SARAH ရဲ့ လိပ်ခွံ
This article has been converted from Zawgyi One to Unicode
ဒီကနေ့ Rock ဂီတမြေပေါ်မှာ အသံပါဝါ အားကောင်းတဲ့ လူငယ် Vocalist တဦးနဲ့ တီးခတ်မှု စွမ်းရည် အလားအလာ ရှိတဲ့ လူငယ် Player တွေ စုဖွဲ့ထားတဲ့ ကြယ်စင်စု တစု ပေါ်ထွက်လာခဲ့ ပြန်လေရဲ့။ အဲဒီ ကြယ်စင်စု အဖွဲ့ကတော့ SARAH လို့ အမည်ရတဲ့ ဂီတ အဖွဲ့ပဲ ဖြစ်ပါတယ်။ `Underground´ ဂီတလောကမှာ အချိန်အတော်ကြာ လှုပ်ရှားခဲ့တဲ့ သူတို့အဖွဲ့ဟာ “လိပ်ခွံ” လို့ Title ပေးထား တဲ့ ပွဲဦးထွက် Album နဲ့ Upground ဂီတမြေပေါ်ကို ခြေတလှမ်းချလာခဲ့ ပါတယ်။
သူတို့အဖွဲ့ရဲ့ ပွဲဦးထွက် Album ဖြစ်သလို၊ Upground ဂီတမြေပေါ်မှာ သူတို့ရဲ့ ပထမခြေတလှမ်းကို အမိအရ ကုပ်တွယ် ထားနိုင်ဖို့ စနစ်တကျနဲ့ အားထုတ် ကြိုးစားခဲ့ကြတာကြောင့် သူတို့ ဖန်တီးခဲ့တဲ့ “လိပ်ခွံ” Album ထဲက သီချင်း အများစုဟာ Rock ဂီတ ကျောက်သား မြေပေါ်မှာ အားရစရာ ကောင်းလောက်အောင် ကျစ်လျစ်သိပ်သည်းစွာ အမြစ်တွယ် ရှင်သန်နိုင်ခဲ့ပါတယ်။
SARAH အဖွဲ့ဟာ လက်ရှိအောင်မြင်မှု ရထားတဲ့ Wanted, Idiots နဲ့ Reason အဖွဲ့တွေလို ခေတ်သစ် Rock ဂီတပုံစံပေါ်မှာ အခြေ တည်ထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ အဖွဲ့ရဲ့ ထူးခြားမှုတခုက Voaclist မင်းခန့်ဇော် (SARAH) ရဲ့ Vocal Color နဲ့ အသံပါဝါ အားကောင်းမှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက် တခုက Vocal Color က မငြိမ်ဘဲ နာမည်ရ အဆိုရှင်တချို့ရဲ့ Tone Color မျိုးတွေ ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကလည်း သူနှစ်သက်ခဲ့တဲ့ အဆိုရှင်အချို့ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ်။
ဒါ့အပြင် တချို့နေရာတွေမှာလည်း Vocal Tone ကို တမင် မကြီး ကြီးအောင် လုပ်ဆိုထားသလို ခံစားရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Rock ဂီတမြေပေါ်မှာ တကယ် အရည်အသွေးရှိတဲ့ လူငယ်ကြယ်စင်စုတွေ အားနည်းနေသေးတဲ့ အချိန်မှာ အခုလို အရည်အသွေးရှိတဲ့ SARAH လို ဂီတကြယ်စင်စု အဖွဲ့ ပေါ်ထွက်လာတာ ကိုတော့ လက်ကမ်းကြိုရမှာပဲ ဖြစ်ပါတယ်။
သီချင်း ၁၃ ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ ဒီ Album ရဲ့ အဖွင့်သီချင်းဖြစ်တဲ့ “ရင်ခွင်ပင်လယ်” ဟာ တေးရေး HAK ရဲ့ လက်ရာကောင်း Rock သီချင်းတပုဒ် ဖြစ်ပါတယ်။ Rock Album တွေထဲမှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ ပုံစံအတိုင်း ဒီ Album ရဲ့ အဖွင့်သီချင်း ကိုလည်း နားစွဲလွယ်စေမယ့် အပြင်းစား Rock သီချင်းတပုဒ်နဲ့ စဖွင့်ထားတာ တွေ့ရပါတယ်။ အားကောင်းပြီး နားစွဲလွယ်မယ့် သီချင်း ကို အဖွင့်သီချင်း အဖြစ် တင်လိုက်တော့ ဒီသီချင်းကို နားထောင်ပြီးသွားတဲ့ အခါ နောက်သီချင်းတွေကို ဆက်နားထောင်ဖို့ အာသီသ ပိုရှိလာခဲ့ပါတယ်။
ဒီသီချင်းရဲ့ Frame က ကျစ်လျစ်သေသပ်ပြီး Rock အပြင်းစား သီချင်းတပုဒ်ရဲ့ စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီမှု ရှိတာကို တွေ့ရပါတယ်။ ဒီသီချင်းမှာ အားကောင်းတဲ့ Guitar Vamp တွေနဲ့ Solo ပိုင်းမှာ တိကျသေသပ်တဲ့ Guitar Riff တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ Intro အပြီး Verse အပိုဒ်နဲ့ ချိတ်ဆက်ခါနီးမှာ မင်းခန့်ဇော် (SARAH) ရဲ့ Expression ပါတဲ့ အာမေဋိတ်သံနဲ့ ဆိုသွားပုံကလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။
သီချင်း အကြောင်းအရာက အချစ်အကြောင်းကို ဖွဲ့ထားတာ ဖြစ်ပေမယ့် ကျောက်ဆစ်ရုပ်လို ခံစားချက်မျိုး ရှိတဲ့ မိန်းကလေး တယောက်ရဲ့ နှလုံးသားကို တိုက်စားနိုင်ဖို့ ပင်လယ်ပြင်လို ခွန်အားရှိဖို့ လိုတယ် ဆိုတဲ့ ရှုထောင့်ကနေ တင်စား ရေးဖွဲ့ထားတာမို့ သီချင်းပုံစံနဲ့လည်း လိုက်ဖက်မှု ရှိတာကို တွေ့ရပါတယ်။
အထူးသဖြင့် Chorus အပိုဒ်တွေမှာ SARAH ရဲ့ Expression နဲ့ Vocal Force က နားဆင်ခံစားသူရဲ့ ရင်ကို သက်ဝင်လှုပ်နှိုး နိုင် စေခဲ့ပြီး Crack အနည်းငယ် စွက်ထားတဲ့ Pitch တွေနဲ့ ရယ်သံတွေကလည်း တကယ်ကို စွဲမက်ဖွယ် ဖြစ်စေခဲ့ပါတယ်။ တချို့ အမြင့် သံတွေမှာ လေးဖြူ ရဲ့ Vocal Color နဲ့ ဆင်သယောင် ဖြစ်နေတာကလွဲလို့ SARAH ရဲ့ ပင်ကိုသံ စစ်စစ်ကို နားဆင်ခံစားရတဲ့ သီချင်း တပုဒ်လို့ ဆိုရင်လည်း မမှားပါဘူး။
သီချင်းအစကနေ အဆုံးထိ Music Style အရရော၊ စာသားအကြောင်းအရာ အရရော၊ Arrangement ပိုင်းရော၊ Vocal ပါ အားလုံး ပြီးပြည့်စုံတဲ့ Rock သီချင်းကောင်း တပုဒ် အဖြစ် SARAH ရဲ့ အိပ်မက်တွေကို သက်ဝင်နိုးထလာ စေခဲ့ပါတယ်။
“အိပ်မက်ထဲမှာ” ဆိုတဲ့ သီချင်းလေးက HAK ရဲ့ ခံစားမှုအားကောင်းတဲ့ လက်ရာမွန် သီချင်းတပုဒ်ပါပဲ။ Piano နဲ့ Intro ကို စဖွင့် ထားတဲ့ ပုံစံက ထူးခြားပြီး Verse အဝင်မှာ Mood နဲ့ Vocal Only သီဆိုသွားတဲ့ ဟန်က စွဲမက်ဖွယ် ဖြစ်ခဲ့ပါ တယ်။ Piano Mood ပုံစံ ဖန်တီးထားတဲ့ သီချင်းဖြစ်တဲ့ အတိုင်း အလွမ်းဘက်ကို ယိုင်ပြီး ညည်းညည်းညူညူ ပုံစံမျိုးလေး ဖြစ်အောင် သီ်ဆိုထားတဲ့ Vocal Color တွေက ဆွဲဆောင်မှု ရှိလှသလို၊ ဘဝကို အိပ်မက်နဲ့ ပုံနှိုင်းထားတဲ့ သီချင်း အကြောင်းအရာ ကလည်း အချစ်ထက် ဒဿနဆန်တဲ့ ဘက်ကို ပိုရောက်တာ တွေ့ရပါတယ်။
“သံသရာထဲ အသက်ရှိနေသမျှ တွေ့ကြုံမယ်၊ ငါသိနေလည်း လူသားတယောက်မို့ ငါခံစားနေရတယ်” ဆိုတဲ့ စကားလုံး အသုံးအနှုန်း မျိုးက ထိထိမိမိ ရှိလှပြီး Expression အပြည့်ထည့်ထားတဲ့ SARAH ရဲ့ Vocal နဲ့ ပေါင်းဖက်လိုက်တဲ့ အခါမှာတော့ လွမ်းမော စရာကောင်းတဲ့ သီချင်းလေးတပုဒ် ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် Melodic ဖြစ်လှတဲ့ Pre ပိုဒ်ကြောင့် ဒီသီချင်းဟာ ပိုပြီး သက်ဝင် လှပသွားခဲ့တာမို့ အဆွေးဓာတ်ခံရှိသူတွေ နားဆင်ခံစားလို့ ကောင်းမယ့် Slow Rock သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album မထွက်ခင်ကတည်းက အင်တာနက်ပေါ်က တဆင့် SARAH အဖွဲ့ကို သတိထားမိစေခဲ့တဲ့ သီချင်း တပုဒ်ကတော့ “အိပ်မက်ထဲမှာ” သီချင်းထက် ပိုပြီး လေးနက်တဲ့ ဘဝဒဿနကို ခံစားရေးဖွဲ့ထားတဲ့ HAK ရဲ့ နောက်ထပ် လက်ရာကောင်း သီချင်း တပုဒ် ဖြစ်ပါတယ်။
“လွယ်အိတ်ကလေး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းက Intro မပါဘဲ Drum Shell သံနဲ့ အတူ Verse အပိုဒ်ကို စဆိုသွားတဲ့ Vocal Expression နဲ့ စာသား အကြောင်းအရာက ဖမ်းစားနိုင်ခဲ့တဲ့ အပြင် Piano Mood ပုံစံပေါ်မှာ အခြေတည်ထားတဲ့ အတွက် ချိတ်ဆက်သွားတဲ့ Chord Phrasing တွေရဲ့ Melodic ဖြစ်မှုကလည်း ဒီသီချင်းရဲ့ ထူးခြားတဲ့ အင်္ဂါရပ် တခုဖြစ်ခဲ့ပါတယ်။
လူတိုင်းလူတိုင်း အာရုံငါးပါးအတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ ရုန်းကန်လှုပ်ရှား ကြရတဲ့အခါ အပြစ်ကင်း ဖြူစင်ခဲ့တဲ့ ကလေးဘဝကို ပြန်လည် တမ်းတမိတဲ့ အကြောင်းကို လွယ်အိတ်ကလေး တလုံးနဲ့ ခိုင်းနှိုင်း တင်စားထားတာက အဓိပ္ပာယ်လေးနက်ပြီး သီချင်းပုံစံနဲ့လည်း အံဝင်ခွင်ကျ ဖြစ်တာကို တွေ့ရပါတယ်။
တချို့အပိုဒ်တွေမှာ SARAH ရဲ့ Vocal Salar တွေက လေးဖြူလိုလို၊ ထူးအယ်လင်းလိုလို ခပ်ဆင်ဆင် ဖြစ်နေတာကလွဲရင် အဘက် ဘက်က ပြည့်စုံတဲ့ သီချင်းကောင်းလေး တပုဒ်အဖြစ် နားဆင်ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။
လွင်မြတဲ့ Rhythm Guitar ရဲ့ နောက်မှာ အမိုက်စား Guitar Vamp တွေနဲ့ အတူ အာရေဗီယံဟန်လေး အနည်းငယ် စွက်ထားတဲ့ အပြင်းစား Rock သီချင်းတပုဒ်ကတော့ “စမ်းချောင်းလေး” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို Vocalist မင်းခန့်ဇော် (SARAH) ကိုယ်တိုင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အပြင်းစား Rock သီချင်းဖြစ်တဲ့အတိုင်း Intro မှာကတည်းက ပြင်းရှတဲ့ Drum Beat တွေနဲ့ အမိုက်စား Guitar Vamp တွေက သွေးဆူစေခဲ့ပြီး Verse အဝင်မှာ အသံပါဝါ အားကောင်းလှတဲ့ Vocal Color ကြောင့် ပိုပြီး စွဲမက်စရာ ဖြစ်လာခဲ့ပါတယ်။
သမာရိုးကျ အချစ်ဖွဲ့ အကြောင်းအရာမျိုး ဖြစ်ပေမယ့် Rock ဂီတပုံစံနဲ့ လိုက်ဖက်မှုရှိတဲ့ စကားလုံးတွေကို ရွေးသုံးသွားတာ ကလည်း ဒီသီချင်းအပေါ် အားသာချက် တခု ဖြစ်စေခဲ့ ပါတယ်။ ဒါ့အပြင် Pre အပိုဒ်ကို Chorus ပိုဒ်ဆန်ဆန်၊ Chorus အပိုဒ်ကို Pre ပိုဒ်ဆန်ဆန် ဖန်တီးထားတဲ့ ဟန်ကလည်း ဆန်းသစ်နေတာကို တွေ့ရပါတယ်။
ဒီသီချင်းမှာ SARAH ရဲ့ Vocal Salar တွေက တချို့နေရာတွေမှာ အာလုပ်သံလိုမျိုး လုပ်ဆိုထားတာက လွဲရင် တခြား Vocalist တွေရဲ့ လောင်းရိပ်အောက်မှာ ရှိမနေဘဲ ကိုယ်ပိုင်ဟန်နဲ့ Vocal Force ကို အင်ပြည့်အားပြည့် သီဆိုသွားနိုင် ပါတယ်။ အမိုက်စား Guitar Vamp တွေနဲ့ စွဲမက်စရာ Solo Guitar Riff တွေကြောင့် Show တွေမှာ ပရိသတ်ကို သွေးဆူလွယ် စေမယ့် အပြင်းစား Rock သီချင်းကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။
ဆိုဟန်ကော၊ သီချင်းပုံစံအရပါ Nickelback ရဲ့ဟန် အနည်းငယ် ထင်ဟပ်နေတဲ့ Rock သီချင်းတပုဒ်ပါ။ ‘Go Away’ လို့ အမည်ရ တဲ့ ဒီသီချင်းကိုလည်း လူငယ်ပရိသတ်တွေ အကြိုက်တွေ့ကြဦး မှာပါ။ စာသား အကြောင်းအရာ အရရော၊ Music Style အရပါ လိုက်ဆို ပေါက်ကွဲလို့ ရတဲ့ အတွက် Show တွေမှာ သေချာပေါက် ပွဲတောင်းခံရမယ့် သီချင်းမျိုး ဖြစ်ပါတယ်။
Intro အစမှာ Guitar နဲ့ Drum ကို ချိတ်ဆက်သွားတဲ့ Style က စွဲဆောင်မှု ရှိပေမယ့် Verse အဝင်မှာ နည်းနည်း အားပျော့သလို ခံစားရပါတယ်။ ဒါပေမယ့် Chorus အပိုဒ်မှာ မာန်ပါတဲ့ Vocal Force ကြောင့် သီချင်းရဲ့ Tempo ကို မြင့်တက်လာစေခဲ့သလို Solo အပိုဒ်မှာ တီးခတ်သွားတဲ့ Guitar Riff တွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ စွဲမက်ဖွယ် ကောင်းတာကို တွေ့ရပါတယ်။
ဂုဏ်ပကာသနကို မက်တဲ့ ချစ်သူကို အဝေးကို ထွက်သွားခိုင်းပြီး ဘယ်တော့မှ ပြန်မလာနဲ့၊ ဘယ်တော့မှ မတွေ့ချင် မမြင်ချင်တော့ ဘူး ဆိုတဲ့ အကြောင်းအရာကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းအရာကိုပဲ Chorus အပိုဒ်မှာ အင်္ဂလိပ် စာသားနဲ့ အင်္ဂလိပ်လို သီဆိုထားတဲ့ အတွက် စကားလုံးပိုင်းမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိမိမိ ရှိတာကြောင့် ဒီသီချင်း အပေါ် ပိုပြီး ခံစားမှု အားကောင်း လာစေခဲ့ပါတယ်။ ဒီသီချင်းဟာ KLC ရဲ့ လက်ရာမွန် သီချင်းတပုဒ်ဖြစ်ပြီး လမ်းဘေး ဂစ်တာဝိုင်းက လူငယ်တွေ ပါးစပ်ဖျားမှာ Go Away ဆိုတဲ့ စကားလုံး ရေပန်းစား လာဦးမှာ မလွဲတဲ့ Rock သီချင်းကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album တခုလုံးကို ခြုံငုံသုံးသပ်ရရင် ဒီ Album ဟာ SARAH အဖွဲ့ရဲ့ ပထမဆုံး Album တချပ် ဖြစ်နေတာကြောင့် အဖွဲ့သားတွေ အားလုံး အတတ်နိုင်ဆုံး အချိန်ယူ ပြင်ဆင်ပြီး ကြိုးစားဖန်တီး ထားတာကို တွေ့ရပါတယ်။ သီချင်း တပုဒ်စီတိုင်းက သူ့ Music Style နဲ့သူ၊ သူ့အကြောင်းအရာနဲ့သူ နှစ်လိုဖွယ် Arrangement တွေနဲ့ သေသပ်ကောင်းမွန် နေတဲ့အပြင် Vocal Power အားကောင်းတဲ့ အဆိုရှင်နဲ့ အရည်အသွေးရှိတဲ့ တေးရေးဆရာပါ ဒီ Album နဲ့အတူ ထွက်ပေါ် လာခဲ့တာကြောင့် Rock ဂီတကို နှစ်သက်ခုံမင်တဲ့ သူတွေ နားဆင် ခံစားကြည့်သင့်တဲ့ Album တချပ် ဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ။