ပြင်းရှပေါက်ကွဲတဲ့ Rock ဂီတဟန်တွေ ထုံမွှန်းနေတဲ့ ခေတ်ကာလမှာ ချိုရှလွင်မြတဲ့ ဂီတဟန်တွေဟာလည်း ဒီကနေ့ ပရိသတ်တွေကြားမှာ ခေတ်စားလို့နေခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်ပရိသတ်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် ဂီတ Album တချပ်ဟာလည်း သိပ်မကြာသေးခင်ကာလက ထွက်ပေါ်လို့ လာခဲ့လေရဲ့။
အဲဒီ Album ဟာသအိုရဲ့ “သင်ခန်းစာ” Album ပဲ ဖြစ်ပါတယ်။
“ရေသောက်မြစ်” ဆိုတဲ့ Copy Album နဲ့ ထူးခြားတဲ့ Vocal အဆင့်အတန်းကို ပရိသတ်က သတိထားမိသွား ကြပြီး နောက်ပိုင်းမှာ Own Tune နဲ့ Copy ကိုရောမွှေထားတဲ့ ဒုတိယမြောက် Single ဖြစ်တဲ့ သအိုရဲ့“သင်ခန်းစာ” Album ဟာ ဒီကနေ့ လူငယ်ပရိသတ်ရဲ့ စိတ်ဆန္ဒနဲ့ တထပ်တည်းကျတဲ့ Album တချပ်ဖြစ်လို့နေခဲ့ပါတယ်။ ဒီ Album ထဲမှာပါဝင်တဲ့ သီချင်း ၁၁ ပုဒ်စလုံးက သူ့ပုံစံနဲ့သူ လှပသက်ဝင်နေသလို၊ သအိုရဲ့ Vocal Color နဲ့လည်း လိုက်ဖက်မှုရှိတာကို တွေ့ရတာကြောင့် ပရိသတ်အကြိုက်နဲ့ ကိုက်ညီမယ့် သီချင်းတချို့ကို ရွေးထုတ်ညွှန်းဖွဲ့ပေးချင်ပါတယ်။
ဒီ Album ရဲ့ အဖွင့်သီချင်းတပုဒ်ဖြစ်ပြီး လင်းလင်းရေးဖွဲ့ပေးထားတဲ့ “လွတ်လမ်း” ဆိုတဲ့သီချင်းဟာ ကြားနေကြ Rock သီချင်းတပုဒ်လို့ ဆိုနိုင်ပေမယ့် Chord Phrasing တွေရဲ့ လှပမှုနဲ့ သအိုရဲ့ Crack ပါတဲ့ Vocal Expression က ဒီ Album ရဲ့ အဖွင့်သီချင်းကောင်း အဖြစ် လှုပ်နိုးနိုင်ခဲ့ပါတယ်။ အားကောင်းတဲ့ Verse အပိုဒ်တွေရဲ့ စကားလုံး အကြောင်းအရာနဲ့ ဇော်လတ်ရဲ့ Guitar Riff တွေက သီချင်းကို ရုပ်လုံးကြွလာအောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ တချို့နေရာလေးတွေမှာ သအိုရဲ့ အာမေဋိတ်သံဆန်ဆန်သီဆို အားဖြည့်သွားတဲ့ ဆိုဟန်ကလည်း သီချင်းပုံစံနဲ့ အံဝင်မှုရှိတာကို တွေ့ရပါတယ်။ Rock သီချင်းတွေနဲ့ လိုက်ဖက်မှုရှိလှတဲ့ သအိုရဲ့ Vocal Color နဲ့ Metal Zone Band ရဲ့ သေသပ်တဲ့ Arrange ကြောင့် ဒီ Album ရဲ့ အဖွင့်သီချင်းကောင်းတပုဒ် အဖြစ် သက်ဝင်စီးဆင်းနိုင်ခဲ့ပါတယ်။
R ခိုင်ရေးတဲ့ “အားလုံးယူလိုက်ပါ” သီချင်းကတော့ Copy သီချင်းဖြစ်တဲ့အတိုင်း သီချင်းရဲ့ အားကောင်းမှုကိုတော့ ပြောစရာလိုမယ် မထင်ပါဘူး။ Copy သီချင်းတွေကို စကားလုံးထည့်ရာမှာ ပါးနပ်မှု ရှိတဲ့ R ခိုင်ရဲ့ စကားလုံး အကြောင်းအရာက သီချင်း Melody နဲ့ လိုက်ဖက်မှုရှိသလို၊ ပါရမီထူးလှတဲ့ သအိုရဲ့ Vocal Expression ကလည်း စီးစီးပိုင်ပိုင် ရှိလှပါတယ်။ Slow Rock Music ပုံစံလို့ ဆိုနိုင်ပေမယ့် Soul Music ဘက်ကို အနည်းငယ် စွက်နေတာကို တွေ့ရပါတယ်။ Ending Chorus မှာ သီဆိုထားတဲ့ High Expression နဲ့ Opera Mood ဆန်ဆန် ရွတ်ဆိုသွားတဲ့ Ending Harmony တွေရဲ့ ထူးခြားမှုကြောင့် သအိုအနေနဲ့ ရွေးချယ်မှု မှန်ကန်တဲ့ Copy သီချင်းကောင်းလေး တပုဒ်ဖြစ်ခဲ့ပါတယ်။
ဒီ Album ရဲ့ Title သီချင်းတပုဒ်ဖြစ်တဲ့ “သင်ခန်းစာ” သီချင်းဟာ အောင်ကိုမြင့်ရဲ့ လက်ရာမွန် သီချင်းတပုဒ်ပါ။ ဒီနေ့ခေတ် လူငယ် တေးရေးဆရာတွေ ထဲမှာ နာမည်ရလာတဲ့ အောင်ကိုမြင့်ရဲ့ Own Tune လက်ရာဖြစ်ပြီး Album Title အဖြစ်တင်ဖို့ အရည်အသွေးပြည့်မီတဲ့ သီချင်းပုံစံမျိုးလည်း ဖြစ်ပါတယ်။ အချစ်သီချင်းအကြောင်းကို ရှုထောင့်တမျိုးက ရေးဖွဲ့သွားတဲ့ စကားလုံးတွေက ရိုးရိုးလေးနဲ့ အဓိပ္ပာယ်ရှိသလို သီချင်းပုံစံနဲ့ လိုက်ဖက်အောင် သီဆိုသွားတဲ့ သအိုရဲ့ Vocal ကလည်း သီချင်းအပေါ် ခံစားမှု ပိုမိုအားကောင်းစေခဲ့ပါတယ်။ Chord Phrasing တွေရဲ့ လှပသက်ဝင်မှု၊ Melodic ဖြစ်လှတဲ့ သီချင်း Frame၊ Metal Zone ရဲ့ သေသပ်တဲ့ Arrange ၊ မှော်ပါတဲ့ သအိုရဲ့ Expression နဲ့ အောင်ကိုမြင့်ရဲ့ အားကောင်းတဲ့ စကားလုံးတွေကြောင့် ဒီ Album ရဲ့ “ပေါက်” သီချင်းတပုဒ်ဆိုရင် မှားမယ်မထင်ပါဘူး။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ တေးရေး ကေအေတီရေးတဲ့ “မင်းလေးရှိမှပြည့်စုံ” သီချင်းမှာတော့ သအိုရဲ့ Vocal ပညာပါရမီ ထူးခြားမှုကို မြင်တွေ့နိုင်မှာပါ။ မူရင်းသီချင်းရဲ့ အားကောင်းမှုအပြင် Mood နဲ့ Expression ကို ဟာမိုနီဖြစ်အောင် သီဆို သွားနိုင်မှုက သီချင်းအပေါ် တိမ်းမူး စေနိုင်ခဲ့ပါတယ်။ Copy အချစ်သီချင်းကောင်းလေး တွေကို စကားလုံးသွပ်ရာမှာ စကားလုံး အနုအရွလေးတွေကို ရွေးချယ်တတ်တဲ့ သမ္ဘာရင့် သီချင်းရေးဆရာ ကေအေတီရဲ့ စကားလုံး အကြောင်းအရာပေါ် ဆယ်ကျော်သက် လူငယ်အများစု ခံစား နှစ်သက်ကြမှာဖြစ်သလို၊ Chorus အပိုဒ်တွေမှာ အသက်ရှုသံ (Breath Power) နဲ့ သီဆိုသွားတဲ့ သအိုရဲ့ Vocal Expression ကလည်း ထိထိမိမိရှိလှတာမို့ Copy အချစ် သီချင်း အေးအေးလေးတွေကို နှစ်သက်ကြတဲ့ လူငယ်များ အကြိုက်တွေ့ ကြမယ့် သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
သအိုကိုယ်တိုင် စကားလုံးသွပ်ထားတဲ့ “င့ါဘ၀ အတွက်မင်း” သီချင်းဟာ Carrying လို့ အမည်ရတဲ့ Vertical Horizon အဖွဲ့ရဲ့ Copy သီချင်းတပုဒ်ဖြစ်ပါတယ်။ စကားလုံးပိုင်းအရ ထူးခြားမှုမရှိပေမယ့် မူရင်းအဆိုရှင်ရဲ့ Vocal Color နဲ့ သအိုရဲ့ Vocal Color က တချို့နေရာတွေမှာ အနည်းငယ် ဆင်တူနေတာကို သတိထားမိစေခဲ့ ပါတယ်။ မူရင်းသီချင်းပုံစံကိုက Melodic ဖြစ်တဲ့ သီချင်းကောင်းတပုဒ် ဖြစ်နေတာမို့၊ ဒီသီချင်းကို လူငယ်အများစု အကြိုက်တွေ့ကြဦးမှာမလွဲပါပဲ။ ဒါ့အပြင် “ငါချစ်သောသူ” သီချင်းကလည်း Music Style ဆန်းတဲ့ သီချင်းတပုဒ်ပါ။ အချစ်အကြောင်းအရာတွေကိုပဲ ချစ်စရာ ကောင်းအောင် ရေးဖွဲ့ထားတဲ့ အောင်ကိုမြင့် ရဲ့ စကားလုံးရွေးချယ်မှုနဲ့ Melodic ဖြစ်လှတဲ့ Chord Phrasing တွေက ဒီသီချင်းကို လှပစွာ သက်ဝင်လှုပ်ရှား စေနိုင်ခဲ့ပါတယ်။ သီချင်းပုံစံနဲ့ လိုက်ဖက်လှတဲ့ သအိုရဲ့ Vocal Expression နဲ့ ဇော်လတ်ရဲ့ Guitar Riff တွေကလည်း ဒီသီချင်းကို ပိုမိုစွဲမက်ဖွယ် ဖြစ်စေခဲ့ပါတယ်။ နုရွတဲ့ စကားလုံး၊ လူငယ်ကြိုက် အချစ်အကြောင်း အရာနဲ့ ဆန်းသစ်တဲ့ Music Style မျိုးဖြစ်တာကြောင့် ဒီ Album ရဲ့ “ပေါက်” သီချင်းတွေထဲမှာ တပုဒ်အပါအဝင် လို့ဆိုရမှာပါ။
အငဲရေးတဲ့ “မြိုသိပ်ခြင်း” သီချင်းကလည်း သအိုရဲ့ ပရိသတ်များ သေချာပေါက် အကြိုက်တွေ့ကြမယ့် Copy သီချင်းတပုဒ်ပါ။ သီချင်း Flow က အမျောပုံစံလေးဖြစ်ပြီး စကားလုံး အကြောင်းအရာကလည်း အလွမ်းဘက်ကို ယိမ်းတဲ့ အကြောင်း အရာမျိုးဖြစ်သလို၊ သီချင်း Flow နဲ့ စကားလုံး အကြောင်းအရာ ကလည်း လိုက်ဖက်မှု ရှိတာကို တွေ့ရ ပါတယ်။ အချစ်အကြောင်းအရာ အရေးကောင်းတဲ့ Copy တေးရေးတွေဲထဲမှာ အငဲဟာလည်း တဦးအပါအဝင် ဖြစ်တာမို့ ဒီသီချင်းမှာ အငဲ ရေးဖွဲ့ထားတဲ့ စကားလုံးတွေရဲ့ အားကောင်းမှုကိုလည်း တွေ့ရပါ တယ်။ Chorus အပိုဒ်တွေမှာ ဆိုသွားတဲ့ Expression နဲ့ Mood ပါ သေသပ်လှတဲ့ သအိုရဲ့ Vocal နဲ့ အငဲရဲ့ စကားလုံး နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ လူငယ် ပရိသတ်တွေရဲ့ ရင်ကိုစွဲစွဲမြဲမြဲ ဝင်ရောက်စူးနစ်စေမယ့် Copy သီချင်းကောင်းလေး တပုဒ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် “ဘာဖြစ်ဖြစ်” သီချင်းကလည်း မြန်မာပြည် ရင်ခွင်နဲ့ ဝေးကွာနေတဲ့ မောင်မောင်ဇော်လတ် အလွမ်းပြေ လက်ရာ တပုဒ်ဖြစ်ပါတယ်။ သီချင်း ပုံစံရိုးစင်းပေမယ့် ထူးခြား တဲ့အကျိုးပြု သီချင်းကောင်းတပုဒ်ပါ။ ဒီသီချင်းရဲ့ ထူးခြားချက်က Group Song ပုံစံအဖြစ် သအိုနဲ့အတူ G-latt နဲ့ ဟန်ထွန်းတို့က ပါဝင်အားဖြည့် ကူညီသီဆိုပေးထားကြတာပဲ ဖြစ်ပါတယ်။ သီချင်းရေးဖွဲ့ဖန်တီးမှုမှာ အတွေ့အကြုံ သမ္ဘာရင့်နေပြီဖြစ်တဲ့ မောင်မောင်ဇော်လတ်ရဲ့ လက်ရာမွန် သီချင်း တပုဒ်ဖြစ်သလို ထူးခြားတဲ့ Vocal Color တမျိုးစီ ပိုင်ဆိုင်ထားကြတဲ့ အဆိုရှင် ၃ ဦးက လည်း သီချင်းပုံစံနဲ့ အံဝင်အောင် ထိထိမိမိ သီဆို သွားနိုင်တာမို့ တခြားသီချင်း ပုံစံတွေထဲက ခွဲထွက်နိုင်ခဲ့တဲ့ ဒီ Album ရဲ့ အပိတ်သီချင်း ကောင်းလေး တပုဒ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီ Album ဟာ အဝေးရောက်နေတဲ့ မောင်မောင်ဇော်လတ်နဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ကေအေတီတို့ရဲ့ အလွမ်းပြေ လက်ရာမွန်တွေပါဝင်တဲ့ တေး Album တချပ်ဖြစ်တာမို့ လူငယ်ဂီတ ပရိသတ်များ သိမ်းဆည်းနားဆင်သင့်တဲ့ Rock Album တချပ်ဖြစ်ပါကြောင်း ညွန်းဖွဲ့ဖော်ပြလိုက်ရပါတယ်။ ။