ခြောက်အိပ်မက်တွေကို အနုပညာအဖြစ် ချပြတဲ့ ဈာမင်းထိုက်
This article has been converted from Zawgyi One to Unicode
ခေတ်ပြိုင် အနုပညာတွေကို မီဒီယံမျိုးစုံနဲ့ ကိုယ်ခံစားရသလို တင်ပြလာကြတဲ့ သူတွေအထဲမှာ ဈာမင်းထိုက်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ သူကတော့ သူ့အိပ်မက်ထဲက မကြာခဏ ခြောက်လှန့်မှုတွေကို အချိန်ကြာလာတာနဲ့အမျှ စွဲလမ်းရင်းနှီး လာပြီး အနုပညာတရပ် အဖြစ် ပြန်လည်ဖော်ထုတ်သူလို့ ဆိုရမှာပါပဲ။
သူ့ကို ခြောက်လှန့်နေတာတွေ ကတော့ တစ္ဆေကောင်လေးတွေ ဆိုရမလား၊ သူကတော့ မှင်စာလေးတွေလို့ ဆိုပါတယ်။
အနုပညာ နှလုံးသားတစုံကို လွင့်ချင်တိုင်း လွင့်မျောခဲ့မိတဲ့ ပြစ်ဒဏ်တခုကြောင့် သူထောင်ကျခဲ့စဉ် အဲဒီ မှင်စာလေးတွေက သူ့ကို စတင်နှောင့်ယှက်ခဲ့တာလို့ သိရပါတယ်။ တချို့က သူ့ကိုယ်ပေါ်တွားတက်၊ တချို့က သူ့ကိုခြောက်လှန့်၊ တချို့ကတော့ သူ့ကို ပြောင်ပြနဲ့ အိပ်မက်ဆိုးတွေထဲ မြုပ်ချည်ပေါ်ချည် ဖြစ်ရင်း ဆိုးရွားလှတဲ့ သူ့အိပ်မက်တွေကို အပြင်မှာပါမြင်ချင်လာတဲ့ သူ့ရဲ့ အတွေးကတော့ ထူးခြားပါတယ်။
“ကြာတော့ အဲဒီ အကောင်လေးတွေနဲ့ ရင်းနှီးလာတယ်၊ သူတို့ကို အပြင်မှာပါ မြင်ချင်လာတယ်။ Snoppy ကာတွန်းထဲ က ခွေးရုပ်ကလေးက အပြင်မှာ အကောင်အထည် အနေနဲ့ အရုပ်ကလေးတွေ အဖြစ် ကိုင်တွယ်လို့ ရလာသလို ပေါ့။ အစကတော့ အဲဒီ အကောင်လေးတွေကို ပန်းချီကားတွေထဲ ထည့်ဆွဲတယ်။ နောက်တော့ အဲဒါတွေကို အရုပ်တွေလုပ် ဖြစ်တယ်” လို့ ဈာမင်းထိုက်က ရှင်းပြပါတယ်။
သူ့ရဲ့ မှင်စာအရုပ် ကလေးတွေကို ရှမ်းစက္ကူနဲ့ ကော်သုံးပြီး ပုံဖော်ထားတာပါ။ အရောင်အတွက်တော့ သူက အခရိုင်းလစ်ဆေး သုံးထားပါတယ်။
အဖြူရောင် နံရံနောက်ခံမှာ ချိတ်ဆွဲတချို့၊ စင်ပေါ်တင်ပြီး တချို့ပြသထားတဲ့ သူ့ရဲ့ အနီရောင် မှင်စာလေးတွေက အနားကပ်ပြီး မျက်နှာတွေကို သေသေချာချာကြည့်ရင် ရင်ထဲမှာ ဖော်ပြလို့ မရတဲ့ ခံစားချက် တစုံတရာ ရရှိပါတယ်။ ဒါက “ကြောက်ခြင်း ဖြစ်ချင်ဖြစ်မယ်၊ ရွံခြင်း ဖြစ်ချင် ဖြစ်မယ်၊ ဘာရယ်လို့” တော့ အဓိပ္ပာယ် ဖွင့်ဆိုရ ခက်ပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီဈာမင်းထိုက်ဟာ မွန်ပြည်နယ် ကျိုက်ကော်ဇာတိ ဖြစ်ပါတယ်။ ယဉ်ကျေးမှု တက္ကသိုလ်မှာ ပန်းချီအဓိက ဘာသာရပ်ကို ၁၉၉၄ ခုနှစ်က စတင်တက်ရောက် သင်ယူခဲ့ပေမယ့် ကျောင်း မပြီးခဲ့ပါဘူး။ သူ့ သူငယ်ချင်း တဦးဖြစ်တဲ့ ပန်းချီ ငြိမ်းချမ်းဆု ကတော့ “ဈာမင်းထိုက်ရဲ့ ပန်းချီကားတွေကို ကြည့်သူတွေ နားလည်ဖို့ ခက်တယ်၊ သူဟာ အနုပညာကို ပျင်းပျင်းရိရိ ဖန်တီးတတ် ပေမယ့် သူ့လက်ရာတွေကို ကြိုက်တယ်”လို့ မှတ်ချက်ပေး ပါတယ်။
ခပ်အေးအေး နေတတ်ပေမယ့် ဟာသဉာဏ်ရှိတဲ့ ဈာမင်းထိုက်ဟာ လူချစ်လူခင်များသူ ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် သူ့ရဲ့ အတွေးတွေက အမြဲဆန်းသစ် နေတဲ့အတွက် စိတ်ကူးယဉ်လွန်းသူ၊ ဒါမှမဟုတ် အတွေး လွတ်လပ်လွန်းသူလို့ သတ်မှတ်ခံရ လေ့ ရှိပါတယ်။
လက်ရှိ မြန်မာပြည်က ခေတ်ပြိုင်အနုပညာတွေနဲ့ ပတ်သက်လို့ သူသုံးသပ်တာကတော့ ဟာသ ရှုထောင့်ကလို့ ဆိုနိုင်မယ် ထင်ပါတယ်။
“ခေတ်ပြိုင် အနုပညာတွေ အခုခေတ်မှာ နည်းနည်းများ ဖောင်းပွနေသလားလို့”တဲ့။ တကယ်တော့ သူကိုယ်တိုင်လည်း ဒီခေတ်ပြိုင် အနုပညာတွေထဲ စီးပျော်နေသူပါ။ မျောပါ စီးဆင်းနေကြသူတွေထဲမှာ တင်ကျန်ရစ်မလား၊ မျောပါ ပျောက်ကွယ် သွားမလား ဆို တာ ကတော့ ဖန်တီးသူထက် ခံစားသူတွေက ဆုံးဖြတ်ကြပါလိမ့်မယ်။

ဈာမင်းထိုက်ရဲ့ ဘဝက ကြမ်းတမ်းတယ် လို့ ဆိုနိုင်ပါတယ်။ သူ့ဖခင်ဟာ သူ့ဇာတိ ကျိုက်ကော်မှာပဲ မတော်တဆ သေနတ်ထိမှန် သေဆုံးခဲ့ရတယ်။ သူထောင်ကျချိန်မှာ သူ့မိခင်ဟာ မုဆိုးမဘဝနဲ့ ရုန်းကန်ပြီး ရှိသမျှစီးပွားပျက်လို့ ရန်ကုန် ဆင်ခြေဖုံး တနေရာကို ပြောင်းရွှေ့ခဲ့ရတယ်။ သူကိုယ်တိုင်လည်း ပဋိပက္ခ ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူလို ဖြစ်ပါတယ်။
“ကျနော်တို့ နေ့စဉ် နေထိုင်ရချိန်မှာ ကြုံနေရတာတွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး စသည်ဖြင့် မှင်စာတွေက ခြောက်သလို ခြောက်လှန့်ခံနေရတာတွေ ရှိတယ်၊ တခါတလေ အဲဒါတွေက ကျနော်တို့ကို ပြောင်ပြနေ တယ်။ အဲဒါတွေကို တခါတလေမှာ ကိုယ်က ပြန်ပြီး ပြောင်ပြချင်တယ်”လို့ သူက ဆိုပါတယ်။
သူ့ရဲ့ ပန်းချီလက်ရာတွေဟာ လွတ်လပ်ပြီး အသစ်တခုခုကို ပေးချင်နေတယ် ဆိုတာကတော့ သူနဲ့ ဆယ်စုနှစ် တခုကျော် ရင်းနှီးခဲ့တဲ့ အတွက် ရိပ်မိခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဒါကို သဘောတူပါတယ်။ လူတွေဟာ ရင့်ကျက်မှု ရှိလာလေလေ၊ စိတ်ခံစားမှုကို ပိုထိန်းလာလေလို့ ဆိုရမလား။ တကယ်တော့ ဈာမင်းထိုက်ဟာ ပန်းချီဆရာထက် ကဗျာဆရာတဦး ဖြစ်ချင်ခဲ့သူပါ။
“ထောင်မကျခင်နဲ့ ထောင်ကျပြီးတဲ့ အချိန်မှာ ကျနော့် လက်ရာတွေ ကွာသွားတယ်။ ထောင်မကျခင်က အတတ်ပညာနည်းတယ်၊ စိတ်လှုပ်ရှားမှု ပိုတယ်။ ထောင်က ထွက်လာပြီးနောက်ပိုင်း ဖန်တီးတာကျတော့ စိတ်လှုပ်ရှားမှုထက် အတတ်ပညာကို ပိုဦးစားပေး လာတယ်။ ကိုယ်ရောက်ချင်တဲ့ Target ကို ရောက်အောင် သွားတာမျိုးပေါ့”လို့ ဈာမင်းထိုက်က ဆိုပါတယ်။
ကျောင်းတက်တုန်းက သူ့အပေါ်လွှမ်းမိုးခဲ့တဲ့ နိုင်ငံတကာ ပန်းချီဆရာတွေကတော့ ဂေါ်ဂင်၊ မားတီးစ်နဲ့ ဒီကူးနင်းတို့ ဖြစ်တယ် လို့ သိရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တစုံတယောက်ရဲ့ လွှမ်းမိုးမှုထက် သူ့ရဲ့ တကိုယ်ရေ ဖြစ်တည်မှုကို သူ့ဘာသာ သိလာခဲ့ တယ် လို့ ဈာမင်းထိုက်က ပြောပါတယ်။
“ဘဝကို အားကျတဲ့သူကို ပြောပါဆိုရင်တော့ ပီကာဆိုကို အားကျတယ်” လို့ သူက ဆိုပြန်တယ်။ အသက်အရွယ် ကြီးရင့်တဲ့ အထိ အနုပညာမျိုးစုံကို ဖန်တီးနေနိုင်ခဲ့တာ၊ တခြား နိုင်ငံတကာ အနုပညာရှင်တွေလောက် နာကျင်စရာ ကောင်းတဲ့၊ ရုန်းကန်ရတဲ့ ဘဝ မရှိခဲ့တာကို သူအားကျတာ ဖြစ်ပါလိမ့်မယ်။
လတ်တလောမှာ သူ့ရဲ့ မှင်စာစီးရီးတခုကို ရန်ကုန် မော်တင်ဆိပ်ကမ်းက TS1 အနုပညာပြခန်းမှာ တခြားအနုပညာရှင် ၆ ဦးရဲ့ လက်ရာတွေနဲ့အတူ “ဤခရီး ဝေးလှသည်” ဆိုတဲ့ ပြပွဲခေါင်းစဉ်အောက်မှာ တွဲဖက်ပြသထားပါတယ်။ ဈာမင်းထိုက်ဟာ ဘာကြောင့်များ သူ့ရဲ့ ခြောက်အိပ်မက်တွေကို အနုပညာတရပ်အဖြစ် အသွင်ပြောင်းပြီး ချပြရတာလဲဆိုတဲ့ အကြောင်းပြချက် ရှိပါတယ်။
ဤခရီးဝေးလှသည် ဆိုတဲ့ ပြပွဲမှာတော့ ဈာမင်းထိုက်က သူချပြထားတဲ့ အနုပညာနဲ့ပတ်သက်လို့ “ဘဝတွင် ထိတ်လန့် ချောက်ချားသော၊ ကိုယ်နှင့် မကင်းနိုင်သော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စသော အရာများကို ရည်ညွှန်းသည်” လို့ အကြောင်းပြချက် ပေးထားပါတယ်။ ။