ကာလရှည်မြင့်စွာကပင် စိုးရွံ့လှုပ်ခြောက်ခဲ့သော စိတ်ခံစားချက် တခုသည် အမှန်ပင် ဖြစ်တည်ခဲ့လေပြီ။
ခြေလှမ်းတို့ကို အရှိန်မလျှော့ဘဲ အားသွန် ပြေးလွှားသွားခဲ့ သော်ငြားလည်း အလွန်ဝင့်ထည် ကြီးမားသော သင်္ဘောကြီးက မီးခိုး တွေ တန်းနေအောင် ထောင်ထရင်း၊ သင်္ဘောခုတ်မောင်းသွားရာ လမ်းတလျှောက်မှာ ရေပန်းတွေက ဖွားခနဲ ဖွားခနဲ လွင့်ဖွာရင်း အရှိန်ပြင်းပြင်းဖြင့် ဘယ်သူ့ကိုမျှ စောင်းငဲ့ကြည့်မနေတော့ဘဲ ခုတ်မောင်းထွက်ခွာ ခဲ့ပေပြီ။
ကမ်းစပ်မှာ သေလုမတတ်အမောဆို့ရင်း ရပ်ကျန်နေခဲ့သော ကျမတို့ကို ယောင်ယောင်ကလေးသော်မျှပင် လှည့်ပြောင်းမကြည့် တော့ ဘဲ ဥပေက္ခာကြီးမားစွာ ဝေးကွာ စိမ်းသက်သွားသော သင်္ဘောကြီးကို ကျမ ဝမ်းနည်းနာကျင်ရခြင်းတို့များစွာ ဆို့နင့် ကြေကွဲရခြင်းတို့များစွာဖြင့် အငေးသားလှမ်းမျှော်ကြည့်နေခဲ့ရပြီ။
စိန်ပန်းနီနီတို့ ရဲရဲလှုပ်လှုပ် ပွင့်ရှာလေသော မေလ၏ တနံနက်ခင်း၊ ငုပန်းတို့ ဝါဝါရင့်ရင့် ပင်လုံးကျွတ်ထအောင် မာနကင်းစွာ ပွင့်ရှာလေသော မေလ ၏ တနံနက်ခင်း၊ ခရမ်းပြာပျဉ်းမတို့ လွင့်ဝဲယိမ်းကကာ မိုးခေါ် မိုးမျှော်နေ ရှာလေသော မေလ၏ တနံနက်ခင်းမှာပဲ၊ မေလကုန်ရက်တွင် လောကထဲ ပို့ဆောင်ပေးခဲ့သော သူ့ကို၊ လောကထဲကနေ ပြန်လည် ဆွဲထုတ်သွားခဲ့လေပြီ။
သဘာဝ လောကကြီးကို ချစ်မြတ်နိုးတာချင်း တူညီသော သူနှင့် ကျမတို့ နှစ်ယောက်သားတို့သည် ထောင့်သုံးထောင့် ညီ၊ အနား သုံးနားညီသော တြိဂံတစ်ခုကို ပြိုင်တူတည်ဆောက်ခဲ့ကြသည်။ တဦးရင်ထဲကို ခပ်ပြင်းပြင်း ခပ်ဆောင့်ဆောင့် ဝင်ရောက်ရင်း သန့်ရှင်း စင်ကြယ်စွာ တည်ဆောက်ထားခဲ့သော တြိဂံတခု၏ တူညီ အနားတဖက်က ထာဝရ ပြုတ်ထွက် သွားခဲ့ချေပြီ ဖြစ်သည်။
“ဟဲလို… မကြည်မွေ့အိမ်လား ဟင်..၊ ကျမ ချောစုပါ”
တယ်လီဖုန်းကိုင်ထားသော လက်က တဆတ်ဆတ် ခါနေသဖြင့် ဖုန်းကို တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ကိုင်ထားရ၏။ လူက လှုပ် ခနဲ ယိမ်းထိုးသွား သေးသည် ထင်၏။
“ဖေဖေရယ်လေ၊ ဖေဖေရယ် ဖေဖေဆုံးသွားပြီ မကြည်မွေ့အိမ်၊ ဒီနေ့ နေ့လယ် ၂ နာရီမှာ မီးသင်္ဂြိုဟ်မယ်” နောက်ဆက်တွဲ တုန်ရီ နစ်မြုပ်သွားသော စကားလုံးများကို ကျမ ပီပီသသ မကြားတော့ပြီ။
“ကမ္ဘာကြီးကို လူတလုံး သူတလုံး ဖြစ်အောင် လုပ်ပေးနိုင်တာ အနုပညာသမားပဲဗျ”
သူက ထိုသို့ အလွန်ကြီးကျယ်စွာ တခမ်းတနား ဂုဏ်တင်ပြောတတ်သူလည်း ဖြစ်လေသေးသည်။
“ခင်ဗျားတို့ ဒီစာအုပ်ကို ဖတ်စမ်းဗျာ”
“ဟင့်အင်း၊ ချို လုံးဝ လက်မခံပါဘူး”
“အင်း… ကိုယ်ကတော့ ကြိုက်တယ်ကွ”
မတူညီသော အယူအဆရေးရာ တို့ကို အာခေါင်ကွဲလု မတတ် ငြင်းခုံကြရင်း၊ ဆွေးနွေးထောက်ပြ ကြရင်း တဖြည်းဖြည်းချင်း ရင်ချင်းဆက်လု မတတ် နီးကပ်လာခဲ့သော သူငယ်ချင်း ၃ ဦးသား။ တဦး စာမူကြမ်းကို တဦးက ဖတ်ရှုကြရင်း အေးစက်နေသော လက် ဖက်ရည် တခွက်မှာ ချိုမြနွေးထွေးခြင်းတို့ ကာလ ရှည်မောစွာ ပျော်ဝင် နစ်မြုပ် ဖူးလေသည်။
“ဘာသာ ပြန်စာပေဆိုတာ ယဉ်ကျေးမှုချင်း ဖလှယ်တဲ့ အနုပညာ အမျိုးအစား တမျိုးပါဗျ” လို့ဆိုကာ ရှားပါးပြီး အားကောင်းသော ကမ္ဘာ့စာပေ ဇာတ်ခုံပေါ်မှ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်း ဝတ္ထုတို့ကို ပြန်ဆိုရေးဖွဲ့သူ သူငယ်ချင်း ဆရာ။ “အရုဏ်” ကို ပြန်ဆိုခဲ့သူ၊ ဘာသာပြန် ဝတ္ထုတိုပေါင်းချုပ် စာအုပ် ထွက်ခဲ့သူ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ ဖြစ်သည့် မဟေသီနှင့် ဗြူတီ တို့တွင် ဘာသာပြန်မဂ္ဂဇင်း ဝတ္ထုတိုများ စိုက်လိုက် မတ်တတ် ရေးခဲ့သူ၊ ကျမတို့ရဲ့စာမူတွေကို တတိုက်ဝင် တတိုက်ထွက် ပို့ပေးခဲ့သူ၊ ကျမတို့ ကိုယ်စား စိတ်ဆိုးမာန်ဆိုး ရန်ခံဖြစ်ပေးသည့် သူငယ်ချင်း။
အနုပညာ စိတ်ရင်းဖြင့် ရှင်းလင်းစွာ ရင်ချင်းကူးခဲ့သော နားလည်မှု အနားတဘက်ဖြစ်သည်။ ဆရာ သူငယ်ချင်း၊ သူငယ်ချင်း ဆရာ၊ မောင်တင်မွန်။
ကုန်လွန် ကျပျောက်ခဲ့ပြီးသည့် ဟိုးရှေးသရော အခါ ကာလဆီတုန်းက အမှန်တကယ် ဖြစ်တည် ပျက်စီးခဲ့ပြီ ဖြစ်သော ဆယ်စုနှစ် နှစ်စု နီးပါးကာလ ဟူသည် မည်သို့သော အဓိပ္ပာယ်မျိုးနှင့် မည်သို့သော ပုံပန်းသဏ္ဌာန် မျိုးကို ဖော်ဆောင် ပါသနည်း။ ဒီအနုပညာ ကျင်း နက်နက်ထဲမှာ တူညီစွာ ကူးခပ် လူးလာ ပျံသန်း ကြရင်း တနေ့သော အခုလိုအခါမှာ အလွန် ကွဲလွယ် ရှလွယ်သော၊ အထိ အခိုက် အပွန်းအပဲ့ မခံနိုင်သော၊ သူ၏ သိမ်မွေ့နူးညံ့သော နှလုံးအစုံကို ဖျက်လို ဖျက်ဆီး ပြုခဲ့သည့် အရာများတွင် ကျမတို့ကို ချစ် ခင်ရသော ချစ်ခြင်း တရားများကော အပါအဝင် ဖြစ်ခဲ့လေသေးသည် လား။
ရင်တို့ နာကျင်ပင်ပန်း လှချေ၏။ သူ မတွန်းလှန် မခုခံနိုင်ခဲ့သော အရာသည် “သေရည်” မဟုတ်ခဲ့ဘဲ၊ “သံယောဇဉ်” တခုသာ ဖြစ် သည် ဆိုငြားအံ့။ ထိုအချက်သည်ပင် ကျမတို့ကို ကြီးစွာလဲပြို ယိမ်းယိုင်သွားစေသော ထိုးနှက်ချက် တခု ဖြစ်လေတော့ပြီ။ သူလာတိုင်း ရုံးမှာ ပျားပန်းခပ် ပြေးလွှားနေရသော ကျမတို့ ရုံးဝန်ထမ်း နှစ်ယောက်ကို လက်ဖက်ရည်ဆိုင် ကျဉ်းကျဉ်း ကလေးထဲ မှာ ပြောစရာစကားပေါင်း မြောက်မြားစွာကို မျိုချသိမ်းဆည်းကာ စောင့်မျှော်ရင်း အထီးကျန်စွာ တနေ့တာ အိမ်ပြန်သွားရသည့် ဝေဒနာကား ကျမတို့၏ ဆရာသူငယ်ချင်း တယောက် မတွန်းလှန် ပစ်နိုင်ခဲ့သည့် စိတ်ဒုက္ခထဲတွင်များ ပါဝင်လေခဲ့သေးသည် လား။ တွေးမိတိုင်း နင့်နင့်သီးသီး လွမ်းဆွတ် တမ်းတရပါဘိ။
လွတ်လပ်ရိုးသားခြင်း အနုပညာတခုကိုသာ ဆုပ်ဆုပ်ကိုင်ကိုင် ဖက်တွယ်ခဲ့သော သူ့တွင် ရစရာ ယူစရာ ဘာမျှ ရှိခဲ့ဖူးသည်လည်း မဟုတ်ပါ။ သူ့တွင် ငွေကြေး၊ အရှိန်အဝါ၊ ပကာသန၊ အဆောင်အယောင်၊ ဂုဏ်နှင့် ဩဇာ တိက္ကမတို့ ဘာဆိုဘာမျှ မရှိခဲ့ဖူးပါ။ သူ့တွင်ရှိသော အနုပညာကို ခုံမင်ရူးသွပ် စိတ်နှင့် ထိုအရာကို တန်ဖိုးထား စောင့်ရှောက်ခဲ့သော သစ္စာတရားကိုသာ ကျမက လူတလုံး သူတလုံး လွမ်းတနေခဲ့သည် မဟုတ်လား။ ထိုက်တန် စွာ စောင့်ရှောက်ခဲ့သော ရိုးသားခြင်း သစ္စာတရား အနုဿယကိုသာ ကျမ တို့ နှလုံးသားများက ငတ်မွတ် တောင့်တခဲ့ကြသည်ပဲ မဟုတ်လား။
ကျမတို့ရဲ့ သူငယ်ချင်းဆရာ၊ ဆရာ သူငယ်ချင်း။ လူတွေ အထင်ကြီး အံ့ဩငေးမော ရလောက်အောင် လူလုံးပြ ကြွားဝါခြင်း အမှုများ တခါဖူးတောင်မျှ ယောင်လို့ မပြခဲ့ဘူးပေမယ့် ကျမတို့တတွေရဲ့ ဖြူစင်တဲ့ အသည်းနှလုံးထဲမှာ စစ်မှန်တဲ့ အလှတရားတခုကို ခိုင်တွယ်ဖွဲ့နှောင် ပေးသွားနိုင်ခဲ့ပြီပေါ့။ သွားပါဆရာ။ လုပ်စရာရှိတာ တွေကို လုပ်ထားနှင့်ပါ။ လေ့လာစရာ ရှိတာတွေကို လေ့လာ သင်ယူထားနှင့်ပါ။ ကျမတို့ လိုက်လာကြတဲ့ အခါ အခုလိုမျိုးပဲ ကျမတို့ကို ဆီးပြီး ဆရာကြီးဂိုက်နဲ့ ကြိုဆိုနိုင်အောင်ပေါ့။ လက်ဖက် ရည်ဆိုင် ကျဉ်းကျဉ်းလေးထဲမှာ ဆရာရဲ့ အသံကျယ်ကျယ်ကြီးနဲ့ လေ။ ဆရာရေ …၊ သူယ်ချင်းရေ …။ ။