ဆရာမ ခင်လှိုင်ကြူ၏ “လွမ်းလေသမျှ” ကို ဖတ်နေစဉ် ကျမ မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းနေခဲ့သည်။ အစ်မလို ခင်မင်သည့် ဆရာမနှင့် သိကျွမ်းရင်းနှီး ခဲ့ရသည်မှာ ၁၉၉၇ ခုနှစ်ခန့်က ဖြစ်ရာ နှစ်ပေါင်း ၂၀ နီးပါး ရှိခဲ့ပြီ။ အစ်မ ခင်ပွန်း ထောင်ထဲမှာ ဆုံးသွားကြောင်း ကြားဖူး ကတည်းက အစ်မ စာရေးထား ပါလို့ ကျမတိုက်တွန်း ဖြစ်ခဲ့သည်။
ထုတ်ခွင့် မရတာထက် သူ့ခံစားမှုတွေကို ဖွင့်ပြီး ရေးစေချင်သည်။ ရေးရမည် ဆိုလျှင်လည်း သူ့အတွက် အလွန်တရာ စိတ်ပင်ပန်း နာကျင် စရာဖြစ်လိမ့် မည်။
လွမ်းလေသမျှ မှာ ဇနီးတယောက်၏ ကွယ်လွန်သူ ခင်ပွန်းသည် ကိုတင်မောင်ဝင်း အပေါ် လွမ်းဆွတ် ကြေကွဲရပုံ သက်သက်မျှ မဟုတ်ပါ။
မြန်မာနိုင်ငံ၏ ၁၉၆၂ ခုနှစ်မှာ စတင်ခဲ့သော စစ်အစိုးရကာလအတွင်း ပြည်သူ့ဘက်မှ ရပ်တည်ရင်း ထောင်ထဲမှာ ကျဆုံးသွားခဲ့ရ သော နိုင်ငံရေးသမား တယောက်၏ ရုပ်ပုံလွှာလည်း ဖြစ်ပါသည်။ ဆရာမက ထိုခေတ်အတွင်း ဖြတ်သန်းခဲ့သော ခင်ပွန်းသည်၏ ကျောင်းသားလူငယ် ဘဝက ရုပ်ပုံလွှာကိုလည်း ရေးပြခဲ့ပါသည်။
၁၉၆၂ ခုနှစ် ဇူလိုင် လ ၇ ရက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံရပြီးနောက် ကျောင်းသားများနှင့် ကျောင်းသား ခေါင်း ဆောင်များ ဆက်လက်ဆန့်ကျင် ကန့်ကွက်ခဲ့ ကြပုံများ။
မှတ်မှတ်ရရ ၁၉၆၃ ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်။
ကိုတင်မောင်ဝင်းတို့ ကျောင်းသားအဖွဲ့ အစည်းများမှ ကျောင်းသားများ တကသ ရင်ပြင်မှာ အစာငတ်ခံ ဆန္ဒပြကြသည်။ ဆန္ဒပြ ကျောင်းသားများ ပိုစတာများ ကိုင်ဆောင်ပြီး မတ်တတ်ရပ် နေကြသည်။ တကသ ခြံစည်းရိုး ပတ်ပတ်လည်မှာတော့ အလံနက်လေး တွေ စိုက်ထားသည်။ နံနက် ၉ နာရီလောက်က စပြီး တနေကုန် နေပူထဲမှာ သူတို့ ရပ်နေကြသည်။
“အစာငတ်ခံ ဆန္ဒပြတဲ့ ကျောင်းသားတွေထဲက တချို့မူးလဲလို့ တက္ကသိုလ် ဆေးရုံ ပို့လိုက်ကြရတယ်။ ကိုတင်မောင်ဝင်းနဲ့ကိုခင်ဆွေ လည်း ပါတယ်”
ကျမနှင့် ဘေဘီတို့ တက္ကသိုလ်ဆေးရုံသို့ အပြေးအလွှား သွားခဲ့ကြသည်။
“ညကတည်းက ပိုစတာတွေ လုပ်နေတာနဲ့ တညလုံး မအိပ်ရဘူး။ နံနက်ကလည်း ဘာမှ မစားဖြစ်ဘဲ အစာငတ်ခံ ဆန္ဒပြတဲ့အထဲ ပါလိုက်တော့” ဆေးသွင်းထားလို့ပဲလား၊ သူတွေ့ချင်တဲ့ သူကို တွေ့လိုက်ရလို့လား မသိ၊ သူ့မျက်နှာက ပင်ပန်းနွမ်း နယ်နေပုံ မရ၊ မျက် လုံးများက ရွှန်းလဲ့နေသည်။ ပြုံးစေ့စေ့နှင့် သူက ကျမကို ကြည့်ပြီး မေးလိုက်သည်။
“စိတ်ပူသွားသလား”
ကျမ မျက်နှာမှာ အပူငွေ့တခု ဖြတ်သွားသည်။ မျက်နှာက ဘယ်လောက် ရဲတွတ်သွားသည် မသိ။ တက္ကသိုလ် ဆေးရုံဝင်း အတွင်းမှာ ပေါက်ပန်းတို့ ရဲရဲနီအောင် ပွင့်နေကြသည်။ ကြွေကျနေသော ပေါက်ပန်းကလေး တပွင့်ကို ကောက်ယူလာခဲ့ပြီး စာအုပ်ကြားမှာ ညှပ်ထားလိုက်သည်။ အမှတ်တရ ကိစ္စရှိလျှင် ပန်းခြောက်ကလေးတွေ စာအုပ်ကြားမှာ ညှပ်သိမ်းတတ်သည်မှာ ကျမ အကျင့်။
မိန်းကလေး တယောက်ရဲ့ ပထမဆုံးရင်ခုန်သံကို ဒီပန်းပွင့်လေးက သက်သေခံမှာတဲ့လား ဟု ရေးခဲ့ပါသည်။
ဆရာမက အသားဖြူဖြူ ရုပ်ရည်က ကြည်ကြည်လင်လင် ရှိလှသည်။ အသက် ၆၀ ကျော် အလုပ်က ပင်စင် ယူသည့်တိုင် ကြည့်၍ အဆင်ပြေဆဲပါ။ ထိုစာပိုဒ်တွေကို ဖတ်ရစဉ် သူ့ငယ်ရုပ်ကို မှန်းဆကြည့်မိတော့ ငယ်မူ ငယ်သွေးနှင့် လှပယဉ်ကျေးသော မိန်းမပျိုလေး ရှက်သွေးဖြာနေပုံက ချစ်စရာကောင်း လှပါသည်။
ထိုမှဆက်၍ . . .
၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလ။ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစိုးရက တဖက်သတ် ရပ်ဆိုင်းကြောင်း ကြေညာပြီးနောက် ကျောင်းသားများ ပိတ်ထားသော အဓိပတိလမ်းမ အဝင် တံခါးပေါက်ကြီးကို ည ၁၂ နာရီ နောက်ဆုံးထားပြီး ဖွင့်ပေးဖို့ စစ်အစိုးရက ရာဇသံ ပေးလိုက်ကြောင်း၊ ည ၁၂ နာရီ ကျော်လို့မှ မဖွင့်ရင် လက်နက်ဆို၍ အပ် တိုတချောင်းတောင် ကိုင်စွဲမထားသော ကျောင်းသားများကို အပြတ်နှိမ်နင်းမည့် သဘောထားက ပေါ်လွင်နေကြောင်း ရေးပြခဲ့ပြီး ခရစ္စမတ်နှင့်ရောပြီး ကျောင်းများပိတ် လိုက်ပုံ၊ အဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေကို အဆောင်မှ ထွက်ခိုင်းပုံ၊ ကျောင်း သားခေါင်းဆောင် တွေက အစိုးရအမိန့်ကို မလိုက်နာဘဲ သပိတ်မှောက်ဖို့ ဟောပြောကြပုံ၊ ကိုတင်မောင်ဝင်း မာလာဆောင် အဝင်ပေါက် အုတ်တံတိုင်းပေါ် တက်ရပ်ပြီး တရားဟောနေပုံက ကြေးမုံသတင်းစာထဲမှာ ပါလာပုံကို ဆက်ရေးပြခဲ့သည်။
ကျောင်းသူ ကျောင်းသားအများစု အစိုးရအမိန့် ကို ဆန့်ကျင်ကြသည်။ တဖက်ကလည်း စစ်တပ်က ရန်သူ့စခန်းကို ဝင်ရောက် စီး နင်း မည့် ပုံစံမျိုး ပြင်ထားခဲ့ပြီ။
တကယ်တော့ ဒီ အဖြစ်အပျက်များတွင် ကျမကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့၍ မဟုတ်ပါ။ ဗိုလ်ချုပ်နေဝင်းက ရေဒီယိုမှ ကြေညာသည် ကိုသာ သိရပြီး အခြေအနေ မသိနိုင်။ ကိုတင်မောင်ဝင်း၏ အနေအထားမှာ အဆိုးဆုံး ဖြစ်မည်ဟု ခန့်မှန်းသည့် အတွက် ကျမ တညလုံး အိပ်မပျော်နိုင်။ မိုးလင်းလျှင် ဘာသတင်းကြား ရမလဲ၊ ရင်တထိတ်ထိတ်နှင့် မိုးလင်းခဲ့ရသည်။ မိုးလင်းတော့ သိရပါပြီ။ ထိပ်တိုက်တွေ့လျှင် ကျောင်းသားများ နစ်နာမည်ကို စိုးရိမ်၍ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျောင်းသားများကို မေတ္တာ ရပ်ခံ ခဲ့သည်။ သို့သော် ကျောင်းသားခေါင်းဆောင်များ ကိုရော အသာတကြည် လွှတ်ပေးပါ့မလား။
ကြူလေး ကိုကြီးတို့ ကျောင်းဝင်းထဲမှာနေပြီး ကျောင်းသားထုနဲ့ ခုခံဖို့ ဆုံးဖြတ်လိုက်ပြီ။ သူတို့ တတွေကလည်း မရမက ဖမ်းမှာပဲ။ အားလုံးအတွက် ခံရတာမို့ သေရသည့်တိုင် ခံရဲပါတယ် ကြူရယ်။ ကိုကြီးနဲ့တကွ ရဲဘော်အားလုံး အတွက် ဂုဏ်ယူပါ။ သေရေးရှင် ရေး အချိန်မှာ နှုတ်ဆက်လိုက်သည့် စာပင်။
သူ အဖမ်းခံရသည့်နေ့မှာ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၄။ ထောင်ထဲရောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုတင်မောင်ဝင်း နှင့် ဆရာမတို့ကြားက သံယောဇဉ် အဖွဲ့ကို ဆက်ရေးပြခဲ့သည်။
စာအိတ်က အဖြူရောင် ဆိုဒ်သေးသေး။ အပေါ်တွင် အစိုးရကိစ္စ ဟူသည့် ပုံနှိပ်စာလုံး ပါရှိပြီး ထောင့်နားမှာ လက်မှတ်တခု ထိုးထား သည်။ သူ့လက်မှတ်တော့ မဟုတ်။ ထောင်မှူးလက်မှတ် ထင်ပါသည်။ ထောင်မှူးက စစ်ဆေးဖတ်ရှုပြီး လက်မှတ်ထိုး ထုတ် ပေးထား သော သူ့စာများ ကျမဆီ ရောက်လာသည်။ အုတ်တံတိုင်း ညိုညိုမည်းမည်း ကြားမှ ရေးလိုက်သည့် စာများ။ ဆီမလူးတဲ့ ပေဖူးလွှာတွေလို့ ဆိုရလေ မလား။
ဆရာမ ခင်လှိုင်ကြူသည် စာရေးကောင်းသော စာရေးဆရာမ တယောက်ဖြစ်သည်။ သူ့ရင်တွင်းမှ လာသော ခံစားချက်များကို ပြန် လည် ရေးသားရာတွင် ဖတ်ရသူကို ထိခိုက်ခံစားရစေသည်။ ဆရာမ အလုပ် ဝင်ပြီး တနှစ်ကြာတော့ အင်းစိန်မြို့နယ် ကောက်ပဲ သီးနှံရုံးကို ပြောင်းရသည်။ နေ့စဉ် ထောင်ကြီးရှေ့မှ ဖြတ်သွားရခိုက် ထောင်ထဲမှ ကိုတင်မောင်ဝင်းကတော့ ဝါဒါကို လက်သီးနဲ့ထိုးလို့ တိုက်ပိတ်ခံနေရ သည့်အခါ ခံနေရသည်။
၁၉၇၀ ပြည့်နှစ်မှာ ထောင်က လွတ်လာတော့ သူ့ရဲ့ ကြူထံ ရောက်လာပုံ၊ ခရမ်းကို ပြန်သွားပြီး သူ့ ဖေဖေက အိမ်ထောင်ချ ပေးချင် နေသဖြင့် သူ့မှာ ချစ်သူရှိတယ်လို့ ပြောလိုက်ပုံ၊ ကြူလေး သဘောထား သိပါရစေ ကိုကြီးကို လက်ခံနိုင်မလား၊ လက်ခံပေးပါလို့ တောင်းဆိုခွင့် ရှိသေးရဲ့လား၊ စာဖြင့်မေးခဲ့ရာ ၆ နှစ်ကျော် စောင့်ခဲ့ရသူက ကဗျာလေး တပုဒ်ဖြင့် ပြန်လည်အဖြေပေးသွားသည်။
“စိတ်အစဉ်ကို သခင်စိုးမိုး ပါချေပြီ” တဲ့။
ပြီးတော့ စိတ်ထားနုနယ်သူ မိန်းမသားမို့ “စိတ် ထားနုနယ်၊ အားငယ်လွယ်သူ၊ ရည်မတူလျှင်..၊ မငြိုငြင်ဘဲ၊ စင်ကို မှီတွယ်၊ နွယ်တပင်လို၊ သခင်ဦးဆောင်နိုင်ပါစေ” တဲ့။
သူတို့ လက်ထပ်ခဲ့ကြသည်။ လက်ထပ်ပြီးစ မောင်တရွာ မယ်တမြို့ နေထိုင်ခဲ့ရပုံ၊ သားကို မွေးဖွားလာပုံ။ ဆေးရုံမှာ သားကို မွေးဖွားပြီးစ ဇနီးသည်၏ အဝတ်အစားတွေကို လဲလှယ်ပြုစုပေးပုံရေးပြသည်။
ကိုတင်မောင်ဝင်း ဆိုသည့် ပုဂ္ဂိုလ်မှာ အယူသည်းသူ ယောက်ျားကြီးဝါဒ ရှိသူမဟုတ်ကြောင်း၊ ဇနီး အပေါ် ကြင်နာတတ်သူ ဖြစ်ကြောင်း သိရသည်။ သူသည် လူသားပီသသူ ဖြစ်သည်။ ဖခင်ကို ကူညီသည့် အနေဖြင့် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရှိ ဖခင်ပိုင် ဆန်စက်မှာ အလုပ်လုပ်စဉ် အလုပ်သမားတွေ တလ ဆန် ၄ ပြီ ရအောင် လုပ်ပေးတတ်ပုံ၊ မှောင်ခိုဆန် မကြိတ်ဘဲ တကယ် အခက် အခဲရှိ၍ ဆန်လာကြိတ်သူ လယ်သမား တို့ကို ကူညီတတ်ပုံ ဖတ်ရသည်။
ဘတ်စ် ကားပေါ်မှ မိန်းကလေးတယောက်ကို မဖွယ်မရာ ပြုမူသည့် ကားစပယ်ယာကို ဆုံးမပုံက လူ့အဖွဲ့ အစည်းထဲက အမြင် မတော် မှုကို ဥပက္ခော မပြုတတ်ကြောင်း၊ မဟုတ်မခံစိတ် ရှိကြောင်း သိရသည်။ သမီး နှင့်သားကို မမာန်မမဲ မရိုက်ဘဲ ချိုချိုသာသာ ဆုံးမတတ်ပုံ သိရသည်။
၈၈ အရေးတော်ပုံမှာတော့ တမိသားစုလုံး ပါဝင် ဆင်နွှဲခဲ့ကြသည်။ ဆရာမက သူ့ခင်ပွန်းနှင့် ကျောင်းသား ခေါင်းဆောင်ဟောင်း ၃ ယောက်၊ ခွပ်ဒေါင်းအလံ၏ ထိပ်လေးဘက်မှ ဆွဲကိုင်ကာ ရှေ့ဆုံးမှ ချီတက်ခဲ့ပုံ ရေးပြသည်။
အရေးအခင်း အပြီး အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ပါတီစုံ ဖွဲ့စည်းခွင့် ပေးလိုက်တော့ သူနှင့် သူ့ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကို အင်အားတောင့်တင်းသော ပါတီဖြစ်အောင် ဝန်းရံ ပေးခဲ့ကြသည်။
“လွမ်းလေသမျှ”၌ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံ ရွေးကောက်ပွဲတွင် အမတ်အဖြစ် အနိုင်ရခဲ့သည့် အချက်ကြောင့် အင်းစိန် ထောင် သို့ ရောက်ရှိခဲ့ ရပုံ၊ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက် အဖမ်းခံရသည့် အချိန်မှ တလကြာအောင် ဘာသတင်းမှ မရခဲ့ပုံ ရေးပြခဲ့သည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံတော်အာဏာ ရယူရေး လှုပ်ရှားနေသည့် ဗကပ ယူဂျီများ အဖြစ် ဦးတင်မောင်ဝင်း နှင့် သူ့ရဲဘော်များကို စွပ်စွဲခဲ့ကြောင်း ရေးသားခဲ့သည်။
ဦးတင်မောင်ဝင်းကို မမြင်ဘူးခဲ့ပါ။ အစ်မ ခင်လှိုင်ကြူတို့ ဧည့်ခန်းမှာ ဦးတင်မောင်ဝင်း၏ ပုံတူ ပန်းချီကား ချိတ်ဆွဲထားသည်ကို သူတို့အိမ် ရောက်တိုင်း တွေ့ဖူးပါသည်။ ဆရာပန်းချီ ရွှေစိုးဟန်၏ လက်ရာပါ။ ကျမ ထိုပုံကို မြင်စဉ်က ဦးတင်မောင်ဝင်း၏ စရိုက်ကို ရဲရင့်ပြတ်သားသော နိုင်ငံရေးသမား တယောက်အဖြစ်ပဲ ခံစားလို့ ရခဲ့သည်။
ယခုလွမ်းလေ သမျှကိုဖတ်ရမှ ချစ်သူကောင်းတယောက်၊ ခင်ပွန်းကောင်း တယောက်၊ မိတ်ဆွေကောင်း တယောက်၊ လူပီသသည့် လူသား တယောက်အဖြစ် ပုံပေါ်လာခဲ့ သည်။ နှမြောရမှန်း ပိုသိလာရပါသည်။
၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထောင်ထဲမှ ခင်ပွန်းက အရေးပေါ် ဆက်သွယ်လာခဲ့ပုံ၊ ဝမ်းကိုက်လို့ အားပြတ်နေ သဖြင့် ဆေးနှင့်ဂျာကင် အကျႌမှာခဲ့ပုံ၊ နောက် ဇန်နဝါရီလ ၄ ရက်နေ့မှာ ယခင်ပို့ပေးသည်ကို ရပုံ မရဘဲ ထပ်၍ မှာခဲ့ပုံကို ရေးပြခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက် မှာတော့ ခင်ပွန်းကို ရုံးထုတ်မည့် သတင်းကြားလို့ ဆရာမ သွားစောင့်ခဲ့သည်။ တွေ့ခွင့်လေးများ ရမလားလို့ သွားခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့။
ညိုညိုညစ်ညစ် အုတ်တံတိုင်းကြီးနားမှာ ကျမ ရပ်နေမိသည်။ သည်တံတိုင်းကြီး အတွင်းမှာ သူရှိနေသည်။ သူ ကျမ၏ ချစ်သူ၊ ကျမ၏ ခင်ပွန်း၊ သမီးတို့ သားတို့ ချစ်သောဖေဖေ၊ နေရစ်ခဲ့ပေဦးတော့။ မကြာပါဘူး သူလွတ်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ကျမပြန်လာခဲ့သည်။
နောက်ဆုံး လွတ်လာခဲ့ပါပြီ။ ထောင်ထဲမှာ သွေးကင်ဆာနှင့် သေဆုံးသည် ဆိုပြီး သင်္ဂြိုဟ်ခွင့်ပေးခဲ့သည်။ ဝမ်းကိုက်နေသူကို အရင် က မရှိခဲ့ဘူးသော ရောဂါတခု ဖြစ်သည့် သွေးကင်ဆာဟု ထောင်ဆရာဝန်က ရောဂါ အဖြေထုတ် ပေးလိုက်ပုံ။ ကွယ်လွန်သူ၏ ရုပ် အလောင်းမှာ အရိုးပြိုင်းပြိုင်းထလျက် ရှိခဲ့ပုံ။
ကျမသည် ဆရာမ၏ လွမ်းလေသမျှ ကို ဖတ်ရင်း ဒုတိယကမ္ဘာစစ် အတွင်းကာလ ဟစ်တလာ၏ နာဇီခေတ်ကို ရိုက်ပြသည့် ဥရောပရုပ်ရှင်ကားများကို မြင်ယောင် နေမိပါသည်။ သို့သော် လွမ်းလေသမျှသည် မြန်မာ့ မြေပေါ်တွင် ဖြစ်ပျက်ခဲ့သော နာကြည်း ရင်နာ စရာ ဘဝရုပ်ပုံလွှာများထဲက အဖြစ်အပျက်တခု ပါပင်။ ။