The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသ
This article has been converted from Zawgyi One to Unicode
မြန်မာတို့ကို တော်လှန်ခဲ့တဲ့ ထိုင်းဘုရင် နရဲစွမ်နဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းနိုင်ငံတဝှန်းက ရုပ်ရှင်ရုံပေါင်း ၁၆၀ ကျော်မှာ မနေ့ကစတင်ပြီး အခမဲ့ ရုံတင် ပြသပေးနေပြီဖြစ်ပါတယ်။
The Legend of King Naresuan အပိုင်း ၅ ပြသချိန်ဟာ ထိုင်းနိုင်ငံမှ စစ်တပ်က အာဏာသိမ်းလိုက်ချိန်နဲ့လည်း တိုက်ဆိုင်နေပြီး အာဏာသိမ်း စစ်တပ်ရဲ့ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (NCPO) က ထိုင်းပြည်သူတွေ မျိုးချစ် စိတ်ဓာတ် မြှင့်တင်ဖို့ ဆိုတဲ့ အကြောင်းပြ ချက်နဲ့ အခမဲ့ပြသဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မနေ့ မနက်မှာတော့ ဒီရုပ်ရှင်ကားကို ကြည့်ရှု့ဖို့ ကုန်တိုက်ကြီးတွေရဲ့ ရုပ်ရှင်ရုံတွေမှာ တန်းစီ နေတဲ့ လူတန်း ကြီးကို ထိုင်းရဲနဲ့ စစ်သားတွေက စနစ်တကျတန်းစီဖို့ အသံချဲ့စက်နဲ့ အော်ကာ ထိန်းသိမ်းနေကြရပါတယ်။
ကြည့်ရှု့သူ အများစုဟာ သက်ကြီးရွယ်အိုပိုင်းနဲ့ ဆယ်ကျော်သက် ကလေးသူငယ်အများစု ဖြစ်ကြပြီး သူတို့တွေဟာ ရုပ်ရှင်မပြခင် ၃ နာရီလောက် အလိုကတည်းက ဝီရိယရှိရှိ လာရောက် တန်းစီနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီ The Legend of King Naresuan ရုပ်ရှင်ကားဟာ ထိုင်းလူမျိုးတွေကြား ဘယ်လောက် ရေပန်းစားလူကြိုက်များသလဲ ဆိုတော့၊ ရုပ်ရှင် မကြည့်တော့တာ နှစ်ပေါင်း ၄၀ ကျော် ရှိပြီဆိုတဲ့၊ တပ်ခရိုင် ဆူခိုထိုင်းမြို့မှာ နေသူ အသက် ၇၀ အရွယ် အဖိုးအို ဂျန့်နောင့် ပီယာနတ် တောင်မှ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဇနီးကိုခေါ်ကာ ပိစနုလောက်မြို့က ရုပ်ရှင်ရုံကို လာရောက်ကြည့်ရှုခဲ့တယ်လို့
ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
“ထိုင်းစစ်တပ်က အရင်က လူတွေ ပျော်ပျော်ရွှင်ရွှင်နေခဲ့သလို အခုလည်းပျော်အောင် ရုပ်ရှင်လက်မှတ် အလကားပေးမယ်ဆိုတော့ ငါတို့တကယ်ပျော်သွားပေါ့၊ ထိုင်းဘုရင်တွေရဲ့ မျိုးချစ်စိတ်၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ထိုင်းပြည်သူတွေကို တကယ်သိစေချင် တယ်” လို့ ပီယာနတ်က ဆိုပါတယ်။
ဘန်ကောက်၊ ချင်းမိုင်၊ ဟွာဟင်စတဲ့ မြို့ကြီးတွေမှာရှိတဲ့ ရုပ်ရှင်ရုံကြီးတွေမှာ လက်မှတ်အတွက် မနက် ၁၀ နာရီလောက်ကတည်း က တန်းစီနေကြရတယ်လို့လည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။
အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (NCPO) ရဲ့ ပြောခွင့်ရသူ ပတ်မာပွန် ရာတနာဒီလော့ န ဖုခက်ကတော့ ဒီလိုရုပ်ရှင်မျိုးကို အလကား ပြသလိုက်ရတဲ့ အကျိုးကတော့ ပျော်ရွှင်မှု အပြုံးတွေ ထိုင်းပြည်သူတွေဆီကို ရောက်ရှိလာဖို့ပါပဲလို့ ဆိုပါတယ်။
လွန်ခဲ့ ၁၆ ရာစုက မြန်မာ့လက်အောက်က ထိုင်းနိုင်ငံကို လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ Black Prince ခေါ် အယုဒ္ဓ ဘုရင် နရဲစွမ် အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ The Legend of King Naresuan ရုပ်ရှင် ဇာတ်လမ်းတွဲကြီးကို ထိုင်းတော်ဝင် မိသားစုဝင် မင်းသားကြီး ချတ်ထရီ ချလွမ်ယူကွန်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မင်းသား ချတ်ထရီ ချလွမ် ယူကွန်ဟာ မြန်မာများတွေနဲ့ ပတ်သက်တဲ့ သမိုင်းကားဖြစ်တဲ့ နာမည်ကျော် ဆူရီယိုထိုင်း ဇာတ်ကားကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။
The Legend of King Naresuan ဇာတ်လမ်းတွဲကို ၂၀၀၇ ခုနှစ်က ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ပြသခဲ့ရာ ထိုင်းဘတ် သန်း ၂၃၀ ရရှိခဲ့ပြီး နောက်လေးနှစ်အကြာ ၂၀၁၁ ခုနှစ်မှာ ပြသခဲ့တဲ့ တတိယပိုင်းက ဘတ်သန်း ၂၀၀ ရခဲ့ပါတယ်။ စတုထ္တပိုင်းမှာတော့ ဘတ်သန်း ၁၂၅ သန်း ရဖွယ်ရှိတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
အခု ပြသနေတဲ့ The Legend of King Naresuan ကတော့ ဘတ်သန်း ၁၅၀ ခန့် ပြန်လည်ရရှိနိုင်တယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။
နရဲစွမ် ဇာတ်ကားရဲ့ အဓိက ကျောရိုးကတော့ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ မြန်မာဘုရင် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဒယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော်သို့ ခေါ်ဆောင်ခဲ့ပြီး အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးခဲ့ပါတယ်။
ဘုရင့်နောင် နတ်ရွာစံပြီးနောက် သားတော် နန္ဒဘုရင် လက်ထက်မှာ မင်သား နရဲစွမ်က ထိုင်းလူမျိုးတွေကို စုစည်းပြီး မြန်မာဘုရင်ကို ပုန်ကန်ခြားနားကာ အယုဒ္ဒယကို ပြန်လည်ရယူခဲ့တဲ့ အကြောင်း ဖြစ်ပါတယ်။
ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန် ကတော့ ဘုရင်နရဲစွမ် အကြောင်းကို ရေးသား ရိုက်ကူးရာတဲ့နေရာမှာ ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့သူဖြစ်ပြီး မြန်မာတွေကို ထိုင်းတွေရဲ့ ထာဝရရန်သူအဖြစ် ရိုက်ကူးခြင်း မဟုတ်ကြောင်း အင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။