ်းနီးခဲ့ကြသူတွေမို့ သူရေးတဲ့ သီချင်းတော် တော်များများရဲ့ ဇာစ်မြစ်တွေကိုလည်း ကျနော်သိရှိခဲ့ပါတယ်။
လူတွေ သိတာကတော့ “ရူးချင်ယောင် ဆောင်မနေနဲ့” သီချင်းဟာ ကိုလေးဖြူဆိုပြီး အောင်မြင် ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ် အဖြစ်နဲ့ပါ။ ဒါပေမယ့် ဒီသီချင်းဟာ ကိုလေးဖြူ မဆိုခင် နှစ်အတော်ကြာ ၁၉၈၅ – ၈၆ ပတ်ဝန်းကျင်က ညီညီသွင် ရေးဖွဲ့ခဲ့ပြီး အဆိုတော်ကြီး ဗစ်တာ ခင်ညိုရဲ့ သားဖြစ်သူ “ရဲရဲ” က သူ့ ပထမဆုံး အခွေမှာ အရင်ဦးဆုံး သီဆိုခဲ့ပါတယ်။ ရဲရဲဆိုတုန်းက အခြေအနေအရ လူသိပ်မသိ လိုက်ပေမယ့် ကိုလေးဖြူ ဒီသီချင်းကို ပြန်ဆို လိုက်တဲ့ အချိန်မှာတော့ လူသိများ ထင်ရှား အောင်မြင်သွားရခြင်း ဖြစ်ပါတယ်။
ညီညီသွင် ဒီသီချင်း ရေးဖြစ်ပုံက တနေ့ သူမြို့ထဲသွားဖို့ ဟီးနိုးဘတ်စ်ကားကြီးတစီးကို တက်စီးခဲ့ပါတယ်။ ဘတ်စ်ကားကြီး ရှေ့မှာ တက္ကစီကားလေး တစီးက ဟိုဘက် ကွေ့ မလိုလို ဒီဘက်ကပ်မလိုလိုနဲ့ ကိုးရိုးကားရား လုပ်နေပါတယ်။ ဒါကို ဘတ်စ်ကားမောင်း တဲ့ဆရာက စိတ်မရှည်၊ စိတ်တိုလာ ပြီး “ဒီ တက္ကစီတော့ ဘာလုပ်မှာလဲကွာ၊ ရှေ့ကနေ ရူးချင်ယောင် ဆောင်နေပြန်ပြီ” ဆိုပြီး မြည် တွန်တောက်တီးလိုက်ပါတယ်။ ဒီမှာတင် ရူးချင်ယောင် ဆောင်နေတယ် ဆိုတဲ့ စကားလုံးကို ညီညီသွင် ကြားသွား၊ ခိုက်သွားပြီး သီချင်းရေးဖို့ Idea ရသွားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာ ပေါ်လာတဲ့ အဖြစ်အပျက်တခုကနေ အတွေးရပြီး သီချင်းတပုဒ် ဖန်တီးနိုင်စွမ်း ရှိတဲ့ သူ့ပါရမီက ထူးခြားလှပါတယ်။
ညီညီသွင်က သူ့သီချင်းကို ဒီလိုရေးဖွဲ့လိုက်ပါ တယ်။
(ရိုးသားလွန်းတဲ့ သိုးဟာ ကောက်ကျစ်တတ်တဲ့ မျက်နှာနဲ့
နူးညံ့လွန်းတဲ့အကြည့်မှာ
ရက်စက်တတ်တဲ့ အရိပ်တခုနဲ့
ယုံကြည်တာတွေကို
မြောင်းထဲလွှင့်ပစ်ဖို့မကြံနဲ့)
B. (အေးစက်လွန်းတဲ့ အပြုံးဟာ
သင်္ချိုင်းကုန်းကြီး တခုလိုပဲ
ရိုင်းစိုင်းလွန်းတဲ့ အသည်းကို
မီးရှို့ပစ်ဖို့ ကြိုးစားဆဲ
ယိုနေတာတွေကို
လက်ပိုက်ပြီးတော့ ကြည့်မနေနဲ့)
C. (ရူးချင်ယောင် ဆောင်မနေနဲ့)၃
မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့
အိပ်မနေနဲ့။
လောကကြီးမှာ ဘယ်လိုလူမျိုးဟာ ရူးချင်ယောင် ဆောင်တတ်လဲ၊ အဲဒီလူမျိုးတွေရဲ့ စရိုက်နဲ့အကျင့် တွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားပါတယ်။ ဟန်ဆောင် ကောင်းတဲ့သူတွေ အတ္တရှေ့တန်းတင်လွန်းသူတွေ၊ လှည့်စား လှည့်ဖြားတတ်တဲ့သူတွေ၊ ကောက်ကျစ်တဲ့ သူတွေ၊ ရက်စက်တဲ့သူတွေဟာ ရိုးသားချင်ယောင်၊ နူးညံ့ချင်ယောင် ဆောင်တတ်ကြပါတယ်။ ညီညီသွင်က အဲဒါတွေကို ရိုးသားဖြူစင်လှပါတယ်ဆိုတဲ့ သိုးတကောင်ရဲ့ ဆန့်ကျင်ဘက် အပြုအမူတွေ ဖြစ်တဲ့ ကောက်ကျစ်တတ်တဲ့ မျက်နှာ၊ ရက်စက် တတ်တဲ့ အရိပ်တခုနဲ့ဆိုပြီး သီချင်း ပထမပိုဒ်ကို ဖွင့်လိုက်ပါတယ်။ ဆက်ပြီးတော့ အဲဒီလို လူမျိုး တွေဟာ သူတို့ ကိုယ်ကျိုးနဲ့ ယှဉ်လာတဲ့အခါ ယုံကြည်ချက်နဲ့ အသက်ရှင်နေသူတွေ၊ ယုံကြည်ချက်နဲ့ ခရီးဆက်နေသူတွေ၊ ယုံကြည်ချက်နဲ့ရပ်တည် နေတဲ့သူတွေကို အလဲထိုးချလိုက်ဖို့၊ မြောင်းထဲ လွှင့်ပစ်လိုက်ဖို့၊ စတေးပစ်ဖို့ ဝန် မလေးတတ်ကြပါဘူး။ အဲဒီလို ဉာဏ်နီဉာဏ်နက် ကလိမ်ကကျစ် များတဲ့ သူတွေရဲ့အကြံကို သတိပြုမိဖို့ “ယုံကြည်တာတွေကို မြောင်းထဲ လွှင့်ပစ်ဖို့မကြံနဲ့” လို့ အချက်ပေး တပ်လှန့်လိုက်ပါတယ်။
သီချင်း ဒုတိယ အပိုဒ်မှာ ရူးချင်ယောင် ဆောင်တတ်တဲ့ လူစားမျိုးတွေရဲ့ ရက်စက် အေးစက်တဲ့ အပြုံးတွေဟာ ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းကြောင်း ကို “အေးစက်လွန်းတဲ့ အပြုံးဟာ သင်္ချိုင်းကုန်းကြီးတခုလိုပဲ” ဆိုပြီး ခိုင်းနှိုင်း တင်စားလိုက်ပါတယ်။
မျက်စိရှေ့မှာ ဘွင်းခနဲ ထင်းခနဲ ဖြစ်သွားစေတဲ့ ပြောင်မြောက်လှပတဲ့ ရေးဖွဲ့မှုပါ။ ဆက်လက်ပြီး အဲဒီလို လူမျိုးတွေဟာ ဖြူစင်အသိဉာဏ်ရှိပြီး ရိုးသား ရိုင်းစိုင်းတဲ့ အသည်းနှလုံးတွေကို မီးရှို့ပြာချဖို့ ဝန်မလေး တတ်ကြပုံကို “ရိုင်းစိုင်းလွန်းတဲ့ အသည်းကို မီးရှို့ပစ်ဖို့ကြိုးစားဆဲ” ဆိုပြီး ရေးဖွဲ့လိုက်ပါတယ်။ ရူးချင်ယောင်ဆောင်တဲ့ သူတွေဟာ လူတယောက်ရဲ့ လိုအပ်ချက်တွေ၊ လူတယောက်ရဲ့ယိုစီးမှုတွေ၊ ဝေဒနာ ခံစားမှုတွေကို မသိချင်ယောင်ဆောင်ပြီး တဘက်လှည့် နေတတ်ကြပုံကိုလည်း “ယိုနေတာတွေကို လက်ပိုက် ပြီးတော့ကြည့်မနေနဲ့” ဆိုပြီး ထပ်မံအသိပေးလိုက် ပါတယ်။ အဲဒီလူစားမျိုးတွေဟာ တာဝန်မဲ့တဲ့သူတွေ၊ မတော်မတရား လုပ်ချင်တဲ့သူတွေ၊ အနိုင်ကျင့် ဗိုလ်ကျချင်တဲ့သူတွေ၊ ကိုယ်ချင်းစာနာမှု စိတ်မရှိတဲ့သူတွေ ဖြစ်ပြီး သူတို့ ပြန်ပေးဆပ်ရမယ့် အလှည့်၊ အချိန် ရောက်ရင် အရှက်သိက္ခာကင်းမဲ့စွာနဲ့ အလွန်ကြောက် တတ်ကြပြီး မူရာမာယာတွေနဲ့ သရဲဘောကြောင် သွေးပျက်တတ်ကြပါတယ်။ ဒါကို ညီညီသွင်က “မာယာ တွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့” လို့ အသိပေးရေးဖွဲ့ကာ သီချင်းကိုသိမ်းလိုက်ပါတယ်။
မော်ဒန်ကဗျာတပုဒ်လို အသုံးအနှုန်း တင်စားမှုတွေ၊ စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထားတဲ့ စကားလုံး ရဲရင့်မှုတွေကို ဒီသီချင်းမှာ အတိုင်းသား တွေ့ရပါလိမ့်မယ်။ ပြီးတော့ သီချင်းဟာ ခေတ်ကာလတခုနဲ့ လည်း တိုက်ဆိုင် ကိုက်ညီလို့ သွားရပါတယ်။ ဒါက လည်း သီချင်းရဲ့အောင်မြင်မှုအရှိန်ကို ပံ့ပိုးပေးလိုက် သလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသီချင်းထွက်တဲ့ အချိန်ကာလဟာ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့ NLD ပါတီကို အာဏာလွှဲ ပေးရမှာ လွှဲမပေးဘဲ အကြောင်းအမျိုးမျိုးပြပြီး ရူးချင်ယောင်ဆောင်နေတဲ့ အချိန်မို့လို့ပါ။ ဒါကြောင့်မို့လည်း လူထု ကြားမှာတော့၊ ပြည်ပအသံလွှင့်ဌာနတွေ ဖြစ်တဲ့ BBV, VOA တို့မှာ တော့ အရမ်း ဟစ်ဖြစ်သွားခဲ့ပါတယ်။ ခေတ်တခေတ်ကို ကိုယ်စားပြုနိုင်ခဲ့တဲ့ သီချင်းကောင်းတပုဒ် ဆိုရင်လည်း မမှားပါဘူး။
ညီညီသွင်ဟာ ဒီသီချင်းကို Rock ဂီတရဲ့ အခြေခံဖြစ်တဲ့ Rock ‘N’ Roll Music ပုံစံနဲ့သံစဉ် ဖွဲ့ဆိုခဲ့ပါတယ်။ စကားလုံး အကြောင်းအရာနဲ့ လိုက်ဖက်တဲ့သံစဉ်ကို ရွေးချယ်နိုင်ခဲ့တာမို့ သီချင်းဟာ ကြားလိုက်တာနဲ့ နားထဲ တန်းရောက်တဲ့ သီချင်းမျိုး ဖြစ်ခဲ့ပါတယ်။ ကိုလေးဖြူရဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဆိုဟန်၊ IC အဖွဲ့သားတွေရဲ့ ဖန်တီးမှုလက်စွမ်းတွေကြောင့် သီချင်းဟာ ပိုပြီးရုပ်လုံးကြွသွားခဲ့ရပါတယ်။
ခေတ်တခုကို ရောင်ပြန်ဟပ်နိုင်ခဲ့တဲ့ ညီညီသွင် ရဲ့ “ရူးချင်ယောင်ဆောင်မနေနဲ့” သီချင်းဟာ ကျနော် တို့ နှလုံးသားတွေကို ကိုင်ဆွဲလှုပ်ကိုင် အသိတွေပေး ခဲ့သလို ဒီနေ့ထိလည်း ဂစ်တာတီးတိုင်း ကျနော် ပြန်ဆိုပြန်ညည်းမိနေတုန်းပါပဲ။ ဘာဖြစ်လို့ ဆိုတော့ ရူးချင်ယောင်ဆောင်တဲ့သူတွေ အခုလည်း ရှိနေ တုန်းပဲ မဟုတ်ပါလားခင်ဗျာ။