ဂီတဖြင့် လိုက်လံ အလှူခံကာ ရရှိလာသည့် ငွေးကြေးများဖြင့် အရေးပေါ် အကူအညီ လိုအပ်လျက်ရှိသည့် ဒုက္ခသည် စခန်းများသို့ ဇွန်လတွင် သွားရောက်လှူဒါန်းသွားမည်ဟု The Action Times Foundation မှ ဥက္ကဋ္ဌ ဦးဝင်းမော်က ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် မိုးတွင်းကာလ ကျရောက်ချိန် ဖြစ်သောကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းကြောင့် ၎င်းနေရာများသို့ အဓိက သွားရောက်၍ လှူဒါန်းသွား မည်ဟု သိရသည်။
ဦးဝင်းမော်က “အခုထပ်ဖြစ်တဲ့ စစ်ပွဲတွေကြောင့် အခုမှ ထပ်ပြီး ဒုက္ခရောက်နေတဲ့ လူတွေအတွက် အသစ်လို ဖြစ်နေပါတယ်။ မန်ဝိုင်းကြီး ဒုက္ခသည် စခန်းမှာဆိုရင် မိုးရွာတော့ ရေကြီးနေတယ်။ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီ။ အဲဒီလူတွေအ တွက် UN ၊ UNICEF တို့လို ပြည်တွင်း ပြည်ပ NGO အဖွဲ့အစည်းတွေက ကူညီမှုတွေ သိပ်မတွေ့ရသေးဘူး။ အဲဒါကြောင့် အခုလို လက်တလော လိုအပ်တဲ့ နေရာတွေကို သွားရောက်ကူညီပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ သွားရောက်ရာတွင် The Action Times Foundation က အဓိက ဦးဆောင်ကာ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်၊ ရွှေသံစဉ် တေးဂီတ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကာ လမ်းခရီးတလျှောက် ဂီတဖြင့် ဖျော်ဖြေမှုများပြုလုပ်၍ အလှူငွေ ရှာဖွေသွားမည်ဟု သိရသည်။ ထိုမှ ရရှိသော ငွေကြေးများအား ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်မှ ဦးရဲလွင်က “ပြည်သူ့ထံမှ ပြည်သူ့ထံသို့ ဆိုတဲ့ ကျတော်တို့ရဲ့ ရည်ရွယ်ချက် နဲ့ပဲ ဂီတနဲ့ ဖျော်ဖြေပြီး ရလာတဲ့ အလှူငွေကို လတ်တလော အရေးပေါ် လိုအပ်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လှူဒါန်းမှာပါ” ဟု ဆိုသည်။
၎င်းတို့အနေဖြင့် ယခုလ ဒုတိယပတ်ခန့်က ရန်ကုန်မြို့တွင်း ဂီတဖြင့် လှည့်လည်ဖျော်ဖြေ၍ အလှူငွေရှာဖွေခဲ့ရာ ငွေကျပ် ၆၄ သိန်းခန့် ရရှိခဲ့ပြီး ခရီးစဉ်တလျှောက်တွင်လည်း ထပ်မံ၍ အလှူငွေ ရှာဖွေသွားမည်ဟု သိရသည်။
ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့ များတွင် ဆက်လက်ဖျော်ဖြေကာ နမ့်ခမ်း ဒေသတဝိုက်ရှိ ဒုက္ခသည် စခန်းများသို့ ရရှိလာမည့် အလှူငွေများအား လှူဒါန်း သွားကြမည် ဖြစ်သည်။
၎င်းတို့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်းက ကချင်ပြည်နယ်ရှိ လိုင်ဇာနှင့် ဂျေယန်း ဒုက္ခသည် စခန်းများသို့ သွားရောက်၍ ဂီတဖြင့် ဖျော်ဖြေမှုသာ ပြုလုပ်ပေးနိုင်ခဲ့သည်ဟု သိရသည်။
အလားတူ ဘာသာရေး လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ဒေသသို့လည်း ဂီတဖြင့် သွားရောက်ဖျော်ဖြေနိုင်ရန် အတွက် သက်ဆိုင်ရာ ဒေသန္တရ အစိုးရ တာဝန်ရှိသူများထံသို့ တင်ပြထားသည်ဟု သိရသည်။