တနေ့တမျိုး မရိုးရအောင် ထူးခြားလှတဲ့ “မစပ်စု”တို့ တိုင်းပြည်ကြီးမှာ အခုလည်း ထူးခြားတာတခု ထပ်ဖြစ် ပေါ်လာပြန်ပါပြီလို့ ဆိုရမှာပါ။
အဲ့ဒါကတော့ မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့မှာ မြန်မာပြည်မှာရှိတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးက တာဝန်ရှိ အနု ပညာရှင် ပုဂ္ဂိုလ်တွေအပြင် တခြားသော အနုပညာရှင်၊ စက်မှုပိုင်းဆိုင်ရာ အတတ်ပညာရှင်တွေနဲ့ မစပ်စု တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ရန်ကုန်မြို့ Myanmar Peace Center လို့ခေါ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးပွဲကြီး ပြုလုပ်တော့မှာကြောင့် ဖြစ်ပါတယ်။
ဒီသတင်းကိုကြားလိုက်ချိန်မှာ အတော်လေးတောင် အံ့သြမှင်သက်သွားမိပါရဲ့၊ မစပ်စုတို့ တိုင်းပြည်မှာ ၁၉၈၈ခုနှစ် နောက် ပိုင်း အုပ်ချုပ်မင်းလုပ်လာခဲ့တဲ့၊ အစိုးရမင်း ဘယ်မင်းမှ အခုလို အရေးတယူ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး၊ ဖြေရှင်းခွင့် ရခဲ့ဖူးလို့လဲ ဆိုတဲ့ အတွေးကြောင့်ပါ။
ကဲ အခုတော့ မစပ်စုတို့ သမ္မတကြီးက တွေ့ဆုံခွင့်ပေးလိုက်ပြီ၊ မြန်မာ့အနုပညာရှင်တွေရဲ့ လိုအပ်တဲ့ အခန်းကဏ္ဍတွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုလာတာတွေကို နားထောင်ပေးတော့မယ်ဆိုပဲ။
အော် သမ္မတကြီးရယ်၊ မြန်မာပြည်မှာ လူထုတွေ တောင်းဆိုနေတဲ့ တခြားကဏ္ဍတွေကိုပါ အခုလို နားထောင်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး အဖြေရှာပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ မစပ်စုတွေးမိတာတော့ အမှန်ပါ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွှတ်လာခါစ အခုလို အနုပညာရှင်တွေနဲ့ တွေ့ခဲ့တာကြောင့်၊ သမ္မတကြီးလည်း အားကျပြီး တွေ့ဖို့လုပ်တယ်လို့ မယုံကြည်ပါဘူး။
ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင် တော်တော် များများအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းကလို၊ သမ္မတကြီး နဲ့လည်း အုန်းအုန်းကြွက်ကြွက် တွေ့ဆုံကြဦးလေမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒါကတော့ မစပ်စု ရောက်တတ်ရာရာ တွေးမိတာနော်၊ ထားပါတော့၊ ထားပါတော့။
ဘာကြောင့် မြန်မာပြည်ရဲ့ အနုပညာလောကက ပုဂ္ဂိုလ်တွေနဲ့ သမ္မတကြီး တွေ့ဆုံစကား ပြောဖြစ်ကြမှာလည်း ဆိုတဲ့ အကြောင်းအရင်းတော့ရှိမှာပေါ့။
ဇာတ်လမ်းကတော့ ဒီလိုပါ၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ လောက်တုန်းကတည်းက ရုပ်ရှင်၊ ဂီတ၊ သဘင် သုံးခုဟာ တိုင်ပင်ကြပြီး သမ္မတနဲ့ တွေ့ဖို့ ခွင့်တောင်းခဲ့ကြသတဲ့။
အကြောင်းအရင်းကတော့ သဘင်က အဲ့ဒီ အချိန်မှာ သဘင်အစည်းအရုံးနဲ့ သမဂ္ဂရယ်ဆိုပြီး သဘင် ကြီး နှစ်ခြမ်း ကွဲနေရ သလို၊ ဂီတမှာလည်း ဂီတအစည်းအရုံး အမှုဆောင်အဟောင်းတွေ၊အသစ်တွေ၊ မြန်မာသံ အုပ်စုတွေနဲ့ ခေတ်ပေါ် တေး အုပ်စုတွေဆိုပြီး ပြသနာအသီးသီးရှိကြတယ်။
ဒီကြားထဲမှာပဲ ရုပ်ရှင် ဥက္ကဌ ဦးလူမင်းနဲ့ အတွင်းရေးမှူး ဦးဝင်းကြည်တို့ကို ရန်ကုန်တိုင်း ဗီဒီယိုအခြေခံ အဖွဲ့မှ ဒေါ်စန်းစန်း မော်တို့က တရားစွဲ စတဲ့ အမှုတွေကလည်း အမျိုးစုံတက်နေကြတဲ့ ကာလ ပေါ့။
ဒါကြောင့် နိုင်ငံတော်ကနေပြီးတော့ တာဝန်ယူဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် အသီးသီးသော ပုဂ္ဂိုလ်တွေက အဲ့ဒီအချိန်ကတည်းကစလို့ သမ္မတကြီးနဲ့ တွေ့ဆုံပြောဆိုခွင့်အကြိမ်ကြိမ်တောင်းခံလာခဲ့ကြရာက၊ အခုလက်ရှိ အချိန်ကို ရောက်လာမှာပဲ တွေ့ဆုံဆွေးနွေးခွင့်ရသွားကြတယ်လို့ သိရပါတယ်။
သမ္မတကြီးနဲ့ အနှပညာရှင် တွေ့ဆုံပွဲဖြစ်မြောက်ဖို့ဝိုင်းဝန်းကူညီနေတဲ့ ဟာသပညာရှင်ဒါရိုက်တာာ ဇာဂနာက “အဓိကကတော့ သူတို့မှာ ပြသနာ တွေရှိတယ်၊ ပြသနာတွေက သမ္မကိုယ်တိုင်ဝင်ပြီးတော့ ရှင်းပေးမှသာ ရတော့မယ်၊ လွှတ်တော်ကိုလည်း သူတို့အားကိုးလို့မရဘူး။ လွှတ်တော်က မီဒီယာ ဥပဒေ ရေးဆွဲနေတာလည်း ကိုးလိုးကန့်လန့်ဖြစ်နေသလို၊ ရုပ်ရှင်ဥပဒေကို လွှတ်တော်က ဝင်ဆွဲ မယ်ဆိုပြီး ဖြစ်နေတယ်၊ အဲ့ဒီလိုပြသနာတွေဖြစ်နေတဲ့အတွက်ကြောင့် ရုပ်ရှင်အစည်းအရုံးက လူတွေက တော်တော်ကို စိတ်ပျက်ပြီးတော့ သမ္မတရုံးကိုတွေ့ခွင့်အကြိမ်ကြိမ်တောင်းခဲ့တာလေ၊ တွေ့ရင်တော့ ဒီအကြောင်း တွေသူ တို့ ပြောဖြစ်ကြမှာပါ”လို့ ဧရာဝတီကိုပြောပါတယ်။
သမ္မတနဲ့ အနုပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ရုပ်ရှင်ကို ကိုယ်စားပြု ဦးလူမင်း၊ သဘင်ကို ကိုယ်စားပြုပန်တျာ ဦးမြကြည်နဲ့ ဦးချမ်းသာ၊ ဂီတကို ကိုယ်စားပြုကာာ ဦးတင်ဦးလေးတို့ လိုအပ်တာတွေ ပြောဆိုဆွေးနွေးမယ့်အပြင်၊ သီးသန့် အနေနဲ့ ကိုယ့် ရဲ့ ပြောချင်တဲ့ ဆန္ဒတွေကို လွတ်လပ်စွာပြောဆိုနိုင်ရန် ခွင့်ပြုထားတယ်လို့ သူကဆိုပါတယ်။
ဟိုဟာမပြောရ၊ ဒီဟာမပြောရ တားမြစ်ပိတ်ပင်ထားခြင်းမရှိသည့်အပြင်၊ ဖြစ်ချင်တာတွေ၊ လိုအပ်တာတွေကို ပြုစုထားတဲ့ စာတမ်းရှိရင်လည်း၊ သမ္မတ လက်ထဲသို့တခါတည်း ထည့်ပေးလိုက်မှာဖြစ်ပြီး၊ အနုပညာရှင်တွေရဲ့ တောင်းဆိုချက်တွေကို သမ္မတက တထိုင်တည်း ဖြေရှင်းလို့ရရင် ရှင်းပေးနိုင်အောင် ပြန်ကြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဘဏ္ဍာ အခွန်၊ သမ္မတရုံး ဝန်ကြီး စတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးက ပုဂ္ဂိုလ် ၂၀ လည်းပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။
ကဲ သဘင်အစည်းအရုံးအပိုင်းကရော သမ္မတကြီးကို ဘာတွေပြောဆို တောင်းဆိုဖို့ရှိမလဲဆိုတော့
“အသေးစိတ်ကတော့ ပြောလို့မဖြစ်သေးဘူး၊ အဓိကတော့ သဘင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာ မိမိ လုပ် ဆောင်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေရယ်၊ နောက်တခုက သဘင်အဆောက်အဦး ကိုပြန်လည် ပြုပြင်နိုင်ဖို့ရယ်၊ သဘင်စည်း မျဉ်းစည်း ကမ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များနဲ့ ညှိနှိုင်းပြီးတော့ လိုအပ်သလို ကူညီ ပံ့ပိုးပေးဖို့၊ သဘင် အနုပညာ ရှင်တွေရဲ့ လူနေမှုစိတ်ဓာတ်နဲ့ လူနေမှုမြင့်မားရေး အတွက် နိုင်ငံတော်ကနေပြီး ကူညီ ဝိုင်းဝန်းပံ့ပိုး မယ့်အစီအစဉ်တွေကို တင်ပြဖို့ ရှိပါတယ်”လို့ သဘင်အစည်းအရုံး ဥက္ကဌ ပန်တျာ ဦးမြကြည်က ဧရာဝတီကိုပြောပါတယ်။
ဒီတွေ့ဆုံပွဲကြီးဟာ နယ်ပယ်အသီးသီးအတွက် စံပြ ဖြစ်ဖို့ ၊ ဘယ်ပြဿနာမဆို ဖြေရှင်းမရဘူးဆိုတာမရှိဘူးလို့ အကောင်းဆုံး ပြယုဂ်တခုဖြစ်ဖို မျော်လင့်ထားပြီး၊ သေချာတဲ့ အဖြေတခုရကာ ရာခိုင်နှုန်းပြည့် မဟုတ်သည့် တိုင်အောင် အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက် ရမယ် ဆိုရင်ကို တော်တော် ကျေနပ်စရာကောင်းလှပြီလို့ ဦးဇာဂနာကပြောပါတယ်။
“ဘာအရေးကြီးဆုံးလည်းဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးသမားတွေအတွက်လည်း အရေးကြီးတယ်၊ နိုင်ငံရေး ပဋိဉာဉ်၊ လူမှုရေး ပဋိဉာဉ်၊ ယဉ်ကျေးမှု ပဋိဉာဉ် ဖြစ်မယ်၊ အဲ့ဒါအဓိကလိုတာ၊ အဲ့ဒီထဲမှာတွေ့ဆုံ ညှိနှိုင်းပြီးတော့ အဖြေရှာတဲ့ နည်းက အကောင်းဆုံးလို့ပဲထင်တယ်၊ သမ္မတကိုယ်တိုင်ကလည်း ပြသနာကို မကြီးသင့်တာတွေ မကြီးအောင် သေးသေး ကွေးကွေးမှာပဲ ကိစ္စပြတ်သွားအောင် နားထောင်တတ်ဖို့လိုတယ်၊အလားတူ သမ္မတ နားထောင်အောင်လည်း လုပ်တဲ့သူတွေ က စည်းရုံးရေးဆင်းဖို့ လိုတာပေါ့” လို့ ဟာသပညာရှင် ဒါရိုက်တာ ဇာဂနက သုံးသပ်ပါတယ်။
ကဲ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှာ ငြိမ်းချမ်းစွာနဲ့ တောင်းဆိုကြမယ့် အနုပညာရှင်တွေရဲ့ တောင်းဆိုချက်တွေကို ဘယ်လောက် အတိုင်းအတာအထိ သမ္မတကြီး လိုက်လျောဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ ပိတ်ကားပေါ်မှာ သာ ဆက်လက်စောင့်ကြည်ပါဆိုသလို၊ စောင့်ကြည့်ရဦးမှာပေါ့။