တချိန်က နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေ၊ နိုင်ငံခြားမှာ နှစ်ရှည်လများ သွားရောက်နေထိုင်ကြတဲ့ အဆိုတော်တွေ၊ တချိန်က နာမည်ကြီးပေမယ့် လက်ရှိ ဂီတဈေး ကွက်ကြောင်း စီးရီးအခွေမထွက်နိုင်သူတွေ၊ တချိန်ကကော၊ လက်ရှိမှာပါ နာမည်ကြီးနေသေး သူတွေဟာ အမျိုးမျိုး အဖုံဖုံသော စီစဉ်မှုတွေနဲ့၊ ဂီတသက်တမ်း ဘယ်လောက်ပြည့်၊ တချို့လည်း မွေးနေ့၊ တချို့လည်း ဘာအမှတ်တရ၊ ဘယ်သူ ဘယ်ဝါ အမှတ်တရ စသည်ဖြင့် တကိုယ်တော် ဖျော်ဖြေပွဲတွေ ကျင်းပကြတာ လစဉ်လစဉ် မပြတ်သလောက်ပါပဲ။
အဲဒီလို ကျင်းပရာမှာ တကိုယ်တော် ဖျော်ဖြေပွဲလို့ ဆိုပေမယ့် တခြားအဆိုတော်တွေကို ဖိတ်ကြားပြီး ပေါင်းစည်း သီဆိုကြတာ ရှိသလို၊ တချို့လည်း တခြားအဆိုတော် နည်းနည်း အားဖြည့်၊ ကိုယ်တိုင်က များများဆို၊ တချို့လည်း ပါဖောမန့် များများထည့် စသည်ဖြင့် တဦးနဲ့ တဦး မထပ်ရအောင်၊ မတူရအောင်၊ ကွဲလွဲအောင် ကြံစည် တင်ဆက် ကြပါတယ်။
အခု လာမယ့် မေလဆန်းပိုင်းမှာတော့ တပတ်ပဲခြားပြီး တကိုယ်တော် ဖျော်ဖြေပွဲ ၂ ပွဲ ကျင်းပဖို့ရှိပါတယ်။ အဲဒါကတော့ အဆိုတော်ကြီး မာရဇ္ဇရဲ့ အနှစ် ၂၀ အတွင်း ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲနဲ့ အဆိုတော် စည်သူလွင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲတို့ပါပဲ။
အဆိုတော်မာရဇ္ဇရဲ့ အနုပညာသက်တမ်းနှစ် ၂၀ မှာ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲကို မေလ ၃ ရက်နေ့ ည ၇ နာရီ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး တကိုယ်တော် ဖျော်ဖြေပွဲလို့ အမည်ပေးထားတဲ့ အတိုင်း တခြား ဘယ် အဆိုတော်မှ မပါဝင်ဘဲ သူတဦးတည်းသာ ပရိသတ်ကို ဖျော်ဖြေတင်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် တကိုယ်တော် ဖျော်ဖြေပွဲကို အကြောင်း အမျိုးမျိုးကြောင့် မလုပ်ဖြစ်တာပါ။ အခု ဒီပွဲလေး လုပ်ရတဲ့ အကြောင်းကတော့ ဘာရည်ရွယ်ချက်မှ မပါပါဘူး၊ မွေးနေ့ပွဲလည်း မဟုတ်ပါဘူး၊ ကျနော် လုပ်သင့်လုပ်ထိုက်လို့ လုပ်တာလို့ပဲ သတ်မှတ်စေချင်ပါတယ်။ ကျနော် ဖြတ်သန်းခဲ့တဲ့ နှစ် နှစ်ဆယ်မှာမှ ဒီပွဲက ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ ကျနော့်ကို နှစ်နှစ်ဆယ်လုံး အားပေးခဲ့တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ တနေရာတည်းမှာ တပေါင်းတစည်းတည်း ဖျော်ဖြေသီဆိုပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကို စီစဉ်ခဲ့တာပါ” လို့ မာရဇ္ဇက ဧရာဝတီကို ပြောပါတယ်။
အဲဒီပွဲမှာ မာရဇ္ဇက သီချင်းအပုဒ် ၃၀ လောက် ဆိုဖို့ စီစဉ်ထားပြီး သူ့ရဲ့ ကိုယ်ပိုင်သီချင်းတွေပဲ ဆိုမှာလို့ သိရပါတယ်။
“တပုဒ်ကတော့ ကျနော် အင်မတန်ဆိုချင်သော၊ ကျနော် အင်မတန်ချစ်သော၊ လေးစားသော ကိုလွှမ်းမိုးရဲ့သီချင်း၊ ကျနော် ဆိုချင်တာရော၊ သူ့ကို ဂုဏ်ပြုချင်တာရော၊ ပရိသတ်က တောင်းဆိုတာရောကြောင့် ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ သီချင်းလေး ကိုတော့ သီဆိုမှာဖြစ်ပါတယ်။ ကျနော့် ပွဲခေါင်းစဉ်က မာရဇ္ဇ One Man Show ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တယောက်တည်း ဖျော်ဖြေမှာဖြစ်ပါတယ်။ ကျနော် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး၊ ဘယ်သူ့ကိုမှ ခေါ်မဆိုပါဘူး။ သူများတွေကိုလည်း ပုတ်ခတ်တာ မဟုတ်ပါဘူး၊ ကျနော်အကျၤ ီလည်း ခဏခဏ မလဲပါဘူး။ ဒါက ကျနော်အဟြေချင်ဆုံး ကိစ္စတခုပါ။ ကျနော့်ရဲ့ Music Band ဖြစ်တဲ့ Break Through ဆိုတဲ့ Band လေးနဲ့ ဖျော်ဖြေမှာပါ။ ကျနော် အင်မတန် လေးစားရတဲ့ Player များလည်း ပါပါတယ်။ ကျနော့်ရဲ့ ပရိသတ်တွေကို လာရောက် အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ အဆိုတော် မာရဇ္ဇက ဟြေခဲ့ပါတယ်။
အဆိုတော်မာရဇ္ဇရဲ့ One Man Show ကို အားပေးချင်တဲ့ပရိသတ်တွေ အတွက် လက်မှတ်တွေကိုတော့ Ko Ko Beauty Saloon ၊ မန်းသီရိတေးသံသွင်းနဲ့ 1876 Call Center တွေမှာဝယ်ယူနိုင်ပြီး လက်မှတ်ဈေးနှုန်း တွေကတော့ ၂၀၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်နဲ့ ၇၀၀၀ ကျပ် အသီးသီးဖြစ်ကြောင်း သိရပါတယ်။
အလားတူပဲ အဆိုတော် စည်သူလွင်ကလည်း သူ့ရဲ့ အမှတ်တရ Live Show ကို မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီမှာ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
စည်သူလွင်နဲ့အတူ အဲလက်စ်၊ တင်ဇာမော်၊ အိမ့်ချစ်၊ နေနေ၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် တို့က ပါဝင်အားဖြည့် ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။
ဒီလိုတကိုယ်တော်ရှိုး ပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး အဆိုတော်စည်သူလွင်က “ကျနော် အခွေမထွက်တာလည်း ကြာပြီ၊ ပွဲတွေ မဆိုဖြစ်တာလည်း ကြာပြီဆိုတော့ အားလုံးနဲ့ အဆက်ပြတ်သလို ဖြစ်နေပါတယ်။ ဒီပွဲလေး စလုပ်ဖြစ်တဲ့ အကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လုပ်မယ်ဆိုပြီး စဉ်းစားပါတယ်။ အကြောင်းကြောင်းကြောင့် ဟိုရွှေ့ဒီရွှေ့ ရွှေ့ရင်းနဲ့ပဲ အခုအချိန်မှ လုပ်ဖြစ်တာပါ။ ကျနော်က တခုခုလုပ်မယ်ဆိုရင် စဉ်းစားနေတာက တော်တော်ကြာပါတယ်။ အခု ဒီပွဲလုပ်ဖြစ်တာက ကျနော့်ဇနီး နွယ်မာကျော်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူက ကျနော့်ကို နောက်ကနေ အများကြီး ဝိုင်းပြီး တွန်းအားပေးပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း အများကြီး ဝိုင်းတွန်းအား ပေးကြလို့ ဒီပွဲကို အခုလိုမြန်မြန်လေး လုပ်ဖြစ်သွားတာပါ” လို့ စည်သူလွင်က ဧရာဝတီကို ပြောပါတယ်။
ဒီပွဲကို Plus Three Band ကနေ တီးခတ်ပေးမှာဖြစ်ပြီး အဆိုတော် ဆောင်းဦးလှိုင် ခရီးသွားနေတာ ဖြစ်တဲ့အတွက် ဒီပွဲမှာ ၁၉း၁၈ ထဲက သီချင်းတွေကို စည်သူလွင်နဲ့ အဲလက်စ် နှစ်ယောက်တည်း သီဆိုမယ်လို့ သိရပါတယ်။
“ကိုဆောင်းဦးက သူမပါဝင်နိုင်တာကို အားလုံးကို မေတ္တာရပ်ခံပေးဖို့ ကျနော့်ကို သေချာမှာခဲ့ပါတယ်။ Harmony ကတော့ Everglade Harmony အဖွဲ့က ပါဝင်ကူညီမှာပါ။ ကျနော့်ပွဲလေးကို အားလုံးက ဝိုင်းကူညီလို့သာ လုပ်ဖြစ်တာပါ။ ကျနော်ကအနုပညာအလုပ်တခုထဲကိုပဲ အာရုံစိုက်ပြီးလုပ်နိုင်ပါတယ်၊ ကျန်တာတွေကတော့ ကျနော့်သူငယ်ချင်းတွေကပဲ ဝိုင်းကူညီကြတာပါ၊ ဒါကြောင့်ကျနော့်သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အဓိကလုပ်ဖြစ်တာက ကျနော်တို့အရွယ် သက်လတ်ပိုင်းတွေ ကြည့်စရာပွဲ တော်တော်နည်းပါတယ်၊ လူငယ်တွေ ကြည့်စရာ ပွဲကတော့ များပါတယ်၊ ဒါကြောင့် ကျနော်က ကျနော်တို့အရွယ်တွေ ကြည့်ခွင့်ရမယ့် ပွဲလေးတခုကို စီစဉ်တာလည်း ဖြစ်ပါတယ်။ ကျနော့် ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေး ဆုံကြမယ်၊ သီချင်းတွေကို အကောင်းဆုံး ဖြစ်အောင် ဆိုပြမယ်၊ အဓိကကတော့ ပရိသတ်သိပြီးသား၊ ရပြီးသား သီချင်းလေးတွေကိုပဲ ရွေးပြီး သီဆိုဖျော်ဖြေမှာပါ။ စုံတွဲ သီချင်းလေးတွေ ဆိုဖို့အတွက်လည်း ကျနော့် သူငယ်ချင်းတွေ၊ ကျနော့် အနုပညာ ညီမလေးတွေကို ပါဝင်စေခဲ့တာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီညချမ်းလေးကို ဖြတ်သန်း ချင်ပါတယ်၊ ကျနော့် ပရိသတ်တွေကလည်း အားပေးကြဖို့ ကျနော် ဖိတ်ခေါ်ချင်ပါတယ်” လို့ စည်သူလွင်က ဆက်ပြောပါတယ်။
စည်သူလွင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို ကြည့်ရှုအားပေးလိုသူ ပရိသတ်တွေ အတွက် လက်မှတ်တွေကို Y Talk Call Center များ၊ မန်းသီရိ တေးသံသွင်းနဲ့ Ko Ko Beauty Saloon တွေမှာ ဝယ်ယူရရှိနိုင်ပြီး ၂၀၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်နဲ့ ၇၀၀၀ ကျပ် အသီးသီးဖြစ်ကြောင်း သိရပါတယ်။