လူ့လောကကြီးဟာ ရောက်လာတဲ့သူတွေ၊ ရှိနေတဲ့သူတွေ၊ ထွက်ခွာသွားတဲ့ သူတွေနဲ့ အမြဲသက်ဝင် လှုပ်ရှား နေဆဲပါ။ လူအမျိုးမျိုး သွားလာလှုပ်ရှား ထွက်ခွာနေတဲ့ လောကကြီးမှာ လူတချို့ဟာ လွမ်းလောက်စရာ အပြုအမူတွေ၊ သတိရစရာ၊ မမေ့နိုင်စရာ၊ တမ်း တ ဂုဏ်ယူစရာတွေ ထားရစ်ခဲ့ကြပေမယ့် တချို့သောသူတွေကတော့ နာကြည်းစရာ၊ စက်ဆုပ်ဖွယ်ရာ အော့နှလုံး နာစရာတွေ၊ အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်တွေ ထားရစ်ခဲ့ပါတယ်။
ဂီတ၊ စာပေ၊ ပန်းချီ အစရှိတဲ့ အနုပညာသမားတွေ၊ ကိုယ်ကျိုးစွန့် နိုင်ငံရေးသမားတွေ၊ အသက်ပေး ခေါင်းဆောင်တွေဟာ သူတို့သမိုင်းမှာ လှပနှစ်လိုဖွယ် အပြုမှုတွေ လွမ်းဆွတ်တမ်းတ အတုယူဖွယ်ရာ ဖန်တီးမှုတွေ ချန်ထားနိုင်ခဲ့ပေမယ့် ကိုယ်ကျိုးရှာ အတ္တကြီး တဲ့ သူတွေ၊ ရက်စက်ယုတ်မာ လိမ်ညာတဲ့ သူတွေ၊ လက်နက်အားကိုး၊ ငွေကြေး အားကိုး၊ အာဏာနဲ့ အနိုင်ကျင့်တဲ့သူတွေ၊ မတော်မတရား ဖိနှပ်ချုပ်ချယ် သူတွေအတွက်ကတော့ ရွံရှာစက်ဆုပ်ဖွယ်ရာ၊ မသတီစရာ သမိုင်းစာမျက်နှာတွေကိုသာ ထားခဲ့ရမှာ အမှန်ပါပဲ။
နောက်ဆုံးချိန် အထိ ယုံကြည်ရာ လမ်းပေါ်မှာ ရဲဝံ့စွာ ရပ်တည်ပြီး ရိုးသားဖြူစင်တဲ့ စိတ်နှလုံးနဲ့ ဂီတလောကရဲ့ အချိုးအကွေ့ တခု ကို လမ်းပြ ထမ်းတင်ပေးနိုင်ခဲ့သူတဦး အတွက်ကတော့ မမေ့နိုင်စရာ၊ သတိရစရာ၊ လွမ်းဆွတ် တမ်းတစရာတွေ ပြည့်နှက်နေမှာပါပဲ။ သူကတော့ ကျနော်တို့ ဂီတ လောက က ကိုငှက်လို့ ချစ်စနိုး ခေါ်ခဲ့တဲ့ တေးရေး တေးဆို ထူးအိမ်သင်ပါပဲ။
၁၉၈၀ အနီး ဝန်းကျင်လောက်က စပြီး တိုးတက်ပြောင်းလဲလိုစိတ် အတွေးအခေါ် ရှိတဲ့ လူငယ်တချို့ဟာ ကိုယ်ပိုင်သံစဉ် စတီရီယို သီချင်းတွေ စတင် မြေစမ်းခရမ်းပျိုး လုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေရဲ့ အောင်မြင်မှု အရှိန်အဝါကလည်း တော် တော် လေး အားကောင်းခဲ့ ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ် တခု နီးပါး ကြာလာချိန်မှာတော့ ကိုယ်ပိုင်သံစဉ် ရေစီးကြောင်း အတန် ငယ် အီအိုင်လာခဲ့ ပါတယ်။ အဲဒီလိုအချိန်မှာ အချိုးအကွေ့တခု အပြောင်းအလဲတခုနဲ့ ပေါ်ထွက်လာသူကတော့ ကိုငှက် (ထူးအိမ်သင်) ပါပဲ။
ကိုငှက်နဲ့ ကျနော် စတင် ရင်းနှီးခဲ့ရတာကတော့ ကျနော့် ရဲဘော်ရဲဘက် ရောင်းရင်းကြီး တေးရေး ညီညီသွင်ကြောင့် ပါပဲ။ ကျနော်နဲ့ ညီညီသွင်က ရန်ကုန်တက္ကသိုလ် ပင်မ (Main) ထဲရောက်မှ စတင် ရင်းနှီးခဲ့တာပါ။ ရင်းနှီးပြီး မကြာခင် ၁၉၈၅ ပတ်ဝန်းကျင် ဇွန်၊ ဇူလိုင် မိုးဖွဲဖွဲကျချိန်ပေါ့။ ကျနော်တို့ ထိုင်နေကျ Main ထဲက တောင်ငူဆောင် အရှည်ကြီး လက်ဖက်ရည်ဆိုင်ကို ညီညီသွင်နဲ့အတူ လူတယောက် ပါလာပြီး ကျနော်နဲ့ မိတ်ဆက်ပေးပါတယ်။
သူကတော့ ဆံပင်ရှည် ကောက်ကောက်ကွေးကွေး၊ နှာတံ ချွန်ချွန်ပေါ် ပါဝါမျက်မှန် ထူထူတပ်ထားတဲ့ ပါးပါးလျလျရှိတဲ့ ကိုငှက် (ခေါ်) ထူးအိမ်သင်ပါ။ ကိုငှက်က သူ့ရဲ့ပထမဆုံး တေးစီးရီး နာရီပေါ်က မျက်ရည်စက်များ အခွေသွင်းထားပြီး မထုတ်ရသေးတဲ့ အချိန် ပေါ့။ သူတို့နဲ့ အတူ အဲဒီ အခွေကြမ်းလေးလည်း အတူပါလာပါတယ်။
လက်ဖက်ရည် ဆိုင်လေးထဲမှာ အဲဒီ ခွေကြမ်းလေးကို ဖွင့်ပြပါတယ်။ ညီညီသွင်က အဲဒီခွေထဲမှာ သူ ဟာမိုနီ ဝင်ဆိုထားကြောင်း၊ တခွေလုံး ကိုယ်ပိုင် သံစဉ်သီချင်းတွေ ဖြစ်ကြောင်း ပြောပြပါတယ်။ အခွေ နားထောင်ပြီးတာနဲ့ ညီညီသွင်လိုပဲ အရေးကောင်း၊ အဆိုကောင်းတဲ့သူ တယောက်အဖြစ် သိလိုက်ရပါတယ်။
သတိထားမိတာတခုက ညီညီသွင်နဲ့ ကိုငှက် တို့ရေးတဲ့ Music ပုံစံက တော်တော်လေး တူညီနေကြတာပါပဲ။ တကယ်တော့ ကိုငှက် ရဲ့ နာရီပေါ်က မျက်ရည်စက်များ တေးစီးရီးဟာ စောစောက ကျနော်ပြောခဲ့သလို အီအိုင်လာတဲ့ ကိုယ်ပိုင်သံစဉ် ရေစီးကြောင်းရဲ့ အချိုးအကွေ့တခုကို ပြောင်းလဲ မြှင့်တင်ပေးလိုက် နိုင်ပါတယ်။ သူ့လက်ရာ တေးသီချင်းတွေဟာ သမားရိုးကျ ကိုယ်ပိုင်သံစဉ်တွေထက် International ဘက်ကိုရောက်တဲ့ ကိုယ်ပိုင်သံစဉ်တွေ အဖြစ် ထိတွေ့ခွင့် ရလိုက်သလို ပါပဲ။
နောက်ပိုင်း ညီညီသွင်နဲ့ အတူ ကျောင်းဝင်းထဲ ကိုငှက် အမြဲပါလာလေ့ ရှိပါတယ်။ ကျောင်းဆင်းချိန်၊ ကျောင်းအားချိန် တွေမှာ အဆောင်တွေမှာ ဂစ်တာ သွားတီးတဲ့အခါ သွားတီး၊ တခါလေ ညီညီသွင်နေတဲ့ ကုက္ကိုင်း ရေကူးကန်နားက အိမ်ကို ကျနော်နဲ့ ကိုငှက် လိုက်သွားပြီး တီးကြဆိုကြ ပေါ့။ ကျနော်နေတဲ့ ကျောက်ကုန်းက ကိုညီပု (မြေကြီးကို ဒုက္ခပေးသူ) အိမ်ကိုလည်း ညီညီသွင်နဲ့ ကိုငှက်တို့ လိုက်လာပြီး ညီပုနဲ့ပါ တွဲပြီး ဆိုတီးခဲ့ကြပါတယ်။ အဲဒီကာလ ကတည်းက စလို့ ကိုငှက်၊ ညီညီသွင်နဲ့ ကျနော်တို့ဟာ တပူးပူးတတွဲတွဲ ဖြစ်ခဲ့ကြပါတယ်။
စာပေဂီတ အနုပညာတွေနဲ့ ပတ်သက်ရင် တော်တော်များများ အကြိုက်တူတာကလည်း ရင်းနှီးမှုကို ပိုစေခဲ့တယ်လို့ ထင်ပါတယ်။ Albert Camus ရဲ့ The Outsider ကိုကြိုက်တာ၊ Anton Chekhov ရဲ့ Ward Six ကိုကြိုက်တာ၊ မောင်သာနိုးရဲ့ ထင်းရူး ပင်ရိပ်ကို ကြိုက်တာ၊ ဝင်းတင်ရဲ့ ဥတ္တရအလင်းကို ကြိုက်တာ၊ တင်မိုး၊ ကြည်အောင်၊ သစ္စာနီ၊ မောင်ချောနွယ်တို့ ကဗျာတွေကို ကြိုက်တာက အစ Queen အဖွဲ့ရဲ့ သီချင်းတွေ ကြိုက်တာအဆုံး တူညီကြတာ တွေ့ကြရ ပါတယ်။
ကိုငှက်နဲ့ ပိုပြီး ရင်းနှီးချစ်ခင်ဖို့ အကြောင်းဖန်လာတာကတော့ နိုင်ငံရေး မတည်မငြိမ် ဖြစ်လာလို့ ကျောင်းတွေ ခေတ္တ ပိတ်ထားချိန် တခုမှာ ဖြစ်ပါတယ်။ ကျနော်လည်း တောင်ကြီးကို မပြန်၊ ညီညီသွင်လည်း သူ့အိမ် မပြန်ဘဲ ရန်ကင်းက စိုးလွင်လွင် အိမ်မှာ စတည်း ချ၊ အတူနေခဲ့ကြ ပါတယ်။ စိုးလွင်လွင်က မာနမျက်နှာ တေးစီးရီး စီစဉ်နေချိန်ပေါ့။ စိုးလွင်လွင်က ကျနော်နဲ့ ညီညီသွင်ကို တော်တော်ချစ်ပါတယ်။သူ့ တိုက်ခန်းလေးထဲမှာ ကျနော်တို့ နှစ်ယောက် အတွက် အခန်းတခန်း ပေးထားပြီး လွတ်လွတ်လပ်လပ် သီချင်းတွေရေးစေ၊ တီးစေပါတယ်။ ကျနော်တို့ နှစ်ယောက်နဲ့ ပတ်သက်တဲ့ ဘော်ဒါတွေလည်း စိုးလွင်လွင်အိမ်မှာ တရုန်းရုန်းနဲ့ပေါ့။
နောက်ဆုံး The Wild Ones က ဂစ်တာသမား ဘုံဘုံနဲ့ ကိုငှက်တို့ပါ ရောက်လာပြီး အဲဒီအခန်းလေးထဲမှာ စာတွေ အတူဖတ်၊ သီချင်းတွေ အတူနားထောင်၊ အတူစား၊ အတူအိပ်ရင်း အတူ ဆိုတီးခဲ့ကြတာတွေကလည်း တကယ် မမေ့နိုင်စရာပါ။ ဝါသနာတူတွေ တွဲမိကြတာ မို့လည်း ခင်မင်မှု သံယောဇဉ်လည်း အတော်ကြီးခဲ့ ကြတယ်။
ကိုငှက်နဲ့ ပတ်သက်ပြီး သူရဲ့ ရဲဘော်ကြီး ကိုကြွက်နီ (သိမ်းတင်သား) လည်း တခါတရံ ရောက်လာပြီး ကျနော်တို့နဲ့ အတူ လာနေ တတ် ပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး ကိုငှက်နဲ့ ညီညီသွင်တို့ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတခု ပြောပြချင်ပါတယ်။
ကိုငှက်နဲ့ ညီညီသွင်ဟာ ကိုငှက် ပထမစီးရီး နာရီပေါ်ကမျက်ရည်စက်များ မထွက်ခင်ကတည်းက တပူးပူး တတွဲတွဲ ရှိခဲ့ကြပေမယ့် ညီညီသွင့် သီချင်းကို ကိုငှက် တခါမှ မဆိုဖူးပါဘူး။ ကိုငှက်ကလည်း သူကိုယ်တိုင် ရေးနိုင်၊ ဆိုနိုင်၊ ဖန်တီးနိုင်သူမို့ တော်ရုံတန်ရုံ သူများ သီချင်းကို ဆိုတာ တော်တော်ရှားပါတယ်။ ညီညီသွင်ကလည်း သူ့မှာ ရေးထားတဲ့ သီချင်းအသစ်လေးတွေ ရှိပေမယ့် ကိုငှက် ဆိုပါလားလို့ တခါမှ မပြောဘူး၊ မတောင်းဆိုဘူးတာ ကျနော် သတိထားမိခဲ့တယ်။ ဒါကလည်း သီချင်းတွေနဲ့ ပတ်သက်တဲ့၊ ညီညီသွင်မှာ ရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ အနုပညာမာန စိတ်လေးကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တနေ့မှာတော့ သူငယ်ချင်းတွေ စုနေတဲ့ အခန်းလေး တခုကို ကျနော်နဲ့အတူ ညီညီသွင်ရော၊ ကိုငှက်ပါ ရောက်သွားကြရင်း နားနားနေနေ နေကြတဲ့ အချိန်…၊
ညီညီသွင်က သူ ရေးလက်စ သီချင်းလေးတပုဒ်ကို ဂစ်တာလေးနဲ့ ညည်းပြီး ဆက်ရေးဖို့ သီဆိုကြည့်နေ ပါတယ်။ ကိုငှက်က မလှမ်း မကမ်းက အိပ်ရာတခုပေါ် လဲလျောင်းရင်း စာအုပ်တအုပ် ဖတ်နေချိန်ပေါ့။
“မုသား မပြောတတ်ပါဘူးလေ… အသက်လောက် ချစ်တယ် ယုံကြည်ရဲ့လား ကလေး . . . ”
ညီညီသွင်က အဲဒီလို သူရေးလက်စ သီချင်းလေး ကို ညည်းဆိုလိုက်တာနဲ့ စာဖတ်နေတဲ့ ကိုငှက် ခေါင်းထောင်နားစွင့် လိုက်ပြီး “ညီညီ အဲဒါ ခင်ဗျားသီချင်းလား” လို့ လှမ်းမေးပါတယ်။ ညီညီသွင်ကလည်း “ဟုတ်တယ်ငှက်၊ ကျနော် အခုမှ စရေးနေတုန်း၊ တကြောင်း နှစ်ကြောင်းပဲရှိသေးတယ်” လို့ ပြန်ဖြေ ပါတယ်။ ကိုငှက်ဆီက အသံနက်နက်တခု ထွက်လာ ပါတယ်။ “ညီညီ အဲဒီသီချင်း ရေးပြီးသွားရင် ကျနော် ဆိုမယ်၊ ကျနော့်ကိုပေးပါ” တဲ့။
ဟုတ်ပါတယ်။ ဒါကတော့ ညီညီသွင်ရဲ့ “ကလေးရေ” လို့ အမည်ရတဲ့ JAZZ သီချင်း တပုဒ်ကို ကိုငှက် ပထမဆုံး သီဆိုဖို့ ဖြစ်လာတဲ့ အမှတ်တရ အပိုင်းအစလေး ပါပဲ။
ကိုငှက်က “ကလေးရေ” သီချင်းကို သူ့ရဲ့ “သက်ငြိမ်” စီးရီးထဲမှာ တလေးတစား သီဆိုခဲ့ ပါတယ်။ သီချင်းကောင်း တပုဒ်ရဲ့ အတိမ် အနက်ကို ခန့်မှန်း သိရှိနိုင်စွမ်းရှိတဲ့ ကိုငှက်ရဲ့ ဂီတပါရမီကို ကျနော်သတိထားမိ၊ အမှတ်ရမိနေဆဲပါ။
၈၈ အရေးအခင်းကြောင့် ကျောင်းတွေ အကြာကြီး ပိတ်သွားချိန်မှာတော့ ကျနော်တို့ အုပ်စုလေးလည်း ကိုယ့်အိမ်ကိုယ် ပြန်ပြီး လူစု ကွဲသွားကြပါတယ်။
အရေးအခင်းပြီး တနှစ်ကျော်ကြာတဲ့ တရက်မှာတော့ တောင်ကြီးက ကျနော့်အိမ်ကို ကိုငှက်နဲ့ The Wild Ones က ဂစ်တာသမား ဘုံးဘုံတို့ ဗြုန်းစားကြီး ရောက်ချလာပါတယ်။
အကြောင်းကတော့ တောင်ကြီးမြို့ ဘောလုံးကွင်းထဲမှာ အား/ကာ ရန်ပုံငွေ ဖျော်ဖြေရေးပွဲ အတွက် ဖြစ်ပါတယ်။ ကိုငှက်က အဲဒီ အချိန် “နာရီပေါ်က မျက်ရည်စက်များ” အခွေထွက်ထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်နေချိန်လည်း ဖြစ်ပါတယ်။ တောင်ကြီးမှာ ကိုထီးတို့ရဲ့ The Wild Ones အဖွဲ့နဲ့ ဖျော်ဖြေဖို့ လိုက်လာတာပါ။
ပွဲစီစဉ်သူတွေက ဖျော်ဖြေရေး အဖွဲ့သားတွေ အားလုံး အတွက် ဟိုတယ်မှာတည်းခိုဖို့ စီစဉ်ပေး ထားပေမယ့် ကိုငှက်နဲ့ ကိုဘုံးဘုံတို့ ကတော့ ချစ်ခြင်းအားဖြင့် ကျနော့် အိမ်မှာပဲ စတည်းချကြပါတယ်။
တောင်ကြီးအိမ်က ကျနော့် အခန်းလေးဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့ သီးသီးသန့်သန့် ရှိတဲ့အကြောင်း အရင် ရောက်ဖူးတဲ့ ညီညီသွင် က ဖောက်သည်ချခဲ့ဟန် တူပါတယ်။ ဖျော်ဖြေရေးက နှစ်ရက်လောက်ပဲ ဖြစ်ပေမယ့် ကိုငှက်တို့ နှစ်ယောက်ကတော့ ပျော်လို့ ဆိုပြီး တပတ်ကျော်ကြာ နေသွားကြပါတယ်။
ပွဲပြီးလို့ တောင်ကြီးမှာ ကိုငှက်တို့ ရှိနေတုန်း တနေ့မှာ မြို့ခံ ချမ်းသာတဲ့ ဂီတဝါသနာရှင်လေးတွေ ကျနော့်အိမ် ရောက်လာပြီး ကိုငှက်ကို မနက်ဖြန် ဟိုတယ်မှာ နေ့လယ်စာ ကျွေးမွေး ဧည့်ခံချင်တဲ့အကြောင်း လာပြောပါတယ်။ အားနာတတ်တဲ့ ကိုငှက်က ဖုန်းနံပါတ်ယူထားပြီး အကြောင်းပြန်မယ့် အကြောင်း မယုတ်မလွန် ပြောလိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် တရက်တည်းမှာပဲ တောင်ကြီးက ကျနော်နဲ့ မျက်မှန်းတန်း သိနေကြတဲ့ တောင်ကြီး ကောလိပ်က ချာတိတ် လေး နှစ်ယောက် ရောက်လာပြီး ကိုငှက်ကို လာတွေ့ နှုတ်ဆက်ပါတယ်။
ကိုငှက်နဲ့ သူတို့ တရင်းတနှီး နှုတ်ဆက်နေတာ တွေ့ရတော့ ကျနော် တော်တော် အံ့ဩသွားမိပါတယ်။ နောက်မှ အကြောင်းစုံ သိရ တာကတော့ အဲဒီ ချာတိတ်နှစ်ယောက်နဲ့ ကိုငှက်ဟာ အရေးအခင်းပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ကျောင်းသား တွေ နယ်စပ်ကို ထွက်ခွာချိန် တောထဲမှာ တစခန်းတည်း အတူနေခဲ့ကြသူတွေ ဖြစ်ကြောင်းပါ။
သူတို့က တောင်ကြီး မင်းလမ်းမကြီး ဘေးမှာ စာအုပ်အငှားဆိုင်လေး ဖွင့်ထားကြောင်း၊ ကိုငှက်ကို မနက်ဖြန် တယောက်ရဲ့ အိမ်မှာ နေ့လယ်စာ ထမင်း ကျွေးချင်ကြောင်း တလေးတစား ဖိတ်ခေါ်ပါတယ်။ ဘုံးဘုံနဲ့ ကျနော့် ကိုလည်း အတူလိုက်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကိုငှက်က ချက်ချင်းပဲ ဆက်ဆက်လာခဲ့မယ့် အကြောင်း ပြောလိုက်ပါတယ်။
နောက်နေ့ ရောက်တော့ ကိုငှက်ကို ကျနော်က ဝါသနာရှင်လေးတွေ ဟိုတယ်မှာ ဖိတ်ထားတာ ဘယ်လိုလုပ်မလဲလို့ သတိပေး မေးကြည့်ပါတယ်။ ကိုငှက်က ရှင်းရှင်းပဲ ပြောချလိုက်ပါတယ်။
“ညီစံ အဲဒီဟိုတယ်က ဖိတ်ထားတဲ့ ကိစ္စ ခင်ဗျား ဖုန်းဆက်ပြီး ငြင်းပေးပါဗျာ။ ကျနော် တောထဲက ရဲဘော် နှစ်ယောက် ဖိတ်ထားတဲ့ အိမ်ကိုပဲ သွားမယ်။ အဲဒီတောပြန် ရဲဘော် နှစ်ယောက်လောက် အရေးကြီးတာ မရှိဘူး”
ဘုံးဘုံက အားနာလို့ နေခဲ့ပေမယ့် ကျနော်က လမ်းပြအဖြစ် ကိုငှက်နဲ့အတူ တောပြန် ရဲဘော် နှစ်ယောက်ရှိရာ တောင်စောင်းက ခြေတံရှည်အိမ်လေးမှာ အင်းလေးရိုးရာ ထမင်းဟင်းကို တကူးတက သွားအားပေးခဲ့ကြပါ တယ်။ အပြန်လမ်းမှာ ကိုငှက်က “ညီစံ ထမင်းပွဲက ဟင်းရည်က နည်းနည်းခါး သလားလို့၊ အားနာနာနဲ့ အောင့်သောက်ခဲ့ရတာ” လို့ ပြောပါတယ်။
ကျနော်လည်း ရယ်ချင်သွားပြီး “ကိုငှက် အဲဒါ အင်းလေးရိုးရာ ငါးရှဥ့်ဆေးခါးဟင်း လေ၊ ကျန်းမာရေးအတွက် ကောင်းတယ်”လို့ ရှင်း ပြ တော့ “မသိပါဘူးဗျာ၊ ခါးခါးနဲ့ ဇွတ်မျိုချခဲ့တာ၊ အဲဒီ လိုမှန်းသိရင် အများကြီး သောက်ခဲ့ပါတယ်”လို့ ရယ်မောပြီး ပြောရှာပါတယ်။
ဒါကတော့ ကိုငှက်ရဲ့ ရဲဘော်ရဲဘက်တွေအပေါ် တလေးတစား အရေးပေး ဆက်ဆံတတ်တဲ့ စိတ်နေစိတ်ထားလေးကို အမှတ်တရ လွမ်းဆွတ်စွာ ကျနော်တင်ပြရခြင်းပါ။
ကိုငှက်နဲ့ အမှတ်တရ နောက်ဆုံး တွေ့ခဲ့တာ ကတော့ ကိုငှက်မဆုံးခင် တလလောက်အလို ရန်ကင်း ၁၂ လုံးတန်း ထိပ်က စပယ် ၁ ဆန်ပြုတ်ဆိုင်လေး မှာပဲ ဖြစ်ပါတယ်။ အဲဒီ ဆန်ပြုတ်ဆိုင်လေးက ကျနော်တို့နဲ့ ကိုငှက်၊ ရန်ကင်း စိုးလွင်လွင် အခန်းမှာ အတူနေစဉ် ကတည်းက အမြဲလာနေကျ ဆိုင်လေး ဖြစ်တဲ့အပြင် ကိုငှက် အကြိုက်ဆုံး ဆန်ပြုတ်ဆိုင်လည်း ဖြစ်ပါတယ်။
“ညီစံ ရန်ကုန်တမြို့လုံး ဒီဆန်ပြုတ်ကို ကျနော် အကြိုက်ဆုံးပဲ” လို့ပြောပြီး ဘယ်နေရာရောက်ရောက် ဘယ်လောက်ဝေးဝေး တကူးတက ဒီဆိုင်လေးကိုပဲ လာပြီး အားပေးတတ်သူပါ။
အဲဒီနေ့က ကျနော့်သမီးလေးလည်း အတူပါလာပြီး ဆန်ပြုတ်လာသောက်တာမို့ မတွေ့တာကြာပြီ ဖြစ်တဲ့ ကိုငှက်က ဝမ်းသာအားရ နှုတ်ဆက်ရှာပါတယ်။ တော်တော်လေး ပိန်သွားတဲ့ ကိုငှက်ကို ကျနော်က အိမ်ကနေ လာတာလားလို့ မေးတော့ ကိုငှက်က
“မဟုတ်ဘူး ညီစံ၊ ကျနော် အိုအေစစ် စတူဒီယိုက လာတာ၊ အဲဒီမှာ ခဏခိုနေတာ”လို့ ဖြေရှာပါတယ်။ ကျနော့် သမီးလေးကို အတန်း တွေ၊ အသက်တွေ မေးရင်း စကားစမြည်ပြော နေတုန်း ကျနော်လည်း ကိုငှက်သမီးလေးကို သတိရလာလို့ “ကိုငှက်သမီး လေးလည်း အတော်ကြီးရောပေါ့၊ ဂီတ ဝါသနာမပါဘူးလား၊ ကိုငှက်လို သီချင်း မဆိုချင်ဘူးလား” လို့ မေးလိုက်မိပါတယ်။
ကိုငှက်က တွေးတွေးဆဆနဲ့ “ညီစံ ကျနော်တို့ အလုပ်က ဝါသနာနဲ့ရင်းပြီး တကယ် စိတ်နှစ်ပြီး လုပ်ရတဲ့ အလုပ်၊ အရမ်း ပင်ပန်း တယ်၊ သမီးလေးကို ကျနော်ပညာတတ်ပဲ ဖြစ်စေချင်တယ်။ ဂီတ မလုပ်စေချင်ဘူး”လို့ နွမ်းနွမ်းလျလျ ပြန်ဖြေ ရှာပါတယ်။
နူးညံ့သိမ်မွေ့တဲ့ မိဘမေတ္တာ အပြည့်အဝ ရှိရှာတဲ့ ကိုငှက်ကို အဲဒီဆိုင်လေးမှာ ကျနော် နောက်ဆုံးတွေ့ ဆုံခဲ့တာဖြစ်ပြီး ဘယ်တော့ မှ ပြန်မတွေ့ရတော့ပါဘူး။
ကိုငှက် ကွယ်လွန်ခဲ့တာ ကြာပြီ ဆိုပေမယ့် ကိုငှက်နဲ့ ပတ်သက်တဲ့ သတိရစရာ၊ တမ်းတစရာ၊ အမှတ်ရစရာတွေ ကတော့ ကျနော့် အတွက် အများကြီးပါပဲ။
တကယ်တော့ ကိုငှက်ဟာ တေးသီချင်းကောင်းပေါင်း များစွာကို အနုပညာ ရသမြောက်စွာ ဖန်တီး ထားနိုင်ခဲ့သလို ချစ်ခင် နှစ်လို ဖွယ်ရာ ကောင်းလှတဲ့ အပြုအမှုတွေနဲ့ ဖြူစင်တဲ့ အလွမ်း စာမျက်နှာတွေကိုလည်း ချန်ထား နိုင်ခဲ့သူ တယောက် မဟုတ်ပါလား ခင်ဗျာ။ ။