[irrawaddy_gallery]
ကာတွန်းအောင်အောင်၏ လက်ရာ ရွှေဂေါင်းပြောင်ဟု ဆိုလိုက်လျှင် လက်ရှိ အသက် ၄၀ ဝန်းကျင်လူလတ်ပိုင်းများ ငယ်စဉ်က အသည်းစွဲဖြစ်ခဲ့သော ရုပ်ပြစာအုပ်များကို ပြန်မြင်ယောင်ကြပေလိမ့်မည်။ မကောင်းသူပယ်၊ ကောင်းသူကယ်၊ မတရားမှု ဟူသမျှကို တွန်းလှန်ချေဖျက်ခဲ့ကြသည့် သူငယ်ချင်းလေးယောက် ပါဝင်သော ရွှေဂေါင်းပြောင် ရုပ်ပြများကို ယခုအခါ စာရေးဆရာ လွတ်လပ်အိမ်က ဒါရိုက်တာအဖြစ်နှင့် ဇာတ်လမ်းတွဲများ ဖန်တီးလျှက် ရှိသည်။ ထို့ကြောင့် တချိန်က နာမည်ကြီးခဲ့သော ရုပ်ပြဇာတ်ကောင်များကို အသက်သွင်းကာ အက်ရှင် ဒရာမာ ဇာတ်လမ်းတွဲများ အဖြစ် ဖန်တီးမည့် လွတ်လပ်အိမ်ကို ဧရာဝတီ အယ်ဒီတာ အေးချမ်းမြေ့က တွေ့ဆုံမေးမြန်းခဲ့သည်။ လွတ်လပ်အိမ်သည် လင်းဦးတာရာ စာအုပ်တိုက် ထူထောင်သူဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ စတင်၍ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ညွှန်းများ ရေးသားခဲ့သူ ဖြစ်သည်။ လွတ်လပ်အိမ်အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး စာအုပ် ၉ အုပ် ရေးသားထုတ်ဝေခဲ့ကာ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ရုပ်သံကြော်ငြာများ ရိုက်ကူးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စေညွှန်ရာ လမ်းမများ အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးကာ မြဝတီရုပ်သံတွင် ပြသခဲ့သည်။ ၂၀၀၇ ခုနှစ်မှ စတင်၍ ရွှေဂေါင်းပြောင် ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သည်။ ယခုလက်ရှိ ပန်းဆိုးတန်း ပန်းချီအနုပညာ ပြခန်း တည်ထောင်ဖွင့်လှစ်ထားသည်။
မေး။ ။ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ ရွှေဂေါင်းပြောင် ဇာတ်ကို ဘာကြောင့် ရွေးဖြစ်တာလဲ။
ဖြေ။ ။ ရွှေဂေါင်းပြောင်က ဇာတ်လမ်းတွေ အများကြီးရှိတယ်၊ ငယ်ငယ်တုန်းကစွဲခဲ့တဲ့ ဇာတ်လမ်းတွေက အများကြီး။ စဉ်းစား ကြည့်လိုက်တော့ ရွှေဂေါင်းပြောင်က ဘာနဲ့သွားတူလဲ ဆိုရင် တရုတ်ဇာတ်လမ်းတွဲ ကျန်ကျောင်းနဲ့ သွားတူတယ်။ ကျန်းကျောင်းက ဇာတ်လမ်းတခုကို သုံးပိုင်း၊ လေးပိုင်းရှိတယ်၊ ဇာတ်လမ်းတခု ပြီးသွားတဲ့အချိန်မှာ နောက်ထပ် ဇာတ်လမ်းတခု စတင်မယ်၊ ဇာတ်လမ်းရဲ့ အဓိက ကာရိုက်တာ ကတော့ ကျန်ကျောင်းပေါ့။ အဲဒီလိုမျိုး ပုံစံလေးလည်း ဖြစ်တယ်ဆိုတော့ တပိုင်တနိုင်တော့ ရှိတယ်လို့ ဆိုရမှာပေါ့။ ဇာတ်လမ်းတခုထဲကို အပိုင်း ၅၀ တခါတည်းရိုက်မယ်၊ တဆက်တည်း ရိုက်မယ်ဆိုတာထက် ဇာတ်လမ်း ငါးပိုင်း၊ ခြောက်ပိုင်းကနေ ရိုက်သွားတာက နည်းနည်း အဆင်ပြေမယ် ဆိုတော့ ရွှေဂေါင်းပြောင်ကို ရိုက်ဖြစ်တာပါ။
မေး။ ။ ကာတွန်း ဦးအောင်အောင်ရဲ့ ရွှေဂေါင်းပြောင်ဇာတ်လမ်း တွေကို ပြန်ရိုက်တာလား၊ ဒါမှမဟုတ် ဇာတ်ကောင်ပဲ ယူပြီး ဇာတ်လမ်းကို ကိုယ့်ဘာသာ ဖန်တီးတာလား။
ဖြေ။ ။ ဒီဇာတ်လမ်းပဲ ပြန်ရိုက်တာ။ ဆရာအောင်အောင်ကလည်း ဇာတ်လမ်းရေးတာ အရမ်းကောင်းတယ်။ ဟိုးအရင် ကတည်းက သူ့ဇာတ်လမ်းတွေက နာမည်ကြီးတယ်လေ။ နာမည်ကြီးတော့ သူ့ထဲက ဟာတွေကိုပဲ အတန်အသင့် နည်းနည်း ပြင်လိုက်တာပေါ့။ သူ့မူရင်းဇာတ်ပ၊ဲ နာမည်တောင်မှ သူ့နာမည်တွေပဲ ပြန်ပေးလိုက်တာ။
မေး။ ။ အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ရုပ်ပြတွေ အများကြီး ရှိတဲ့အထဲမှာမှ တခြားဇာတ်လမ်း၊ ဇာတ်ကောင်တွေကို မရိုက်ဘဲ ရွှေဂေါင်းပြောင်ဇာတ်လမ်းကိုမှ ရွေးခဲ့ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။
ဖြေ။ ။ အမှန်တော့ ရုပ်ပြဇာတ်လမ်းတွေထဲမှာ ဆိုရင် ရွှေဂေါင်းပြောင်က အပေါက်ဆုံးလို့ ပြောလို့ရတယ်၊ တခြား ပေါက်တဲ့၊ ကလေးတွေကြိုက်တဲ့ ဇာတ်လမ်းတွေလည်း အများကြီး ရှိပါတယ်။ ဦးရှံစား၊ ဦးဒိန်းဒေါင်တို့၊ စံပ မယ်ခတို့ … ဒါပေမယ့် အက်ရှင်တခုလို တွက်ကြည့်မယ် ဆိုရင်တော့ ရွှေဂေါင်းပြောင်က အပေါက်ဆုံး၊ သူ့ရဲ့ရှေ့မှာတော့ ပေါက်တာတွေ ဆိုရင် ရွှေဓားဗိုလ်တို့ … အဲဒါတွေရှိတယ်။ ဒါပေမယ့် သူတို့က ဇာတ်လမ်းခပ်နည်းနည်းနဲ့ ဇာတ်အိမ် ကြီးတယ်၊ ဇာတ်လမ်းထွက်တာလည်း နည်းတယ်။ ဆရာအောင် တယောက်ပဲ တစိုက် မတ်မတ်နဲ့ နှစ် ၃၀ လောက် တောက်လျှောက် ရေးလာတယ်။ နောက် သူရဲ့ အကောင်းဆုံး စာအုပ်တွေဆိုရင် ဂန္ထဝင်မြောက်လို့ ယူဆတာပဲ။ တခြား မင်းလက်ဝါးလိုပေါ့ … ဇာတ်လမ်းမျိုးတွေ ရှိပေမယ့် သူ့လို တစိုက်မတ်မတ်နဲ့ တောက်လျှောက် ထွက်နေတာမျိုး ရှားတယ်။ မောင်ငြိမ်းချမ်းဆိုရင်လည်း ၁၀ နှစ်လောက် အောင်မြင်တယ်၊ နောက်ရပ်သွားတာမျိုး အဲဒီလိုမျိုးတွေ ဖြစ်တာတွေ အများကြီး။ ဆရာအောင်အောင် တယောက်ပဲ တောက်လျှောက် ဒီရုပ်ပြဇာတ်လမ်းကို မြတ်မြတ်နိုးနိုးနဲ့ လုပ်ခဲ့တယ်။ အမှန်တော့ ရွှေဂေါင်းပြောင်ဟာ အဲဒီအချိန်မှာ တွက်ကြည့်တော့ အသင့်တော်ဆုံး ဖြစ်တာလည်းပါတယ်၊ အအောင်မြင်ဆုံး ဖြစ်တာလည်းပါတယ်။ နောက်တခုက ဇာတ်ရုပ်ကလည်း သီးခြား ခွဲထွက်တယ်၊ ဒရာမာ ဇာတ်တွေလည်း ပါတယ်။ နောက် ပိုပြီးတော့ ရိုက်ဖြစ်တာ သူ့ရဲ့ ကာတွန်းလေးတွေက ကင်မရာ Angle တွေလည်း ပါတယ်။ အဲဒါ လေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ တက်လိုက် ကျလိုက်နဲ့၊ အပေါ်စီးကနေ ပြလိုက်၊ အောက်ကပြလိုက်နဲ့ တခါတည်း Story Board လေးလိုပဲ။ ကိုယ်တို့ကတော့ အဲဒီဟာ အတိုင်း ရိုက်တာမဟုတ်ဘူး၊ ဒါပေမယ့် သူ့ဟာ ကိုယ်နှိုက်ကလည်း စေ့ဆော်မှုရှိတယ်လေ၊ ရုပ်ရှင်ကြည့်နေရတဲ့ အတိုင်းပဲ၊ အဲဒီလိုမျိုး ဖြစ်နေတယ်။
မေး။ ။ အခုနောက်ပိုင်း ရုပ်ပြတွေက မထွက်နိုင်တော့ဘူးလေ၊ ဦးအောင်အောင် ကိုယ်တိုင်လည်း နောက်ပိုင်း မရေးနိုင်တော့ဘူးဆိုတော့ အဲဒီ ရုပ်ပြ စာအုပ်အဟောင်းတွေက စုဆောင်းထားတာလား၊ ဒါမှမဟုတ် သူ့ဆီကနေ တောင်းတာလား။
ဖြေ။ ။ အဓိကကတော့ ကိုယ်စုဆောင်း ထားတာ၊ ကျနော်က အဲဒီကာတွန်းစာအုပ်တွေကို တောက်လျှောက် စုဖြစ်တယ်။ အစတုန်းကတော့ အပျော်သဘော လောက်ပဲ စုဆောင်းတာပေါ့၊ နောက်ပိုင်းကျတော့ ကာတွန်း ရုပ်ပြ သမိုင်းတခုကို ပြန်ပြီးရေးမယ်ဆိုတဲ့ စိတ်နဲ့ သီးခြားစုဖြစ်တယ်။ အခုဆိုရင် ကိုယ့်မှာ ကာတွန်းစာအုပ်ဆို ထောင်နဲ့ချီပြီး ရှိတယ်။ ကလေးတုန်းက ကာတွန်းတွေ ဖတ်ဖြစ်သလို၊ နောက်ပိုင်း အချိန်တွေမှာလည်း ရွှေဂေါင်းပြောင်ကို ပြန်ပြီးတော့ ဖတ်ဖြစ်တယ်။ ဆရာအောင်အောင်ရဲ့ ကာတွန်းတွေထဲမှာ မြန်မာစာ ချစ်အောင် လုပ်ပေးထားတဲ့ ရှေးဟောင်း ကဗျာလေးတွေ၊ လင်္ကာလေးတွေ တပုဒ်တပုဒ် ထည့်ထားတယ်၊ နောက်တခုက ဒီဇာတ်တခုလုံးကို ကဗျာတပုဒ်နဲ့ တည်ထားတာ ရှိတယ်။ ဥပမာ – စုံနံ့သာမြိုင်လို ဇာတ်ပေါ့။ ဒီဇာတ်ဆိုရင်လည်း စုံနံ့သာမြိုင် သီချင်းကိုဆိုနေတဲ့ ကောင်မလေး တယောက်အကြောင်းကို ရေးထာတာဖြစ်တယ်။ အဲဒါဆိုရင် မြန်မာစာ၊ မြန်မာမှုကို ချစ်တဲ့လူအတွက်၊ လူကြီးဖြစ်လာတဲ့ အခါကျရင်လည်း ပြန်ပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ငယ်ငယ်တုန်း ကလေးစိတ်နဲ့ ဖတ်တာပေါ့။ ဒါပေမယ့် သူ့ကာတွန်းက အခုအချိန်ထိ ဖတ်လို့ရသေးတယ်။
မေး။ ။ ကိုလွတ်လပ်အိမ် အနေနဲ့ ဒီဇာတ်လမ်းတွဲကို ရိုက်မယ်ဆိုပြီးတော့ ဆရာအောင်အောင်နဲ့ ဆွေးနွေးရတဲ့ အခါမှာ ဘာ အခက်အခဲတွေရှိလဲ။
ဖြေ။ ။ ဆရာအောင်နဲ့ကတော့ ဆွေးနွေးရတာ မခက်ပါဘူး၊ ဆရာအောင်ကလည်း ပြောရရင် ရှေးလူကြီး ဆန်တယ်၊ ရှေးလူကြီးဆိုတာ ရှေးပန်းချီဆရာလို၊ ရှေးပန်းချီ လောကသားတွေလို၊ တနည်း ပြောရရင်တော့ အရင်တုန်းက ကြုံခဲ့ဖူးတဲ့ ရုပ်ပြသမား ပုံစံဆန်တယ်။ သူက သူနဲ့တွဲလုပ်တဲ့သူဆိုရင် သံယောဇဉ် ရှိတယ်။ ခုနပြောတဲ့ သူ့တပည့် လက်သားတွေ ကလည်း သူ့အပေါ်မှာ ချစ်ကြတယ်၊ အမြဲတမ်းပြန်ကြည့်တယ်၊ အဲဒါမျိုးတွေလည်း ရှိတယ်။ တကယ်တမ်း ပြောရရင် သူနဲ့ညှိတဲ့အခါကျတော့ အရမ်းကြီး အခက်အခဲတော့ မရှိပါဘူး။ အရင်တုန်းက ဦးမီးပွားတို့ ရိုက်တဲ့အခါကျရင် ဆရာအောင်ကို ကင်မရာ Angle ကြည့်ပေးပါဆိုပြီး သီးခြား တာဝန်ကိုပေးခဲ့တာ ရှိတယ်။ သူက ရိုက်ကွင်းလိုက်ပြီးတော့ Angle ပြတာမျိုးတွေလည်း ရှိတယ်ပေါ့။ ဆရာအောင်က တကယ်တမ်းပြောရရင် ရုပ်ရှင်လောကမှာ နာမည်မစိမ်းဘူး၊ သူကိုယ်နှိုက်ကလည်း ရုပ်ရှင်တွေဘာတွေ ရိုက်ဖူးတယ်။
မေး။ ။ ဒီရွှေဂေါင်းပြောင်ဇာတ်လမ်းကို အရင်တုန်းကလည်း ရုပ်ရှင်ဇာတ်လမ်းကြီးတွေ ရိုက်ဖူးတယ်နော်။
ဖြေ။ ။ အမှန်က ဒီရွှေဂေါင်းပြောင်ဇာတ်လမ်းကို ရိုက်တာ တော်တော်များများရှိတယ်။ ဦးတိုးညွန့်တို့ ရိုက်ဖူးတယ်၊ ဇာဂနာနဲ့လည်း ရိုက်ဖူးတယ်။ အဲဒီတုန်းက ပန်းချီ ကိုထိန်လင်းက အဲဒီဇာတ်ကားထဲမှာ သူရ ဇာတ်ရုပ်လုပ်တာ။ နောက်ပိုင်းမှာ လူရွှင်တော် ကောင်းကျော်ဆိုတာ ရှိသေးတယ်၊ ကောင်းကျော်ကလည်း တော်တော်တူတယ်၊ နောက်၊ ကျော်ရဲအောင် တုန်းက ခြင်္သေလိုလို ပန်းလိုလို ဆိုတဲ့ကားမှာ ကျော်ရဲအောင်ကို အဓိက အသား ပေးပြီးတော့ ရိုက်ဖူးတာ ရှိတယ်။ သူ့ဟာတွေက အတော်များများကို ရိုက်ဖြစ်ပါတယ်။ အနည်းဆုံးမရှိဘူးဆိုရင် ၇ ကား၊ ၈ ကားလောက်ရှိတယ်။
မေး။ ။ တချို့ဇာတ်လမ်းတွေထဲမှာ ရွှေဂေါင်းပြောင်က အဓိက ဇာတ်ကောင်မဖြစ်ဘဲနဲ့ မင်းသားတယောက် ယောက် ပါလာတာမျိုးရှိတယ်။ အဲဒီလို ဇာတ်လမ်းတွေကိုရော ထုတ်မှာလား။
ဖြေ။ ။ အဲဒီလို ဇာတ်လမ်းတွေကတော့ ပိုတောင ်သုံးဖြစ်တယ်၊ အများစုကတော့ သူက ပြင်ပဇာတ်ကောင် တခု ထည့်ပေးတယ်၊ ရွှေဂေါင်းပြောင်ကိုတော့ သင်္ကေတ တခုအနေနဲ့ပဲ သုံးတယ်။ ဒါပေမယ့် သူရဲကောင်းဆိုတဲ့ ဇာတ်ရုပ် တခုကိုတော့ပြတယ်။ ဇာတ်ရုပ်တခုတည်းကိုပဲ အားပေးထားတာ မဟုတ်ဘူး၊ တဘက်မှာလည်း လူသားဆန်တဲ့ သူ့ဘဝလေးရဲ့အကြောင်းကို တင်ပြထားတဲ့ အကျင့်ရှိတယ်။ စုံနံ့သာမြိုင်ဆိုရင် တဇာတ်လုံးမှာ အရူးမလေးကို လိုက်ထိန်း နေရတဲ့ လူတယောက်ပေါ့၊ ဘာမှဖိုက်တင်လည်း မချဘူး၊ သို့သော် လူသားတယောက်လို တာဝန်သိတဲ့ အနေနဲ့ အရူးမလေးကို လိုက်ထိန်းတယ်၊ ဒါပေမယ့် အရူးမလေးကြောင့် သူ့မှာနာမည်ပျက်ရတယ်။ ပြောရမယ်ဆိုရင် သူရဲကောင်းပေမယ့် သူ့ရဲ့ ဇာတ်ဖွဲ့စည်းပုံ လေးက လူသားဆန်တဲ့ Angle တခုကိုသွားတယ်၊ အဲဒါလေးတွေက ရိုက်လို့လည်းကောင်းတယ်။
မေး။ ။ ဒီရုပ်ပြတအုပ်က ရုပ်ရှင်ကားကြီး တကားစာလောက်ရှိတယ်လေ၊ အဲဒါကိုပြန်ပြီးတော့ နာရီဝက်စာ ဇာတ်လမ်းတွဲ တခုအနေနဲ့ ပြန်ပြီးတော့ ဖွဲ့ရတဲ့ အခါမှာ ဘာအခက်အခဲတွေရှိလဲ။
ဖြေ။ ။ အမှန်တော့ ဇာတ်ကားတကားလိုပဲ ရိုက်တာ ၂ နာရီစာပဲ။ ၂ နာရီစာ ရိုက်ပြီးတော့မှ သုံးပိုင်းရရင် သုံးပိုင်း၊ လေးပိုင်းရရင် လေးပိုင်း၊ နှစ်ပိုင်းရရင် နှစ်ပိုင်း အဲဒီလိုလုပ်ပြီးတော့မှ ပြန်ပြတာ၊ ခွဲပြတာပေါ့။ ရိုက်တာကတော့ ဇာတ်လမ်းတပုဒ်ကို ဇာတ်ကားတကားအနေနဲ့ရိုက်တာ အဲဒါတော့ သိပ်အခက်အခဲမရှိပါဘူး၊ အခက်အခဲ မရှိဘူးဆိုပေမယ့် ရိုက်တဲ့အခါမှာတော့ အခက်အခဲက သူ့ရဲ့ ဝတ်စားဆင်ယင်မှုမှာကအစ ရှိတယ်။ နိုင်ငံခြားမှာလည်း ကာတွန်း ဇာတ်လမ်းအတွက် သုံးမယ့်ဇာတ်ကောင်တွေ ရှိတယ်၊ စူပါမန်းလို့ပဲပြောပြော၊ ဘတ်မန်းလို့ပဲပြောပြော၊ အဲဒါမျိုးတွေက သူတို့ဆီမှာ အမြဲတမ်းရှိတယ်ပေါ့။ ကိုယ်တို့ဆီမှ တကယ်တန်း ကျတော့ အဲဒီလိုဟာမျုးိတွေ မရှိတဲ့အတွက် ရုပ်ပြ ကနေပြီးတော့ ရုပ်ရှင် ဖန်တီးတဲ့နေရာမှာ အားနည်းတာ တွေ့ရတယ်။
မေး။ ။ ရွှေဂေါင်းပြောင် ဇာတ်လမ်းတွဲအတွက် ရွေးထားတဲ့ ဇာတ်ကောင်တွေက တွေ့ရတာ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် တောကြိုက်မင်းသားတွေလို့ ပြောလို့ရမယ် ထင်တယ်၊ မြို့မှာတော့ သိပ်မကြည့်ကြတဲ့ မင်းသားတွေ၊ တောမှာတော့ လူကြိုက်များတယ်ပေါ၊့ အဲဒီလိုမျိုး မြို့မှာသိပ်မကြည့်တဲ့ မင်းသားတွေကို ဘာကြောင့် ရွေးသုံးထားတာလဲ။
ဖြေ။ ။ အဲဒါက အဓိက ကတော့ ကျနော်တို့ သဘောကို ပြောရရင် တောမင်းသား၊ မြို့မင်းသား ဆိုတာ အစကတည်းကိုက မကြိုက်ဘူး၊ အမှန်တော့ အဲဒီလို ပြောတဲ့သူကိုက တော်တော် တောကျတယ် ထင်တယ်။ တောမင်းသား၊ မြို့မင်းသားလို့ ရွေးကြည့်တဲ့ သူကိုက တော်တော်လေးကို တောကျတယ် အောက်မေ့တယ်။ အဓိကက နိုင်ငံခြားမှာလည်း ဆိုကြပါစို့ ဥပမာ – လူတိုင်း သိတဲ့ တိုက်တန်းနစ် ဇာတ်ကားကိုရိုက်တယ်။ တိုက်တန်းနစ်ရိုက်တဲ့ အချိန်မှာ ကိတ်ဝင်းစလက် ကလည်း ဘာမှမဟုတ်ဘူး၊ လီယိုနာဒို ကလည်း ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်တဲ့ လူတွေကို တင်ပြီး ရိုက်ထားတာ၊ ဒါပေမယ့် ရုပ်ရှင်က အင်မတန်ကောင်းတော့၊ ရုပ်ရှင်လည်း နာမည်ကျော်တယ်၊ နှစ်ယောက် စလုံးလည်း နာမည်ကျော်တယ်။ တကယ် ဖြစ်စေချင်တာကတော့ ဇာတ်ကားကောင်းတာကိုပဲ ဦးစားပေးစေချင်တာ။ ခုနပြောသလို ဒါကတော့ ဘာမင်းသားမို့လို့၊ ညာမင်းသားမို့လို့ ဆိုပြီး ကိုယ်တို့က အစကတည်းကိုက မရှိဘူး။ ရုပ်ရှင် ရိုက်တဲ့အခါကျတော့ ဒါကတော့ တောဇာတ်၊ မြို့ဇာတ်ဆို ပြီးတော့ အဲဒီမှတ်ချက်ကို ကြည့်ပြီးတော့ အဲဒီမှတ်ချက်အတိုင်း ရိုက်ချင် ရိုက်ရလိမ့်မယ်၊ ဒါပေမယ့် ကိုယ်ကတော့ အဲဒါကို ဘယ်တော့မှ မရိုက်ဘူး။ နောက်ပြီးတော့ ဇာတ်ရုပ်ကိုလည်း နာမည်ကြီးတဲ့သူ ငှားရမယ်လို့ ဘယ်တော့မှ စိတ်ထဲမှာ မထားဘူး၊ ဇာတ်ကားကောင်းတဲ့ ဟာတခုကိုပဲ ရောက်အောင် သွားချင်တယ်။ ကျန်တဲ့ အကြောင်းတရားကတော့ အမှန်ပြောရမယ်ဆိုရင် သူတို့တွေက ပိုပြီးတော့ အချိန်ပေးနိုင်မယ်၊ အလုပ်ပေါ်မှာပိုပြီးတော့ အာရုံစိုက်နိုင်မယ့်လူ၊ နာမည်ကြီးတဲ့သူဆိုလို့ရှိရင် ၅ ရက်တကား ရိုက်လိုက်၊ ၃ ရက် တကား ရိုက်လိုက်။ ၃ ရက်နဲ့ တကားရိုက်နိုင်တဲ့ ဒါရိုက်တာဆိုရင် အဲဒီဒါရိုက်တာ တော်တော် တော်တယ်လို့ ပြောလို့ရတယ်။ အဲဒီလိုမျိုးဖြစ်နေရင် အနုပညာဖန်တီးမှုက မရှိတော့ဘူး။ ဈေးကွက်ဖန်းတီးမှု၊ လူတွေဖန်းတီးတဲ့ ဈေးကွက်။ Entertainment လို့ပြောလည်း Entertainment မရှိတော့ဘူး။ အဲဒါကျတော့ နာမည်ကျော်တွေနဲ့ ရောလွှတ်တာ ဖြစ်သွားပြီ။ အဲဒါတွေကို အစကတည်းက အားလည်းမပေးဘူး၊ ရိုက်လည်းမရိုက်ဘူး။ အခုဆိုရင် ရိုက်ချင်တာ ရှိတယ်။ တခါမှ သရုပ်မဆောင်ဘူးတဲ့ လမ်းဘေးက လူတွေနဲ့တောင် လိုက်ရိုက်ချင်တယ်။ God Must Be Crazy ဆိုရင် အာဖရိကထဲက လူတယောက်ကို ခေါ်ထုတ်ပြီးရိုက်တာ။ အဲဒီလူက ဘယ်သူမှန်းလဲ မသိဘူး၊ စတားတယောက်လည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒီဇာတ်ကားသည် ဂန္တဝင်တွင်ကျန်တဲ့ ဇာတ်ကားထဲမှာ ပါသွားတာ။
မေး။ ။ အဲဒီတော့ ရွှေဂေါင်းပြောင် ဇာတ်ရုပ်ကို ဘယ်သူ့ကိုရွေးထားတာလဲ။ သူကကော ရွှေဂေါင်းပြောင် ဇာတ်ရုပ်နဲ့ လိုက်တယ်လို့ ယူဆလား။
ဖြေ။ ။ အခုလောလောဆယ် ရွေးထားတာက ညီညီမင်းထက်။ လိုက်တယ်လို့ ယူဆတယ်။ အဲဒါလည်း တခုရှိတယ်၊ အရင်တုန်းကရိုက်တဲ့ ရွှေဂေါင်းပြောင် ဇာတ်ကားမှန် သမျှဟာ ဟာသ၊ သူတို့ကို ကာတွန်းဇာတ်ရုပ် ဖန်တီးထားတာ ဆိုတော့ ဟာသ ရုပ် ထည့်ထားတာ။ ဒီရွှေဂေါင်းပြောင်ကို တလျှောက်လုံး၊ ကြီးတဲ့အထိလည်း ဖတ်တယ်၊ ငယ်ငယ် ကလည်း ဖတ်တယ်။ ဒါပေမယ့် စိတ်ထဲမှာ ခံစားတာက ရွှေဂေါင်းပြောင်ဟာ ဟာသမဟုတ်ဘူး။ ရွှေဂေါင်းပြောင်က အစကတည်းက အက်ရှင်ရှိမယ်၊ စွန့်စားမှုရှိမယ်၊ ခုနပြောတဲ့ လူသားဆန်တဲ့ ဒရာမာပေါ့၊ အဲဒါလေးတွေပါမယ်။ ဆိုတော့ အစကတည်းကိုက အက်ရှင်ဒရာမာလို ရိုက်မယ်လို့ စိတ်ကူးထားတာ။ ဆိုတော့ ဆရာအောင်နဲ့ ညှိတယ်၊ ဆရာကလည်း ပြောတယ် ရှေ့က လုပ်တဲ့သူထဲမှာ ကောင်းကျော်လေး ကတော့ မဆိုးဘူးပြောတယ်။ ဒါကတော့ ဥပမာ ပြောတာပါ၊ နည်းလမ်းတကျပေါ့။ သူကတော့ ရွှေဂေါင်းပြောင် ရုပ်နဲ့လည်းတူတယ်၊ လူကလည်း ပုတယ်ဆိုတော့ ၊ မျက်နှာဝိုင်းဝိုင်း ၊ ပါးစပ်ဝိုင်းဝိုင်းလေးနဲ့ပေါ့။ တကယ်တန်း ကျတော့ ကျနော့် စိတ်ထဲမှာ ရွှေဂါင်းပြောင်ဇာတ်ရုပ်ကို တကယ်ကို အက်ရှင် ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တဲ့ လူဖြစ်ရမယ်။ ခုနပြောတဲ့ မြန်မာ့သိုင်းဆိုရင်လည်း မြန်မာ့သိုင်း ပုံစံပေါ့၊ ကစားတတ်တဲ့လူ ဖြစ်ရမယ်လို့ ယူဆတဲ့အတွက် အဲဒါကို အစကတည်းက အက်ရှင်ဆန်တဲ့ ပုံစံရိုက်မယ် ဆိုပြီး Trend ပြောင်းလိုက်တာပေါ့၊ ရှေ့ကလူတွေအကုန်လုံးက ဟာသပုံစံရိုက်ပေမယ့် ကိုယ်က Trend ပြောင်းပြီး အက်ရှင် ပုံစံရိုက်မှာ၊ လုံး၀ ဟာသမလုပ်ဘူး၊ ဒါပေမယ့် ဟာသကတော့ သူ့လိုအပ်တဲ့နေရာမှာ တချို့ စကားလုံး ပုံစံလေးတွေ ထည့်မှာပေါ့။ ကျန်တာတော့ ဟာသမပါဘူး၊ ဆရာကလည်း သဘောတူပါတယ်။ နောက်ပြီး လူစားထိုးလည်း မရိုက်ချင်ဘူး။ နာမည်ကြီးတဲ့လူ တယောက်ကို သုံးလိုက်တယ်၊ တကယ်တန်း အက်ရှင်ရိုက်ခါနီးကျရင် လူစားထိုးရမယ်ဆိုတာ … အဲဒါမျိုးလည်း တောက်လျှောက်မလုပ်ချင်ဘူး။ အဲဒါနဲ့ တကယ်လည်း လုပ်တတ်တဲ့လူပေါ့၊ နာမည်ရှိတာ မရှိတာနဲ့ မဆိုင်ဘဲ တကယ်လုပ်တတ်တဲ့လူနဲ့ လုပ်ချင်တာ။
မေး။ ။ ဒီဇာတ်လမ်းတွဲကို ဘယ်တော့လောက် စပြမလဲ။ ဘယ်ချယ်နယ်ကနေ ပြဖြစ်မလဲ။
ဖြေ။ ။ အခုဆိုရင် မြဝတီမှာ ပြဖို့များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီစီးရီးကို ထုတ်လုပ်ထားပြီး ဖြစ်တယ်ဆိုတော့ အဓိက တည်ထားတာက ဒီလူတွေနဲ့ပြဖို့ တည်ထားတာပေါ့။ ဒီလူတွေနဲ့ပြဖြစ် မပြဖြစ်ဆိုတာ ကတော့ နောက်ဆုံးအဆင့် အနေနဲ့တော့ အတိအကျ မပြောနိုင်သေးဘူးပေါ့။ ပြောနိုင်တာတော့ သင်္ကြန်အပြီးလောက်တော့ စပြနိုင်မယ်ထင်တယ်။
မေး။ ။ မြန်မာရုပ်ပြ ဇာတ်လမ်းတွေကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းမယ့် လူတယောက် အနေနဲ့ မြန်မာပြည်ရဲ့ ရုပ်ပြအခြေအနေ အပေါ် ကိုလွတ်လပ်အိမ် ဖြစ်စေချင်တဲ့ ဆန္ဒကို ပြောပြပေးပါ။
ဖြေ။ ။ အဲဒါက အဓိက နမူနာထားတာကတော့ ဂျပန်ပေါ့။ မြန်မာရုပ်ပြလောက အစက မြန်မာရုပ်ပြရော၊ ကောမစ် ရော၊ ကာတွန်းရော လက်ရာက တော်တော်လေး ကောင်းတယ်။ တော်တော်ကောင်းတဲ့အထဲမှာ ပါရမီရှင်လို့ ပြောရမယ့် သူတွေဆိုရင် ဆရာဦးအောင်ရှိန်တို့ ဆရာသန်းကြွယ်တို့၊ ဦးသော်ကတို့ အဲဒါတွေကတော့ ရုပ်ပြ ကာတွန်းဘက်မှာပေါ့။ ရုပ်ပြဘက်မှာလည်း ရှိတယ်။ ဒါပေမယ့် ဒီလူတွေရဲ့ လက်ရာက ကမ္ဘာကို ရောက်မသွားဘူး။ ကမ္ဘာကိုလည်း ရောက်သင့် တာပေါ့။ ကျနော် တွက်ထားတာကတော့ နှစ်ပိုင်း၊ သုံးပိုင်းရှိတယ်ပေါ့။ အခုဆိုရင် မြန်မာရုပ်ပြလောကဟာ လုံး၀ သေသွားပြီ။ အခု မြန်မာ ရုပ်ပြသမားတွေက ဘာတွေ ရေးနေရလဲဆိုရင် ကိုရီးယားရုပ်ပြတွေ လိုက်ရေးနေရတယ်။ ဒီဟာတွေက ခေတ်စနစ် ပြောင်းလဲတာတွေနဲ့လည်း ဆိုင်တာပေါ့။ သူတို့နဲ့ ခေတ်ပြိုင် နိုင်ငံတကာက လူတွေက ကမ္ဘာက သိနေချိန်မှာ သူတို့ကို ကမ္ဘာက သိခွင့်မရဘူး။ တကယ်တန်းပြောရရင် ဆုံးရှုံးမှုတွေ အများကြီး ရှိတယ်။
ဒီအချိန်မှာတော့ တဘက်ကပြန်စဉ်းစားတာက ရွှေဂေါင်းပြောင်ကို လွန်ခဲ့တဲ့ ၂ နှစ်ကစလုပ်တာ။ အခု ရွှေဂေါင်းပြောင်ကို ပြမယ်၊ ရွှေဂေါင်းပြောင်ကို ပြမယ် ဆိုတော့သူ့ရဲ့ ရုပ်ပြတွေပြန်ထုတ်လို့ ရမယ်။ ရွှေဂေါင်းပြောင်ဇာတ်လမ်းကို ကလေးတွေရော ကြိုက်မယ်။ ကြိုက်ကြရင် ရွှေဂေါင်းပြောင် အကျႌလည်း ထုတ်လို့ရမယ်၊ နောက် ရွှေဂေါင်းပြောင်နဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းလေးတွေ၊ အရုပ်တွေ ထုတ်လို့ရမယ်။ အဲဒီလိုဆိုရင် ကလေးတွေလည်း ပျော်စရာကောင်းမယ်။ နောက် ရွှေဂေါင်းပြောင်အရုပ်ကလေး တွေလုပ်ထားမယ်ဆိုရင် နိုင်ငံခြားက လူတွေကလည်း မြန်မာပြည်ရဲ့ သူရဲကောင်းလေးတွေကို ဝယ်ပေါ့။ အဲဒါဆိုရင် ဒါက Market တခုထဲ ဝင်လို့ရပြီ။ အမှန်ပြောရရင်တော့ ဒါက စိတ်ကူးအသစ်နဲ့ လုပ်တာပေါ့။ အဲဒီလိုလုပ်ရင်းနဲ့ပေါ့ ရုပ်ပြလောကလေး ပြန်ပြီးတော့ အဖက်ဆယ်နိုင်မလား လို့ပေါ့။