မကြာခင် ကျရောက်လာတော့မယ့် လေးနှစ်မှတကြိမ် ကျင်းပနေကျ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို ဘရားဇီးနိုင်ငံမှာ ဇွန်လ ၁၂ နေ့ကနေ စတင်တော့မှာပါ။
မစပ်စုတို့ မြန်မာနိုင်ငံမှာလည်း ဒီလို လေးနှစ်မှ တကြိမ်ပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို ကြည့်ရှုနိုင်ဖို့ရန် ပြည်သူတွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့် တခုရှိတာက ဒီကမ္ဘာ့ဖလားပွဲတွေကို မစပ်စုတို့ မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်တယ် ဆိုတဲ့ ခေတ် နောက်ပိုင်းက စလို့ ဖရီးချယ်နယ်တွေက ကြည့်လို့မတော့တာ အားလုံးအသိပါ။
အခုကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် မှန်သမျှမှာ မြန်မာနိုင်ငံမှာ ပြသမယ့် မူပိုင်ခွင့်ကို စကိုင်းနက် (Sky Net) ရုပ်သံလိုင်းကနေ အပြတ် ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ဖလားဘောလုံး ပွဲစဉ်တွေကို ကြည့်ရှုခံစားချင်တယ် ဆိုရင် အိမ်တိုင်းအိမ်တိုင်းမှာ စကိုင်းနက် ရုပ်သံလိုင်းတွေ တပ် ထားမှဖြစ်မယ်နော်လို့ ကြော်ငြာဝင်ရမလိုဖြစ်နေပါပြီ။
ဒီလိုအခြေအနေမှာ ကမ္ဘာ့ဖလားပွဲစဉ်များရဲ့ အဓိက ပွဲစဉ်တွေဖြစ်တဲ့ ဆီမီး ဖိုင်နယ်ပွဲစဉ်များ၊ တတိယ နေရာလုပွဲနဲ့ ဖိုင်နယ်ပွဲစဉ်ကို ရန်ကုန်မြို့က ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အခမဲ့ ကြည့်လို့ရမယ့် အစီအစဉ်တခု ရှိတယ်ဆိုတဲ့ သတင်းကိုတော့ သဲ့သဲ့ကြားလိုက်ရပါတယ်။ အဲဒီ အစီအစဉ်တွေကို ဘယ်သူလုပ်ပေးမှာလဲ၊ ဒီလို ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးပွဲစဉ် ၄ ပွဲသာမက တခြားပျော်ရွှင်စရာ အစီအစဉ်တွေပါ ကြည့်ရှုခံစားနိုင်မယ် ဆိုတာကလည်း ပါသေးတယ် ဆိုတော့ … ဒီကိစ္စနဲ့ ပတ်သက်ပြီး စီစဉ်သူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဦးဇာဂနာနဲ့ မေးမြန်း ကြည့်လိုက်တဲ့အခါမှာ
“မျှော်စင်ကျွန်းထဲမှာ ကမ္ဘာ့ဖလား ဘောလုံးနောက်ဆုံးပွဲစဉ် ၄ ပွဲကို ပြည်သူတွေကို အခမဲ့ပြမယ်။ LED နဲ့ ပြမယ်။ LED ရော ပရိုဂျက်တာတွေရော အများကြီး ထိုးပေးထားမယ်။ အဓိကက အကြိုဗိုလ်လုပွဲ ၂ ပွဲ၊ တတိယနေရာ လုပွဲ ၁ ပွဲရယ်၊ ဗိုလ်လုပွဲရယ်။ အဲဒါ ဘယ်နေ့တွေဖြစ်မလဲဆိုတော့ ဇူလိုင် ၈၊ ၉၊ ၁၂၊ ၁၃ ကျတယ်။ အဲဒီ ၄ ရက်မှာ အငြိမ့်တွေပါထည့်မယ်၊ လူတွေ ပိုစိတ်ဝင်စားသွားအောင် ဘောလုံးပွဲတွေက နည်းနည်း နောက်ကျတဲ့အတွက် ဘောလုံးမကန်ခင်မှာ အငြိမ့်ကမယ်။ အငြိမ့်ကပြီးတော့ ပြည်သူတွေကို HIV အတွက်ဆိုပြီး ပညာပေးမယ်၊ PSI နဲ့ ပေါင်းပြီးတော့ လုပ်မယ်။ ပြီးရင်ဘောလုံးပွဲပြမယ်။ ဘောလုံးပွဲက တခါတည်း တိုက်ရိုက်ပြမှာပါ” လို့ ပွဲအစီအစဉ်နဲ့ ပတ်သက်လို့ ပြောပါတယ်။
ပါဝင်ဖျော်ဖြေပေးကြမယ့် အငြိမ့်အဖွဲ့တွေကတော့ မြန်မာပြည်စတားအဖွဲ့၊ ဒီစတားအဖွဲ့၊ ဟား ငါးကောင်အဖွဲ့၊ သီးလေးသီး အဖွဲ့တို့ဖြစ်ကာ ဒီ အငြိမ့်ပွဲစဉ်တွေကိုပါ တခါတည်း စကိုင်းနက်ကနေ Live တိုက်ရိုက် ထုတ်လွှင့်ပြသမှာပါ။ ဆိုတော့ စကိုင်းနက်ကနေ ကြည့်ရှုနေမယ့် ပရိသတ်တွေ အနေနဲ့ကလည်း အငြိမ့်လည်း ကြည့်ရမယ်၊ ဘောလုံးပွဲလည်း ကြည့်ရမယ် ဆိုပါတော့..။
“ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ဖလားပွဲက လူတိုင်းကြည့်ချင်မှာပဲလေ။ ဒါပေမယ့် လူတွေ တော်တော်များများ ပြောကြတယ် မဟုတ်လား။ သူတို့မှာ စကိုင်းနက် မရှိလို့ မကြည့်ရပါဘူးဆိုတဲ့ သူတွေကျ ဘယ်လို လုပ်မလဲ။ လေးနှစ်မှ တကြိမ် လာတဲ့ ဒီကမ္ဘာ့ဖလား ဘောလုံးပွဲကိုကြည့်ရရှာမယ့် ပြည်သူတွေ သူတို့ကြိုက်သလောက် ကြည့်လို့ရအောင် အခမဲ့ပြပေးမှာလေ။ ဒါပေမယ့် ပြည်သူတွေ လာတဲ့ အခါကျတော့ ဘောလုံးပွဲ အစအဆုံးကန်တဲ့ အချိန်က ပထမပိုင်း ၄၅ မိနစ်၊ ဒုတိယပိုင်း ၄၅ မိနစ် ၁ နာရီခွဲစာ ကြည့်ဖို့အတွက်ကို ဘရားဇီးက အချိန်နဲ့ မြန်မာပြည်က အချိန်က ရှေ့နောက် ၁၂ နာရီလောက် ကွာတယ်။ ဘရာဇီးမှာ ဘောလုံးကန်တဲ့ အချိန်ကို ဒီက လူတွေက ညအစောကြီးတည်းက ဘောလုံးပွဲ ကြည့်ဖို့အတွက် ငုတ်တုတ်ကြီး လာထိုင်စောင့်နေရရင် မပျင်းဘူးလား။ အဲဒီတော့ ဘောလုံးပွဲမကန်ခင်မှာ အငြိမ့်ကပြလိုက်တဲ့ သဘောပါ။ ည ၁ နာရီလောက်ကို ဘောလုံးပွဲ သတ်မှတ် ထားရင် ကျနော်တို့က ည ၉ နာရီလောက်က စပြီး ဖျော်ဖြေရေးစမယ်” လို့ ပွဲအစီအစဉ်နဲ့ ပတ်သတ်ပြီး ဦးဇာဂနာက ဆက်ပြောပါတယ်။
ပွဲနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ဦးဇာဂနာက “အဲဒီလို အငြိမ့်ကပြပြီး တဆက်တည်းမှာပဲ ကျနော်တို့ ဘာလုပ်ချင်တာလဲဆိုတော့ HIV/AIDS ကိုပါ ပညာပေးချင်တယ်။ အဲဒါကလည်း အားလုံးသိတဲ့အတိုင်းပဲ HIV/AIDS က အရင်ထက် အရေအတွက် ပိုများလာတယ်။ အမှန်ဆို လျော့သွားသင့်ပြီလေ။ အဲဒီအတွက် ရုပ်ရှင်ရိုက်ပြနေရင် ကြာဦးမယ်။ အငြိမ့်ကပြပြီး တခါတည်းပြောလိုက်တာ မြန်ဦးမယ် ဆိုတော့ တချက်ခုတ် သုံးချက်ပြတ် ဘောလုံးပွဲလည်း ပြလို့ရတယ်၊ HIV/AIDS နဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေဆီကို သတင်းစကားပြောလို့လည်း ရတယ်။ နောက် ဖျော်ဖြေရေးလည်း ဖြစ်တယ်။ ဒါကို နည်းမျိုးစုံနဲ့ စဉ်းစားပြီးလုပ်ခဲ့ရတယ်။ ဒါပေမယ့် စကိုင်းနက်ကနေ ခွင့်ပြုချက်ရအောင်တော့ တော်တော် ညှိယူရတာပေါ့။ မူပိုင်က သူတို့မူပိုင်ကိုး။ ဘောလုံးပွဲမပြဘဲ အငြိမ့်ချည်း သက်သက် ဆိုရင်တော့ ခွင့်တောင်း စရာ မလိုဘူးပေါ့။ အခုတော့ ဘောလုံးပွဲပြချင်လို့ပါ။ တော်တော်ကို သူတို့ဘက်ကလည်း အားလုံးကို ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပါတယ်။ ဒါကလည်း ဘောလုံးအားကစားကို ကြိုက်နှစ်သက်ကြတဲ့ လူငယ်တွေအတွက် လက်ရှိလူငယ်တွေကြား အဖြစ်များနေတဲ့ ဒီလိုရောဂါဆိုးကြီးကို အသိ၊ သတိ ပေးချင်တဲ့အနေနဲ့ ဘောလုံးပွဲလည်းကြည့်ရင်း အငြိမ့်ဟာသတွေနဲ့လည်း ရယ်မောပျော်ရွှင်ရင်း HIV/ AIDS နဲ့ ပတ်သက်လို့ အသိပညာ၊ ဗဟုသုတွေလည်း မျှဝေခံစားလို့ရမယ့် ဒီလိုပွဲကြီးကို လာမယ့် ဇူလိုင်လ ၈ရက် ၉ ရက် ၁၂ နဲ့ ၁၃ ရက်တွေမှာ ကန်တော်ကြီး မျှော်စင်ကျွန်းသို့ သွားရောက် ကြည့်ရှုနိုင်တော့မှာ ဖြစ်ကြောင်း မစပ်စုက လက်တို့လိုက်ပါတယ်နော်။