မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီး၊ သီလရင် ပညာသင်ကျောင်းများ ရေရှည်တည်တံ့နိုင်ရေး ပံ့ပိုးငွေပဒေသာပင် စိုက်ထူခြင်း ရန်ပုံငွေ ရှာဖွေရေး အတွက် တေးဂီတဖျော်ဖြေပွဲ (TERAKOYA MUSIC FESTIVAL) ကို ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန် မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီ ဖျော်ဖြေပွဲကို GMI (Greater Mekong Initiative) အဖွဲ့က စီစဉ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ၂၀၀၇ ခုနှစ်က စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဆက်လက် တည်ရှိနိုင်စေရန်၊ ထိန်းသိမ်း ပျိုးထောင်သွားရေးအတွက် ကူညီ ပံ့ပိုးနေတယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ကို ဂျပန်နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် Mr.Shinzo Abe ရဲ့ဇနီး Mrs. Akie Abe က ဦးဆောင်ပြီး ဂျပန်နိုင်ငံက အလှူရှင်တွေက ယိုယွင်းနေတဲ့ ကျောင်းအဆောက်အဦများ ပြန်တည်ဆောက်ပေးခြင်း၊ ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါတယ်။
အခု အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးမှာ ကျောင်း ၁၃ ကျောင်း၊ မန္တလေးတိုင်း ဒေသကြီးမှာ ကျောင်း ၁၀ ကျောင်း တည်ဆောက်ပေးခဲ့ပြီး လိုအပ်တဲ့ နေရာတွေအတွက် ငွေပဒေသာပင် စိုက်ထူနိုင်ဖို့၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေက ဆရာ၊ ဆရာမတွေအတွက် လစဉ်ပံ့ပိုးကူညီနိုင်ဖို့ စသည်ဖြင့် ရည်ရွယ်ပြီး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
TERAKOYA ဂီတ ဖျော်ဖြေပွဲမှာ အဆိုတော် မေဆွိ၊ မေခလာ၊ R ဇာနည်၊ ချမ်းချမ်း၊ နီနီခင်ဇော်တို့နဲ့အတူ Lazy Club တေးဂီတဝိုင်းနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
လက်မှတ်တွေကတော့ ကျပ် ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀၊ ၇၀၀၀ နှုန်းတို့ရှိပြီး မန်းသီရိတေးသံသွင်းနဲ့ တော်ဝင်စင်တာတို့မှာ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။