SFU

လွမ်းအောင်ရယ်ရတဲ့ စာအုပ်

This article has been converted from Zawgyi One to Unicode

ပထမအကြိမ် – ၂၀၁၃၊ ဒီဇင်ဘာ
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၄၀၀၀ ကျပ်

တကယ်တော့ မဂ္ဂဇင်းတအုပ်ကို စာအုပ်အညွှန်းရေးရန် အကြောင်း မရှိပါ။ သို့ပေမယ့် ဒီမဂ္ဂဇင်းစာအုပ် ကတော့ စာအုပ်အညွှန်းအဖြစ် ရေးဖို့ လိုအပ်သည်ဟု ထင်သည်။ ဘာကြောင့်လဲ ဆိုတော့ ဒီမဂ္ဂဇင်းက တခြား မဂ္ဂဇင်းများလို တလတအုပ်၊ နှစ်လ တအုပ်၊ အတွဲဘယ်လောက် အမှတ်ဘယ်လောက် စသည်ဖြင့် ထုတ်မည့် စာအုပ်မဟုတ်၊ ပြီးတော့ မြို့နယ်မဂ္ဂဇင်း၊ အသင်းအဖွဲ့ မဂ္ဂဇင်းများလို နှစ်စဉ်ထုတ်မည့် မဂ္ဂဇင်းလည်း မဟုတ်၊ တသက်မှာ တခါတည်းသာ ထုတ်သည့် မဂ္ဂဇင်း ဖြစ်သည်။

မဂ္ဂဇင်း၏ အမည်က “မင်းလူ တကိုယ်တော် မဂ္ဂဇင်း” တဲ့။

ဤစာအုပ်ကို မဂ္ဂဇင်းတအုပ်၏ အရည်အချင်းနှင့် ပြည့်စုံအောင် စီစဉ်ထားသော်လည်း တအုပ်လုံးတွင် ပါသမျှကို ရေးသားထားသည်က တဦးတည်း။ ဆရာမင်းလူ တဦးတည်း ရေးထားခြင်း ဖြစ်သည်။ စီစဉ်သူကလည်း သူ တဦးတည်းပင်။

အယ်ဒီတာချုပ် – မင်းလူ၊ တာဝန်ခံအယ်ဒီတာ – တောကျောင်းဘုန်းကြီး၊ အယ်ဒီတာအဖွဲ့ – မင်းကိုဉာဏ်၊ မောင်ဉာဏ်မင်း၊ ကမ္ဘာတုန် … တဲ့။ မင်းလူနှင့် သူ၏ ကလောင်ခွဲများချည်း။ ဤစာအုပ်တွင် ကဗျာချည်း ၁၉ ပုဒ်၊ ဆောင်းပါး ၁၂ ပုဒ်၊ အင်တာဗျူး ၂ ပုဒ်၊ ဝတ္ထုတို ၆ ပုဒ်၊ ဝတ္ထုရှည် စ/ ဆုံး ၃ ပုဒ်၊ အမှတ်တရစာ ၇ ပုဒ် ပါဝင်သည်။ စာရေးဆရာ မင်းလူ၏ စာများကို နှစ်ခြိုက်တတ်သူများအတွက် သူ့လက်ရာစုံများအား တဝကြီး ဖတ်ရှုရသည့် စာအုပ် ဖြစ်၏။ ပြီးတော့ ကွယ်လွန်သူ ဆရာမင်းလူ အလွမ်းမပြေ စာအုပ်ဟုလည်း ဆိုချင်သည်။ အလွမ်းမပြေဟု တမင်သုံးနှုန်းထားပါသည်။ ဖတ်လေ လွမ်းလေ … အလွမ်းမပြေဘဲ ပိုလွမ်းရလေ …။ စာရေးဆရာက သူကျေပြွန်သင့်သည်ထက် တာဝန်များ ကျေပြွန်ကာ လူ့လောကကြီးကို ခွဲခွာသွားခဲ့ပြီ မဟုတ်ပါလား။

ဤစာအုပ်က ဆရာမင်းလူ ကွယ်လွန်ပြီးချိန်ကျမှ ထွက်ရှိလာသော စာအုပ် ဖြစ်သော်လည်း ဆရာကိုယ်တိုင် ဖြစ်စေချင်ခဲ့သဖြင့် စီစဉ်ခဲ့သော စာအုပ်ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါ။ ထူးထူးခြားခြားကလေးများ၊ တခြားသူ မတွေးမထင်ထားသည့် ထောင့်များမှ ဖျပ်ကနဲ ပေါ်လာသော အတွေးသစ်များဖြင့် စာဖတ်သူများကို တအံ့တသြ ဖြစ်စေတတ်သော ဆရာမင်းလူ၏ စရိုက် သဘာဝများ အားလုံး ဤစာအုပ်တွင် တွေ့ရသောကြောင့် ဖြစ်ပါသည်။ ဆရာကွယ်လွန်ပြီးချိန်တွင် ဤစာအုပ် ဖြစ်မြောက်သည်အထိ ဆရာမင်းလူ၏ ငယ်သူငယ်ချင်း ကဗျာဆရာ မောင်မောင်စနေနှင့် ဆရာ့သမီးငယ် ယုယတို့က ဆက်လက် တာဝန်ယူခဲ့ပါသည်။

မျက်နှာဖုံး ဆရာ့ပုံတူကို ဆရာ၏ ချစ်စွာသော ရောင်းရင်း ကံ့ကော်ရွာသူကြီးဟောင်း ပန်းချီမျိုးမြင့်က ဆွဲပေးထားသည်။ အတွင်းသရုပ်ဖော် ပုံများကိုတော့ မောင်နိုး၊ ကိုကိုနိုင်၊ သန်းထိုက် (မြန်မာစာ)၊ စောမင်းဝေ၊ ဖေသစ်တည်၊ မိုးထက်မိုး၊ နိုင်လင်း၊ အာကာ၊ မျိုးမင်းမြတ် စသည့် ပန်းချီဆရာ၊ ကာတွန်းဆရာများက ရေးဆွဲပေးထားသည်။

သရော်စာနှင့် ဟာသ စာပေများကို ရိုးသားစွာ ဖန်တီးတတ်သော စာရေးဆရာ မင်းလူ၏ စာပေများအကြောင်း အထူးတလည် ပြောစရာ လိုမည် မထင်ပါ။ ဤ မင်းလူ တကိုယ်တော် မဂ္ဂဇင်းကလည်း ထုတ်သမျှ ပြိုက်ကနဲကုန်၊ ထပ်ရိုက်သမျှ ထပ်ကုန်သည့် စာအုပ် ဖြစ်သောကြောင့် ဖတ်ကြည့်စေချင်ကြောင်း အထူး တိုက်တွန်းစရာ လိုမည် မထင်ပါ။ ဆရာ့ပရိသတ်၊ ဆရာ့ကို ချစ်သော၊ ဆရာ့စာများကို ချစ်သူများ မြန်မာပြည်တပြည်လုံး အနံှ့ မြောက်မြားစွာ ရှိနေပါ သောကြောင့် ဤစာအုပ်အပေါ် ကျမ၏ အမြင်သက်သက်ကိုသာ ပြောလိုခြင်း ဖြစ်ပါသည်။

ဆရာ၏ ဝတ္တုတိုများ၊ အက်ဆေးများ၊ ဝတ္တုရှည်များ၊ ဆောင်းပါးများကို ဖတ်ရင်း တဦးတည်း တခွိခွိ အသံထွက် ရယ်ရသည်က များသည်၊ တချို့ကျတော့ ဖတ်ရင်း ပြုံးမိသည်၊ တချို့ကျတော့ ဖတ်ရင်းချက်ချင်း မရယ်ရဘဲ တွေးပြီးမှ တစိမ့်စိမ့် ပြုံးရသည်၊ ကွယ်လွန်ပြီးသူများ အကြောင်း ရေးထားသော အမှတ်တရ စာစုများကိုပင် သူက ဟာသလေးနှော၍ အမှတ်တရ ဖြစ်စေသည်။ ကွယ်လွန်ပြီးသူများကို ဟာသ ဖောက်ခြင်း၊ သောခြင်း မဟုတ်ဘဲ၊ ချစ်စရာ ကောင်းအောင်၊ ဂုဏ်မြောက်အောင် ရေးတတ်သော ဆရာ့ကလောင်စွမ်း ဖြစ်ကြောင်း စာဖတ်သူ အများသိပါသည်။

စာအားလုံးကတော့ ရယ်စရာများ မဟုတ်ကြ၊ တချို့ စာများမှာ လေးလေးနက်နက် တွေးရသည်များ ပါဝင်သည်၊ သို့သော် နားမလည်နိုင်လောက်အောင် လေးပင်ခြင်းမရှိ၊ ဆရာမင်းလူ၏ မူအတိုင်း တခြားသူ မတွေးမိသော၊ တခြားသူ ထင်မထားသော ရှုထောင့်အသစ် တခုမှ ရေးပြခြင်းသာ၊ အထူးသဖြင့် ဆရာ့ ကဗျာများမှာ လေးလေးနက်နက် ခံစားရေးဖွဲ့ထားကြောင်း တွေ့ရပါသည်။

ဤစာတအုပ်လုံးကို ခြုံ၍ဆိုရသော် တစိမ့်စိမ့်တွေးရယ်၊ အသံထွက်ရယ်၊ ဖတ်ရင်းပြုံးရသည်က များပါသည်။

အဖွင့်ကဗျာကတော့ လုံးဝ မရယ်ရပါ။ မရယ်ရသည့် အပြင် … စာအုပ်ကို ဆက်ဖတ်သွားပြီး တလျှောက်လုံး ရယ်လိုက် ပြုံးလိုက် လုပ်ရင်း အဲဒီကဗျာကို ပြန်လှန် ဖတ်မိသည်အထိ ကျမ အပေါ် လွှမ်းမိုးသွားသည်။ ဝတ္ထုတပုဒ်ကို ဖတ်လိုက် ရယ်လိုက်၊ ပြီးတော့ အဲဒီကဗျာကို ပြန်ဖတ်လိုက် ဝမ်းနည်းလိုက်၊ အက်ဆေးတပုဒ် ဖတ်လိုက် ပြုံးလိုက်၊ ပြီးတော့ အဲဒီကဗျာ အကြောင်း ခေါင်းထဲရောက်လာလိုက် စိတ်မကောင်း ဖြစ်လိုက်၊ ဆောင်းပါးတပုဒ် ဖတ်လိုက် ပြန်ရယ်လိုက်နှင့် ကျမ တယောက်တည်း အလုပ်ရှုပ်နေခဲ့ရသည်။

အဲဒီအဖွင့် ကဗျာနာမည်က King Of The Set ဟု အင်္ဂလိပ်လို ပေးထားသည်။ ဆရာမင်းလူ၏ အစ်ကိုကြီး ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်) အကြောင်း အမှတ်တရ ရေးထားသည့် ကဗျာ၊ အဖေတူသားကြီး ဟူ၍ ဖွဲ့ထားသည့် ကဗျာ၊ အဖေတူတာတောင် ဘယ်လောက်အထိ တူလိုက်သလဲ ဆိုလျှင် သူတို့အဖေ ဒါရိုက်တာ စာရေးဆရာကြီး ဦးသာဓုက အဆုပ်ကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သည်၊ သားကြီးဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏကလည်း အဆုပ်ကင်ဆာဖြင့် ကွယ်လွန်သည်တဲ့။ ဒီကဗျာကို ရေးနေချိန်မှာ ဆရာမင်းလူတယောက် သူကိုယ်တိုင် အဖေတူသား၊ အစ်ကိုတူ ညီတယောက် ဖြစ်မှန်း သိခဲ့ပုံမရ။ သူက အကယ်ဒမီရ ဒါရိုက်တာတယောက် မဖြစ်ခဲ့သော်လည်း အဖေနှင့် အစ်ကိုများလို နိုင်ငံကျော် ပြည်သူချစ်သည့် စာရေးဆရာကြီး တဦး ဖြစ်ခဲ့သည် မဟုတ်လား၊ ပြီးတော့ သူသည်လည်း အဆုပ် ကင်ဆာဖြင့်သာ ကွယ်လွန်ခဲ့သည် မဟုတ်လား။ ကဗျာကို ဖတ်ပြီး အဲဒီအကြောင်းအရာကို တွေးမိကာ ကျမ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိခြင်းပင်။

ဤစာအုပ်ကို မဂ္ဂဇင်းဟု အမည်တပ်ထားသော်လည်း အယ်ဒီတာ့အာဘော် မပါရှိပါ။ စာအုပ် ကျောဖုံး၌ ဆရာမင်းလူ၏ လက်ရေးဖြင့် ရေးသားထားဖော်ပြထားသော “ဤစာအုပ်သည် နိုင်ငံရေးကင်းရှင်းကြောင်း ဝန်ခံကတိ ပြုပါသည်” ဆိုသည့် စာတန်းကိုသာ အယ်ဒီတာ့ အာဘော် သို့မဟုတ် အယ်ဒီတာ့ သရော်စာဟု ယူဆလိုက်ပါသည်။

ဒီစာအုပ်တအုပ်လုံးကို ဖတ်ပြီးချိန်တွင် စာအုပ်နှင့် အလိုက်ဖက်ဆုံး စကားလုံး တလုံးကို ကျမ စဉ်းစားမိသည်။ ဆရာမင်းလူ၏ အစ်ကို ဒါရိုက်တာ မောင်ဝဏ္ဏ သူ့သားကြီးဖြစ်သူ ပြေဇင်ကို မင်းသားတင် ရိုက်ခဲ့သည့် ဇာတ်ကား တကား နာမည် “လွမ်းအောင်ရယ်တတ်သူ” ကနေ ဆင့်ပွားကူးချ အသုံးပြုကြောင်း ဝန်ခံပါသည်။

ဤစာအုပ်ကို “လွမ်းအောင် ရယ်ရတဲ့ စာအုပ်” ဟူ၍ စာတကြောင်းတည်းနှင့် မှတ်ချက် ပြုချင်ပါသည်။

Loading