မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မြန်မာဒါရိုက်တာ စိုင်းကောင်ခမ်း ရိုက်ကူးတဲ့ This Land is Our Land (ဒါဒို့မြေ) အမည်ရှိ ဇာတ်ကားက ဆု ၂ ဆု ရရှိသွားခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Junction Square မှာရှိတဲ့ Junction Cineplex ရုပ်ရှင်ရုံနဲ့ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က ဝဇီရာရုပ်ရှင်ရုံတို့မှာ ကျင်းပခဲ့တဲ့ ဒီရုပ်ရှင်ပွဲတော် အတွက် ဆုပေးပွဲကို ဇွန် ၁၉ ရက်နေ့ ညနေက ရန်ကုန် ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ပွဲတော်အတွင်းမှာ နိုင်ငံတကာရုပ်ရှင်ကား ၂၆ ကား၊ အာဆီယံ ရုပ်ရှင်ကား ၉ ကားနဲ့ ပြည်တွင်း ရုပ်ရှင်ကား ၃၂ ကား ဆိုပြီး စုစုပေါင်း မှတ်တမ်းရုပ်ရှင်ကား ၆၇ ကား ပြသခဲ့တဲ့ အထဲကမှ ဒေါ်အောင်ဆန်းစုကြည်ဆု ၃ ဆု၊ မင်းကိုနိုင်ဆု၊ March ၁၃ ဆု၊ ဟံသာဝတီ ဦးဝင်းတင်ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆု အစရှိတဲ့ ဆု ၈ ဆုကို အသီးသီး ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆုရရှိခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဆု ၃ ဆုမှာ နိုင်ငံတကာရုပ်ရှင်ကားကို တောင်အာဖရိကက ဒါရိုက်တာ Rehad Desai ရိုက်ကူးထားတဲ့ Miners Shot Down၊ အာဆီယံ ရုပ်ရှင်ကားဆုကို ကမ္ဘောဒီးယား ဒါရိုက်တာ Anne-Laure Poree နဲ့ Guillaume Suon တို့ရိုက်ကူးထားတဲ့ The Last Refugee ဇာတ်ကားနဲ့ ပြည်တွင်းရုပ်ရှင်ကား များထဲက မြန်မာဒါရိုက်တာ စိုင်းကောင်ခမ်း ရိုက်ကူးတဲ့ This Land is Our Land (ဒါဒို့မြေ) အမည်ရှိ ဇာတ်ကားတို့ ရရှိသွားခဲ့ပါတယ်။
This Land is Our Land ဆိုတဲ့ ဇာတ်ကားက လတ်တလောမှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ မတရား မြေယာသိမ်းခံရမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ ကမ်းပါးပြိုမှုတွေကြောင့် ရွာလုံးကျွတ်လိုက် ဒုက္ခရောက်မှုတွေနဲ့ စက်ရုံတည်ဆောက်မှု တွေကြောင့် ဒေသခံ လူထုရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ အစရှိတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေအပါအဝင် မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေကို ရိုက်ကူးတင်ပြထားတာတဲ့ မှတ်တမ်းရုပ်ရှင်ကား တကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ မတူညီတဲ့ အရပ်ဒေသအသီးသီးမှာ မတူညီတဲ့အခက်အခဲ အမျိုးမျိုးနဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရတဲ့ လယ်သမားငါးဦးကို အင်တာဗျူးလုပ်ပြီး သူတို့ပြောပြတဲ့ သူတို့ရဲ့အခက်အခဲတွေ၊ သူတို့တကယ် ရင်ဆိုင် ဖြေရှင်းနေရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာတွေကို ရိုက်ကူး တင်ပြထားတာကို တွေ့ရပါတယ်။
ဇာတ်လမ်းအစမှာ အခြေခံလူတန်းစား တောရွာကျေးလက် ဒေသက ကလေးတွေရဲ့ ကဗျာရွတ်သံ၊ စာရွတ်သံတို့နဲ့ အစဖော်ထားပြီး “ဒါတို့ပြည်၊ ဒါတို့မြေ၊ ဒို့ပိုင်တဲ့မြေ” ဆိုတဲ့ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုနေတဲ့ ဇာတ်ဝင်ခန်းကနေ စတင် ပုံဖော်ထားပြီး ဇာတ်လမ်းအဆုံးမှာလည်း ကလေးတွေက သူတို့ တယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ ပွင့်လင်းတဲ့ အတွေးခေါ်တွေထဲက သူ့တို့ဖြစ်ချင်တဲ့ အနာဂတ် စိတ်ကူးတွေကို တယောက်တပေါက် ပြောထားတဲ့ ဇာတ်ဝင်ခန်းနဲ့ အဆုံးသတ်ထားတာ ဖြစ်ပါတယ်။
ပြီးတော့ မင်းကိုနိုင်ဆု The best short films ဆုအဖြစ် Joses Dennis C နဲ့ Teodosio တို့က An Untold Story ဇာတ်ကား၊ March 13 ဆု The best animated films ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုလတ် ရိုက်ကူးတဲ့ The Seller ဆိုတဲ့ဇာတ်ကားနဲ့ ယခုနှစ်မှာ တိုးချဲ့ပေးအပ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ဆုကိုတော့ ဒါရိုက်တာကောင်းဆင့် ရိုက်ကူးတဲ့ Enter အမည်ရှိ မှတ်တမ်း ရုပ်ရှင်ဇာတ်ကားတို့က အသီးသီး ရရှိခဲ့ပါတယ်။
The Seller ဆိုတဲ့ Animation ဇာတ်ကားဟာ Animated Cartoon ဇာတ်ကောင်ကို အခြေတည်ပြီး ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတို တကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ကိုယ့်တိုင်းပြည်က သယံဇာတတွေကို မတရားရောင်းစားနေတဲ့ ခရိုနီတွေအကြောင်း မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။
တိုင်းပြည်မှာရှိသမျှ ပစ္စည်းတွေကို ရောင်းစားထားပြီး စည်းစိမ်တွေနဲ့ ပျော်မွေ့နေတဲ့ ခရိုနီကြီးတယောက်က နောက်ဆုံး ရောင်းစရာမရှိတဲ့အဆုံး သူနေတဲ့ ကျွန်း၊ သူနေတဲ့ မြေကိုပါ ရောင်းချလိုက်လို့ ကျွန်းပေါ်ကနေ ကန်ချခံရ၊ ပင်လယ်ထဲမှာ မလှမပ ဘဝ အဆုံးသတ်သွားရတဲ့ အကြောင်းကို တိုတိုနဲ့ထိထိ ရိုက်ကူးပြထားတဲ့ Animation ကာတွန်း ဇာတ်ကား ကောင်း တခုပါ။
ဒီနှစ်မှာ ထူးထူးခြားခြား အသစ်ပေးတဲ့ ဆုတဆုဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ဆုကို ရရှိသွားတဲ့ Enter ဆိုတဲ့ ဇာတ်ကား ကတော့ ထောင်ထဲမှာ ကြိုးတိုက်ကျခံထားရတဲ့ လူတယောက်ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုကို ပီပီပြင်ပြင် ပုံဖော်ရိုက်ကူး ထားတာကို တွေ့ရပါတယ်။
ထောင်ကျနေတဲ့ လူတယောက် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် အမျိုးမျိုး ပြုပြင်တည်ဆောက်ရင်း မတရား အနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုတွေ ကြားကနေ ဘဝကို ကြံ့ကြံ့ခံ အားတင်းဖြတ်သန်းရင်း ထောင်ထဲကနေ့တွေကို ရေတွက် ကျော်ဖြတ်ခဲ့ပုံတွေကို သဘာဝကျကျ ရိုက်ကူး ပြသထားတာကို တွေ့ရပါတယ်။ နိုင်ငံရေးဘလော့ဂ်တခုကို ရေးလို့ အကျဉ်းကျသွားတဲ့ လူငယ်တယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပြီး အကျဉ်းကျနေတဲ့ လူတယောက်ရဲ့ ယခင် အကျဉ်းမကျခင်က လွတ်လပ်နေတဲ့ အတွေးနဲ့ ယခုကျဉ်းကြပ်နေတဲ့အတွေးတို့ကို နှိုင်းယှဉ်ပြသထားတဲ့ ဇာတ်ကားကောင်း တခုဖြစ်တယ်။
Vaclav Havel Library ဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆု ၁ ဆုရရှိပြီးသားဖြစ်တဲ့ ဒါရိုက်တာ စိုင်းကောင်ခမ်း ရဲ့This Land is Our Land (ဒါဒို့မြေ) ဆိုတဲ့ ဇာတ်ကားကပဲ ထပ်ဆင့် ပြန်ရရှိခဲ့တာဖြစ်ပါတယ်။
နောက်ဆုံး ရင်အခုန်ရဆုံးဆုလို့ ပြောလို့ရတဲ့ Peter Wintonick ဆုကိုတော့ မကြေညာခင်မှာ ဒီဆုမရွေးချယ်ခင်က မပြဖြစ်လိုက်တဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့ “အမိုးမရှိတဲ့ ကောင်းကင်” ဆိုတဲ့ ဘာသာရေးနောက်ခံ ငြိမ်းချမ်းရေး ရုပ်ရှင်ကားကို ပေးဖို့ ယာယီရွေးချယ်ခဲ့ပေမယ့် ရိုက်ကူးသူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေး အစရှိတဲ့ အကြောင်း အမျိုးမျိုးကြောင့် ပြပွဲမှာ မပြဖြစ်ခဲ့တဲ့အတွက် ဒါရိုက်တာ ခင်ဆုကြည်၊ စိန်လင်း၊ မင်းသန်းဦးတို့ ရိုက်ကူးထားတဲ့ “ပုဒ်မ ၁၈” အမည်ရှိတဲ့ မိနစ် ၂၀ စာ မှတ်တမ်းရုပ်ရှင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
“ပုဒ်မ ၁၈” ဇာတ်ကားကတော့ ဒီနေ့ခေတ်မှာ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက တက်ကြွလှုပ်ရှားသူတွေ လက်ရှိကြုံတွေ့နေကြရတဲ့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အဟန့်အတား ဖြစ်စေတဲ့၊ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ အကြောင်းကို ရိုက်ကူးတင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ငြိမ်းချမ်းရေး လှုပ်ရှားသူ မမေစံပယ်ဖြူ၊ မဖွေးယုမွန်တို့ကို အာဏာပိုင်တို့က ပုဒ်မ ၁၈ နဲ့ မတရားဖမ်းဆီးခဲ့တဲ့ အကြောင်း တို့ကို ရိုက်ကူးတင်ပြထားတာ တွေ့ရပါတယ်။
ဆုပေးပွဲအခမ်းအနားအတွင်းမှာ ဆုရဇာတ်ကားတချို့ကိုသာ ပြန်လည်ပြသခဲ့ပြီး တချို့ဇာတ်ကားတွေကို ဆုရရှိပေမယ့် အချိန်ကို ကန့်သတ်ငဲ့ညှာသောအားဖြင့် ပြသခြင်းမရှိခဲ့ပါဘူး။ ဇာတ်ကားတွေ ဆုပေးဖို့ စိစစ်ရွေးချယ်တဲ့ Jury အဖွဲ့ စုစုပေါင်း ၆ ဖွဲ့ရှိပြီး Juries for International Competition မှာ Jury ၅ ဦးပါဝင်ပြီး ကျန် ၅ ဖွဲ့မှာ Jury သုံးဦးစီ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။