“လက်ရေတပြင်တည်း …
နှီးဒေါင်းလန်းကြီးတွေနဲ့
ဝိုင်းဖွဲ့ကာစားကြသည်။
မြမဒီခင် …
ခပ်ငယ်ငယ် တေးဆိုကြ၊
မြူးပျော်ကြ …”
နန်းတော်ရှေ့ဆရာတင်ရဲ့ “လက်ရေတပြင်တည်း” သီချင်းက အခုထိမရိုးနိုင်တဲ့ ခေတ်မီနေဆဲ သီချင်း ဖြစ်တယ်။ သီချင်းပါ အကြောင်းအရာထက် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင် လက်ရေ တပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်” ဆိုတဲ့ စာသားလေးဟာ ကျစ်လျစ်သိပ်သည်းမှုနဲ့အတူ ဒီကနေ့ ဒီတိုင်းပြည် ဒီလူမျိုးအနေနဲ့ အလိုအပ်ဆုံးအရာ ဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ ညီညွတ်ရေး အရေးတကြီး လိုတယ်။ အသက်ရှည်ရှည် နေထိုင်လုပ်ကိုင် ကြရမယ့် ကျန်းမာရေးတွေလည်း လိုအပ်တယ်။ အသက်ရှည်သည်နှင့်အမျှ တိုင်းရင်းသား ပြည်သူ အားလုံး (ဝါ) မြန်မာပြည်သားအားလုံး ချစ်ချစ်ကြည် ကြည် ခင်ခင်မင်မင် ရှိကြဖို့လည်း အများကြီးလိုအပ် တယ်။ တမြေတည်းနေ တရေတည်းသောက်တွေချင်း မှာ အခွင့် အရေး တန်းတူရှိကြရမယ်။ ဘယ်သူက သာရမယ်၊ ဘယ်သူပိုနာရမယ် မရှိရဘူး။ ဒီဒေါင်း လန်းထဲက ထမင်းနဲ့ဟင်းဟာ အားလုံးနဲ့ သက်ဆိုင် တယ်။ ဒီလိုလူမှုစရိုက်မျိုးဟာ မြန်မာမှာ ဟိုရှေးအတီ အတေက တည်းက သန္ဓေတည်ရှိခဲ့တယ်။ ပယောဂတွေ၊ လက်နက်တွေ၊ အာဏာတွေကြောင့်သာ စိတ်ဝမ်းကွဲခဲ့ကြတာ။
ဒါကြောင့် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်” ဆိုတာ ခေတ်တိုင်းနဲ့ လူသားအား လုံးနဲ့သက်ဆိုင်တယ် မဟုတ်လား။
မန္တလေးသားမှန်ရင် ဒီ “လက်ရေတပြင်တည်း” သီချင်းကို သိရှိနှစ်သက်ကြတာချည်းပါပဲ။ နန်းတော် ရှေ့ဆရာတင်က ဒီသီချင်းကို လေဘာတီ မမြရင် အတွက် ရေးစပ်ပေးခဲ့တာပါ။ လေဘာတီက မြို့မနဲ့ အငြိမ့်ညွန့်ပေါင်းမှာလည်း ဒီသီချင်းကို သီဆိုခဲ့ပါသ တဲ့။ ကိုလိုနီခေတ်က သာစည် ဒိစတြိတ်ထဲမှာ ပါဝင် ပြီး အခုဝမ်းတွင်းမြို့နယ်ထဲမှာ တည်ရှိတဲ့ မမြရင်ရဲ့ မွေးဇာတိ ရွှေဖလားကန်ရွာလေးကို သီချင်းရေးဆရာ နန်းတော် ရှေ့ ဆရာတင်ကလည်း ရောက်ဖူးပါသတဲ့။ ရွာမှာ “ဆိုင်းငြိမ့်” (ဆိုင်းအဖွဲ့က အငြိမ့်ခန်းပါတဲ့အစီ အစဉ်) အဖွဲ့က တောမင်းသမီးလေး မမြရင်ကို ဆရာတင် တွေ့သွားပြီးနောက်ပိုင်း မမြရင်က မန္တလေး တက်လာကာ နာမည်ကျော် မင်းသမီးကြီးဖြစ်သွားတဲ့ အထိ ဆရာတင်က ဆရာလို၊ ဦးလေးလိုစောင့်ရှောက် ခဲ့ပါသတဲ့။ ဒါကြောင့်လည်း မမြရင်တို့ “ရွှေဖလားကန်” ရွာကို မမြရင်နဲ့အတူ ဆရာတင်လည်း မကြာခဏ ရောက်သလို၊ မမြရင် မပါဘဲလည်း ဆရာတင် တယောက်တည်း ရောက်လာတတ်ပါသတဲ့။
ဒီတော့ နန်းတော်ရှေ့ ဆရာတင်က မမြရင်ရဲ့ ငယ်ဘဝကိုလည်း သိတယ်။ မမြရင်ရဲ့ ဇာတိရွာနဲ့ လည်း ကျွမ်းဝင်တယ်။ မမြရင်ရဲ့ အမူအကျင့် စရိုက် ကိုလည်း ရင်းနှီးတယ်။ ဒါကြောင့်လည်း “မြမဒီခင် ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ခဲ့ကြ” တဲ့။ ရွှေ ဖလားကန်ရွာနဲ့ ရွာဝန်းကျင်မြင်ကွင်းကို လက်ရေ တပြင်တည်းသီချင်းမှာ ထည့်စပ်ခဲ့တာပါ။ မန္တလေး က ဘုရင့်နေပြည် ရွှေမြို့တော်ကြီးဖြစ်ပေမယ့် ရွှေဖ လားကန်ရွာကတော့ ဝေးသီခေါင် (မန်းမြေ၊ မန်းရေ နဲ့ဝေး) တဲ့ ကျေးလက်မို့ အဲဒီခေတ်အခါအထိ ရွာမှာ ထမင်းစားကြရင် “ဒေါင်းလန်း” နဲ့ပဲ စားကြတာပေါ့။ ဒီနေရာမှာ စကားစပ်လို့ တနေ့မနေ့ကပဲ ရုပ်မြင် သံကြားက ပုပ္ပားမှာရှိတဲ့ စားသောက်ဆိုင်တဆိုင်နဲ့ ပတ်သက်တဲ့ အစီအစဉ်တခုထုတ်လွှင့်တဲ့အခါ ဟင်း တွေပါ တခါတည်းထည့်နိုင်တဲ့ အကန့်တွေပါပြီး ထမင်းပါ ထည့်စားလို့ရတဲ့ “ယွန်း” ပန်းကန်ပြားကို “ဒေါင်းလန်း” လို့ သုံးနှုန်းသွားတာ ကြားရပါတယ်။ မဟုတ်ဘူးထင်ပါရဲ့။ ဒေါင်းလန်းက လူငါးယောက်လောက် တခါတည်း တောဓလေ့၊ တောစရိုက် ယာခင်း၊ ကိုင်းခင်းက အပြန် ခါးပုံထဲ စားကောင်းသမျှဟင်းရွက် ချဉ်ရွက်လေးတွေ ဝိုင်းဖွဲ့ထိုင်စားလို့ရပြီး ဘာ အကန့်မှမပါတဲ့ ယွန်းဗျပ်ကြီးပါ။ ထွာဆိုင်လောက် အမြင့်ရှိတဲ့ ပတ်ပတ်လည် ခွာဒေါက်တွေ ပါပါတယ်။ အဲဒီအထဲ ထမင်းတွေရော၊ ဟင်းတွေရော၊ ဟင်းချို၊ ချဉ်ရည်ရော တခါတည်းပုံပြီး ထည့်ပြီးစားကြရတာ။ သူ့လက်ကဟင်းရည်လည်းကိုယ့်ဘက်စီး၊ ကိုယ့်လက် နဲ့ နယ်ဖတ်ထားတဲ့ ဟင်းရည်လည်း သူ့ဘက်စီးပေါ့။ အဲဒါ “လက်ရေတပြင်တည်း” ပါပဲ။
မမြရင်ရဲ့ မွေးဇာတိ ရွာနီးဝန်းကျင်က ယာခင်း၊ ကိုင်းခင်းတွေ စည်းရိုးတွေ၊ စည်းရိုးကန်သင်းတွေမှာ လည်း အလေ့ကျပေါက်တဲ့ ဟင်းရွက်တွေကလည်း ပေါပါဘိသတဲ့။ ခူးလာပြီး စားခါနီးမှ ဖိုခုံလောက် ပေါ်က မြေအိုးထဲ ငါးပိလေး နည်းနည်းထည့်ပြီး ရောကျိုလိုက်တာပါ။
“တောရွာသူတို့အိမ်မယ် မောင်ရယ် …
မြိန်ဖွယ်ပထမင်း
မိုးမျှော်ငရုတ်သီးထောင်းနဲ့
ကိုဘိုကေရယ် …
ဒေါင်းလန်းကြီးရဲ့အလယ် …” မှာ
မိသားစု ဝိုင်းဖွဲ့ကြတယ်။
ဟင်းအနေနဲ့က …
“တံစို့ပေါ်မှာ ကင်တယ်ဆူရင်ခပ်ပြီး
ဟင်းရွက်ကန်စွန်းပေါင်းနဲ့
ရေအင်တုံဝယ် …
သောင်းပြောင်းရောလို့နယ် …” တဲ့။
ပွက်ပွက်ဆူ ဟင်းချိုရည်နဲ့ပေါ့။
တံစို့ပေါ်မှာ ကင်ထားတဲ့ တခွက်တည်းသော
အသားဟင်းက ဘာပါလိမ့် …။
ဟောဒီမှာ …
“ချောင်းပေါင်မှာ … ဖြတ်လာရှာတဲ့ …
ပုတတ်ကလေး … နီကြင်ကြင်ရယ် …
နွယ်ကြိုးရှည်နဲ့သွယ် …” ပြီး ဖမ်းလာတဲ့ ပုတတ်ကို အရေဆုတ်ပြီး နနွင်းလေး၊ ဆားလေးနဲ့ နယ်၊ တံစို့ထိုး၊ မီးကင်ထားလိုက်တာ အနံ့လေး သင်းလို့ မွှေးလို့။
အဲဒီဟင်းတွေနဲ့ မိသားစု ဒေါင်းလန်းကြီးတချပ် ဘေး ဝိုင်းဖွဲ့ထိုင်ကာ လက်ရေတပြင်တည်းစားသောက် ကြရတဲ့ ငယ်ဘဝကို မမြရင်က လွမ်းတာပါ။ ရတနာ ပုံရွှေမြို့တော်မှာ စားပွဲနဲ့ ကုလားထိုင်နဲ့၊ တိုက်ပန်း ကန်ပြားနဲ့ အလယ်တည် ပန်းကန်လုံးနဲ့ ဟင်းမည် ဖွယ်ဖွယ်ရာရာ၊ ဇွန်း ခက်ရင်း ကိုင်ပြီး ဟန်လုပ် စားရတဲ့ဘဝ မုန်းပါ့။
ဒါကြောင့်…
“ငယ်မူကို မဖျောက်နိုင်ဘူး
ပျော်လောက်ဖွယ် … မယ်ရင် … ရယ်
လွမ်းပါဘိတယ်။
ပျို့ဇာတိနွယ်၊ ပျိုတို့ဇာတိနွယ် …” လို့ ဆရာတင်က မမြရင်ကို ကိုယ်ချင်းစာနာစွာ ရေးဖွဲ့ ခဲ့တာပေါ့။ မမြရင်လေးအပေါ် ငယ်ကတည်းက သံယောဇဉ်ကြီးခဲ့သူဆိုတော့ နာမည်ကျော် အငြိမ့် မင်းသမီး တယောက်အနေနဲ့ ဥစ္စာဓနကြွယ်ဝပြီး ဩဇာအာဏာရှိ၊ လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်တဲ့ တဦးတယောက်က အပိုင်စီးပြီး ရွှေလှောင်ချိုင့်ထဲ ထည့်ခံထားရတဲ့ မမြရင်လေးဘဝကို ဆရာတင်က စာနာသနားနေမှာပေါ့။
ဆရာတင်က ရွှေဖလားကန်ရွာလေးကို ရောက် ဖူးနေတော့ မမြရင်လေး လွမ်းနေလောက်တဲ့ ရွာက မြင်ကွင်းလေးကိုလည်း သေချာထည့်ပြီး အမှတ်ရစေပါသေးရဲ့။
“မိုး… တိမ်ယံကာကွယ်…၊
ယာလယ်ပြင် လမ်းမှာလ
ထန်းပင်၊ ထန်းလက်… ထန်းရွက်တွေက
အသွယ်သွယ်ပါ မောင်ရယ်…၊
မြရင်တို့ရွာ…၊ ရိုးရာဇာတိနွယ်…
ဪသာ်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိ တောင်မှ လည်ပါတယ်မောင်ရယ်…” တဲ့လေ။ ဟုတ်မှာပေါ့။ မမြရင် ငယ်ငယ်က “လမ်းမျက်စိ” လည်လောက်အောင် ထန်းတောကြီးက အုပ်ဆိုင်း မှိုင်းညှို့နေမှတော့။ မမြရင်မွေးပြီး နှစ်ပေါင်း ၁၀ဝ ပြည့်ချိန် ရွှေဖလားကန်ရွာကို ကျနော်တို့ရောက်သွား ချိန်မှာတောင် လက်ကျန် ထန်းတောအစွန်းအစကို တွေ့ခဲ့သေးတာပဲ။ အဲဒီ လက်ကျန် ထန်းတောက ထန်းပင်တွေကြားမှာ မမြရင် လှူဒါန်းရေစက်ချခဲ့တဲ့ ဇရပ်လေးလည်း ကျန်ကောင်းကျန်ရာ ကျန်နေသေးတယ်။
ဒီသီချင်းမှာ ဦးလေးဆရာ၊ အစ်ကိုဆရာရင်းဖြစ် တဲ့ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို အကြောင်း သိမို့ ကလိလိုက်ပါသေးတယ်။ အခုလို လေဘာတီ မမြရင်အနေနဲ့ နာမည်မကျော်ခင် ရွှေဖလားကန်ရွာ က “ဆိုင်းငြိမ့်” မင်းသမီးလေး မမြရင် ဘဝမှာ လူငယ်သဘာဝ တရွာတည်းနေ၊ တရွာတည်းသားနဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့ခဲ့ပါသတဲ့။ တရွာတည်း သားလေးက အဲဒီခေတ် ကိုလူပျို ကာလသားတို့ထုံးစံ ဆံပင်ရှည်ရှည် သျှောင်တစောင်းနဲ့မို့ပါတဲ့။ အခုတော့ မမြရင်က သဘင့်တက္ကသိုလ် ရတနာပုံမန္တလေး ရွှေမြို့တော်ကြီး ရောက်နေပြန်တော့ “ပဝါပါးကို ကြက်သားထုပ်” မိသလိုမို့…
“မြရင်တို့ရွာ… ရိုးရာဇာတိနွယ်
ဪသာ်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိ တောင်မှ လည်ပါတယ်မောင်ရယ်…
အစ်ကိုရဲ့ ညိုနွဲ့ ကြိုလှည့်ပါ့ ဆံကေသွယ်…”တဲ့လေ။
“အစ်ကိုနဲ့ … ညိုနွဲ့ … ကြိုလှည့်ပါ့… ဆံကေသွယ်” တဲ့။
“ကြိုလှည့်ပါ့၊ ဆံကေသွယ်” တဲ့။
တတ်နိုင်ပါပေ့…၊ ဆရာတင်ရယ်လေ…။ တကတဲ …။