မြန်မာနိုင်ငံရှိ ဂီတပညာရှင်များအား နိုင်ငံတကာအဆင့်မီ ဂီတပညာရပ်များ ဖြန့်ဖြူးလိုသည့် ရည်ရွယ်ချက်ဖြင့် ပထမဆုံး မြန်မာဂီတပွဲတော် “Myanmar Music Festival” ကို ၁၀ ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါ ပွဲတော် ကျင်းပခြင်းအားဖြင့် နိုင်ငံတကာ အနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များ အကြား Platform တခုသဖွယ် ဖန်တီးပေးနိုင်မည် ဖြစ်ပြီး ဇွန် ၁၃ ရက်နေ့မှ စတင်၍ ဇွန် ၂၂ ရက်နေ့အထိ ကျင်းပနေပြီ ဖြစ်သည်။
ထိုဂီတပွဲတော်တွင် အမေရိကန် စန္ဒရားပညာရှင် Kimball Gallapher ၊ အမေရိကန် တယောပညာရှင် William Harvey၊ ထိုင်ဝမ် စန္ဒယားပညာရှင် Kaiyin Huan၊ ဆွစ်ဇာလန်မှ အသံပိုင်းဆိုင်ရာဂီတပညာရှင် Kirsty Griffitihs နှင့် မြန်မာနိုင်ငံမှ AOC Orchestra တီးဝိုင်းခေါင်းဆောင်တဦးဖြစ်သူ Saw James စသည့် ပညာရှင်များ ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။
“နိုင်ငံတကာအဆင့်မီ ဂီတပညာတွေကို ဖြန့်ဖြူးပေးဖို့နဲ့ မြန်မာပြည်မှာရှိတဲ့ဂီတပညာရှင်တွေ အနေနဲ့ နိုင်ငံတကာ ဂီတ တွေကို Live ခံစားနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီပွဲကို စီစဉ်ရခြင်းဖြစ်ပါတယ်။ နောက်တခုက ဒီလို နိုင်ငံတကာက ပညာရှင်တွေ လာရောက်ဖျော်ဖြေခြင်း အားဖြင့် လူမျိုးတမျိုးနဲ့တမျိုး ချစ်ကြည်မှုရရှိဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ နောက်တခုက ကိုယ့်နိုင်ငံမှာကော တခြားနိုင်ငံတွေ မှာပါ နိုင်ငံတကာ အဆင့်မီ ဂီတပညာတွေ သွားရောက်ဖျော်ဖြေ နိုင်ဖို့အတွက် ကျနော် အဲဒီလောက်အထိ ရည်ရွယ်ထားပါတယ်” ဟု မြန်မာဂီတပွဲတော်၏ စီစဉ်သူနှင့် အကြံပေးပုဂ္ဂိုလ် ကိုလင်းဇော်မင်းက ဧရာဝတီကို ပြောသည်။
ဖျော်ဖြေပွဲလုပ်မည့် နေရာများမှာ ကျောင်းများ၊ စာအုပ်ဆိုင်များ၊ အမေရိကန်သံရုံး၊ ဆွစ်ဇာလန်သံရုံး၊ Legacy Music School၊ Monuments Books စာအုပ်ဆိုင်၊ Myanmar Institute of Technology ကျောင်းများအထိ ပါဝင်မည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်း တကျောင်းတွင် လည်းကောင်း၊ ၁၄ ရက်နေ့က NLD ပညာရေးကွန်ရက် အောက်ရှိ အမေ့ဂီတ သင်တန်းကျောင်းတွင် လည်းကောင်း အသီးသီးဖျော်ဖြေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“မူလတန်းကျောင်းမှာ ကလေးတွေကို သွားဖျော်ဖြေရခြင်း အကြောင်းရင်းက နိုင်ငံခြားမှာဆိုရင် ကလေးတွေရဲ့ ကျောင်းပညာရေးမှာ ဂီတပညာဆိုတာ ထည့်သင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဂီတ၊ ပန်းချီလို ဘာသာရပ်တွေ ထည့်သင်ခြင်းအားဖြင့် ဉာဏ်ရည်တွေ၊ အသိခံစားမှု စွမ်းရည်တွေ တိုးတက်လာတယ်။ ဒီမှာတော့ နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းတွေကလွဲလို့ ပညာရေး စနစ်အရ သင်ပေးနိုင်စွမ်းက နည်းပါးတယ်။ အဲဒါကြောင့် ကလေးတွေကို သွားဖျော်ဖြေရခြင်း ဖြစ်ပါတယ်” ဟု ကိုလင်းဇော်မင်းက ရှင်းပြသည်။
ယင်းအပြင် လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် မနက် ၉ နာရီမှ ၁၀ နာရီအထိ မရမ်းကုန်းမြို့နယ်၊ နီကော ရိပ်သာလမ်းရှိ ခရေကျောင်းတွင် လည်းကောင်း၊ ၂၀ ရက်နေ့ ညနေ ၂ နာရီမှ ၄ နာရီအထိနှင့် ၂၁ ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအထိ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ – ဓမ္မတက္ကသိုလ် ကျမ်းစာသင်ကျောင်း တို့တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးနေ့ဖျော်ဖြေပွဲကို ယခုလ ၂၂ ရက် ညနေ ၆ နာရီခွဲအချိန် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဝဇီရာ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ် သွားမည်ဟု သိရသည်။ အဆိုပါနေ့ ဖျော်ဖြေပွဲတွင် Solo Piano ၊ Chamber Music ၊ Festival Choir ၊ Classical နှင့် ကမ္ဘာတလွှားမှ ထူးခြားသော ဂီတဖျော်ဖြေ တင်ဆင်မှုများ အပါအဝင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဂီတပညာရှင်များကလည်း မြန်မာ့ဂီတ တူရိယာ ဖျော်ဖြေမှုများနှင့်ပါ ဖျော်ဖြေတင်ဆက် သွားမည်ဟု သိရသည်။
“မြန်မာဂီတပွဲတော် နောက်ဆုံးနေ့မှာ ဖျော်ဖြေမယ့် တူရိယာတွေက Classical music ဆိုတော့ စန္ဒရား ပါတယ်၊ တယောပါတယ်၊ ပြီးတော့ အသံပိုင်း သီဆိုတဲ့သူ ပါတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဘက်က ပညာရှင်တွေ အနေနဲ့ မြန်မာ့ဂီတ တူရိယာတွေဖြစ်တဲ့ စောင်း၊ ခြောက်လုံး ပတ်ဗုံ၊ စည်းနဲ့ဝါး၊ မြန်မာ့ဂီတ အသံပိုင်းသီဆိုသူ အစရှိတဲ့ ပညာတွေရှင်တွေ ပါမယ်” ဟု ကိုလင်းဇော်မင်းက ဧရာဝတီကို ပြောသည်။
နောက်ဆုံးည ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ဒုဥက္ကဋ္ဌ ဦးသိန်းဟန်ကြည်က စောင်းကို အဓိကထား တီးခတ် ဖျော်ဖြေသွားမည်ဖြစ်ပြီ ဂီတစာဆို ဆရာဦးသက်ဆွေကလည်း ယင်းပွဲတွင် စန္ဒရားတီးခတ် ဖျော်ဖြေပေးသွားမည် ဟုလည်း သိရသည်။
“ဒီလိုနိုင်ငံတကာက ပညာရှင်တွေကို စုစည်းဖို့ အိုင်ဒီယာရပြီးကတည်းက ၁ နှစ်လောက် အချိန်ယူရတယ်။ ဒီလို လာရောက် ဖျော်ဖြေပေးနိုင်မယ့် နိုင်ငံအသီးသီးက ပညာရှင်တွေကို ပထမ အရင်ဆုံး လိုက်စုစည်းရတယ်။ လာပြီး ဖျော်ဖြေပေးတဲ့ ပညာရှင်တွေအားလုံးက နိုင်ငံအများအပြားမှာ တေးဂီတနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတွေ၊ ပရဟိတတွေ လုပ်နေတဲ့ သူတွေချည်းပဲဆိုတော့ အကုန်လုံးက အခမဲ့ လာဖျော်ဖြေပေးတဲ့ Volunteer သမားတွေချည်းပါပဲ” ဟု ကိုလင်းဇော်မင်းက ဆိုသည်။