[irrawaddy_gallery]
“မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်းနဲ့ စတင်ရိုက်ကူးမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက် အပ်နှံပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က ကရဝိက်နန်းတော်၊ ဥတ္တရခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးကို Myanmar Media 7 က စီစဉ်ပြီး အင်ကြင်းဟန်နဲ့ အကယ်ဒမီ မြင့်ဦးဦးမြင့် တို့ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာဝင်းထွန်းထွန်းက ပုံဖော်ရိုက်ကူးကာ မြင့်မြတ်၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ ရွှေမှုံရတီနဲ့ မေမြင့်မိုရ် တို့က အဓိကပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်းသိရပါတယ်။
ဒီဇာတ်ကားကြီးကို ရှေးဘုရင်ခေတ်နဲ့ ယနေ့ခေတ် ပုံစံနှစ်မျိုးနဲ့ ရိုက်ကူးပုံဖော်မှာ ဖြစ်ကြောင်းနဲ့ ဒီဇာတ်ကားရိုက်ကူး ဖြစ်ရတဲ့အကြောင်း၊ ရိုက်ကူးမယ့် အစီအစဉ်တွေအကြောင်းကို ဒါရိုက်တာဝင်းထွန်းထွန်းက ဧရာဝတီကို ရှင်းပြပါတယ်။
“ကျနော် “ကျောက်စာ” ဆိုတဲ့ဝတ္ထုလေးကို ဖတ်ပြီး အရမ်း ရုပ်ရှင်ရိုက်ချင်သွားတယ်။ ဒီကားရိုက်ဖြစ်ဖို့ စပြီး ကမ်းလှမ်းတဲ့ သူကတော့ Myanmar Media 7 က ကိုရွှေမန်းပါ။ သူနဲ့ကျနော်တို့က နှစ်နှစ်လောက် လုံးထွေးနေကြတဲ့ သူတွေပေါ့။ ပါတဲ့ သရုပ်ဆောင် မင်းသား လေးလက်ကလည်း လစဉ် ခရီးအတူထွက်ပြီး ဘောလုံးကန်နေကြတဲ့ သူတွေပါ။ ဒါကြောင့် သူငယ်ချင်းတွေ ပေါင်းပြီး အနုပညာ အလုပ်တခုလုပ်မယ်၊ ရွှေမန်းကလည်း ရုပ်ရှင်တကား ရိုက်ချင်တယ်ဆိုတာနဲ့ ဒီဇာတ်ကားကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားထားပါတယ်” လို့ သူက ဆိုပါတယ်။
ရိုက်ကူးရက်ကို ဇူလိုင် ၃ ရက်နေ့ကနေ သြဂုတ် ၄ ရက်နေ့အထိ ၁ လတာ ရည်မှန်းထားတယ် ဆိုပေမယ့်လည်း မိုးရာသီ ကာလဖြစ်တဲ့ အတွက် မှန်းထားတဲ့ရက်ထက် ပိုသွားနိုင်တယ်လို့ သိရပါတယ်။
ဇာတ်ရုပ်ပါ သရုပ်ဆောင် ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက “ရွှေမှုံရတီကို ရွေးဖြစ်တာက သူ့နေရာက အချစ်တခုတည်းကိုပဲ သိတဲ့ ကောင်မလေးတယောက်၊ ဟိုး ရာဇဝင်ခေတ်မှာ ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒီတော့ သူ့ရဲ့ ငယ်ဂုဏ်လေးနဲ့ဆိုတော့ ဇာတ်နဲ့ တော်တော် လိုက်တယ်ပေါ့။ ဇာတ်အရ လိုက်ဖက်တဲ့ အတွက် သူ့ကို ရွေးလိုက်တာပါ။ နောက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တကားရဲ့ သဘောက အခုရိုက်ပြီးရင် ရုံတင်တဲ့ ရက်ရဖို့ကလည်း နှစ်ကြာတယ်လေ။ သူလည်း နောက်နှစ်နှစ်လောက် ဆိုရင် ရုပ်ရှင်လောကမှာ အောင်မြင်သော မင်းသမီး ဖြစ်လာနိုင်ပါတယ်။ နောက် သူက Talent လေး ကောင်းတဲ့အပြင် အရမ်းလည်း ကြိုးစားတယ်။ ယုံကြည်လို့ သူနဲ့ လက်တွဲတာပါ။ ကျနော်ကတော့ ကိုယ့်အနုပညာကို ရိုးသားမှု ထားပြီး ဖန်တီးတယ်၊ သရုပ်ဆောင်ကို ဇာတ်ကောင်ရဲ့စရိုက် ပီပြင်အောင် မောင်းတယ်။ မောင်းတဲ့နေရာမှာ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ညှာလို့မရဘူး။ အဟောင်းနဲ့ရိုက်ပြီး မကောင်းရင်လည်း ကိုယ်ပဲ အဟြေခံရတာပဲ။ ကျနော်တို့ ရုပ်ရှင်လောကမှာ တခုရှိတာက မကောင်းရင် ဒါရိုက်တာတဲ့။ ကောင်းရင်တော့ ဒါရိုက်တာနဲ့ မဆိုင်ဘူး၊ သူတို့ တော်လို့တဲ့။ အဲဒါကြောင့် ကျနော်က ဘယ်သူနဲ့ရိုက်ရိုက် ကိုယ် အဝေဖန် မခံရအောင် အရမ်းဂရုစိုက်ရိုက်တယ်။ ကိုယ်လည်းကြိုးစားသလို၊ သူတို့ကိုလည်း ကြိုးစားခိုင်းတယ်။ တချို့ကလည်း ကြိုးစားခိုင်းပေမယ့် မကြိုးစားတာတွေ တွေ့ရတယ်။ မကြိုးစားတာတွေ တွေ့ရင် ကျနော်တို့ နောက်ဆို လက်မတွဲ တော့ဘူးပေါ့နော်။ ကြိုးစားတဲ့သူဆို အသစ်ဖြစ်နေပါစေ၊ ကိုယ်က လိုက်ခေါ်တာပဲ။ ဟြေင်းပြန် ဖြစ်နေတာပေါ့။ သူတို့က ဟြေတယ်။ ကျမတို့က ဟြေရမှာလေဆိုတာကို မဟုတ်ဘူး၊ ကျနော်တို့က ဟြေရမှာပါဆိုပြီး ကိုယ်ကိုယ်တိုင်က ကမ်းလှမ်း ရတာတွေ အများကြီးပါပဲ” လို့ သူက ဧရာဝတီကို ပြောပြပါတယ်။
အဆိုပါ ဇာတ်ကားကို ရန်ကုန်၊ တောင်ငူ ဖိုးကျားဆင်စခန်း၊ ပြင်ဦးလွင်နဲ့ အင်းဝတို့မှာ ရိုက်ကူးရန် အဓိက လျာထားပြီး နောက်ထပ် အရန် Location နေရာ နှစ်ခုလောက်ကိုလည်း လျာထားတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် မြင့်မြတ်ကလည်း သူပါဝင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်းနဲ့ ပတ်သက်လို့ “ဒီကားမှာ ကျနော်က ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ရမှာပါ။ ဟိုဘက်ခေတ်၊ ဒီဘက်ခေတ်ပေါ့။ ဒီဘက်ခေတ်မှာက ကျောင်းသား၊ ဟိုဘက်ခေတ်မှာက ဘုရင့်အိမ်ရှေ့စံမင်းသား ကာရိုက်တာပေါ့။ ကာရိုက်တာ နှစ်ခုအတွက်ကို ကျနော် လိုအပ်တာတွေ အားလုံး ပြင်ဆင်ပြီးပါပြီ။ ရွှေမှုံရတီနဲ့ ကျနော်က ဒီကားထဲမှာ သမီးရည်းစားပေါ့။ ဦးဝင်းထွန်းထွန်းက ဒီကားနဲ့ ပတ်သက်ပြီး လိုအပ်တာလေးတွေ ဟြေပြပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် ရွှေမှုံရတီကတော့ ဒီဇာတ်ကားမှာ စုန်းမ ဇာတ်ကောင်စရိုက်အဖြစ် ပါဝင် သရုပ်ဆောင်ရမယ်လို့ သိရ ပါတယ်။
“ရွှေမှုံက ဒီဇာတ်ကားမှာ စုန်းမပေါ့။ ဘဝအဆက်ဆက် စုန်းပေါ့။ ညီမက စုန်းကားတွေကြည့်ရတာ ဝါသနာပါတော့ ကြိုက်လို့ရိုက်တာပါ။ ညီမ ကာရိုက်တာကို အရမ်းသဘောကျတယ်။ ကိုယ်လည်း အကောင်းဆုံးကြိုးစားမှာ။ ကြိုးစား ချင်စိတ်လည်း ဖြစ်လာလို့ပါ။ တခါမှ မရိုက်ဘူးတဲ့ပုံစံ ဆိုတာထက် ရွှေမှုံက စုန်းကာရိုက်တာကို ပိုကြိုက်တာပါ။ ကိုမြင့်မြတ်နဲ့ ရွှေမှုံက ဘဝဆက်တိုင်း ချစ်သူဖြစ်ရမယ့်ပုံစံပေါ့” လို့ ရွှေမှုံရတီက ရှင်းပြပါတယ်။
သရုပ်ဆောင် မေမြင့်မိုရ်ကလည်း သူ့ရဲ့ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်လို့ “ဒီကားကြီးရိုက်ဖို့ ညီမကို Myanmar Media 7 က ကမ်းလှမ်းတယ်။ ဇာတ်ကားကလည်း ဆန်းတယ်။ ရတဲ့ကာရိုက်တာကိုလည်း ညီမအရမ်းသဘောကျတယ်။ ညီမက ဒီကားမှာ တခြားနိုင်ငံက မင်းသမီးတယောက်ပေါ့နော်။ ညီမတို့နိုင်ငံရဲ့ဘုရင်က စစ်ရှုံးပြီး တခြားနိုင်ငံကို မိဖုရားအနေနဲ့ ဆက်သခြင်း ခံရတာပေါ့။ ရာဇဝင်ကား ပုံစံဆိုတော့ ညီမလည်း သဘောကျတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရတဲ့အတွက်လည်း အရမ်းကိုပျော်ပါတယ်” လို့ ဆိုပါတယ်။
ဒီ “မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၃ ရက်နေ့က စတင်ရိုက်ကူး နေပြီ ဖြစ်ပြီး ပရိသတ်တွေဆီကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖန်တီးမှုတွေနဲ့ တင်ပြသွားမယ်လို့ ဇာတ်ကားဖြစ်မြောက်ရေး တာဝန်ရှိသူတွေရဲ့ အဆိုအရ သိရပါတယ်။