ဒီတခါ ဧရာဝတီပရိသတ်ကို အမြည်းပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ တော်ဝင် ပတ္တမြား ရုပ်ရှင်ထုတ်လုပ်ရေးက နေရဲမာန် စီစဉ်ပြီး ဇာတ်လမ်းဇာတ်ညွှန်း လွင်မင်းအံ့ ရေးသားကာ ဒါရိုက်တာညီညီထွန်းလွင် ပုံဖော်ရိုက်ကူးလို့ သရုပ်ဆောင် ဝေဠုကျော်၊ ခန့်စည်သူ၊ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ ဝတ်မှုံရွှေရည်၊ စန္ဒီမြင့်လွင်နဲ့ ဇာတ်ပို့သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ “မော်ဒန်ရာဇဝင်” အမည်ရ စိတ်ကူးယဉ် အချစ်ဟာသ ဇာတ်ကားကြီးဖြစ်ပါတယ်။
ဒီဇာတ်ကားကြီးကို Special Effect အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးတင်ပြထားတာမို့ တွေ့မြင်နေကျ ပုံစံမဟုတ်ဘဲ အမြင်သစ် တခုအနေနဲ့ ပရိသတ်တွေက ခံစားရယ်မောကြရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း ဟာသဇာတ်တွေ ရိုက်နေကျ ဒါရိုက်တာညီညီထွန်းလွင် ဖြစ်တာကြောင့် ပရိသတ်တွေအတွက် ဟာသမြောက်မယ်လို့ ယူဆရပါတယ်။
ဇာတ်ကားကြော်ငြာ စာရွက်မှာတော့ ပြေတီဦးက ဂျလေဘီ၊ ယောက်ဖ ခင်လှိုင်က ဂျဗလွတ်၊ ဝေဠုကျော်က လူမိုက်၊ သူခိုးကြီး ခန့်စည်သူက အေဒီ ၆ ရာစုမှာ ဘုရင်ကြီး၊ သမီးတော် ဝတ်မှုံရွှေရည်က လင်တရူး၊ ထွန်းအိန္ဒြာဗိုက သိဒ္ဓိရှင် မှော်ဆရာမကြီး၊ စန္ဒီမြင့်လွင်က သူယောင်မယ်၊ ရဲအောင်က ခရိုနီတပ်မှူးလေး ဆိုပြီး ပရိသတ်စိတ်ဝင်စားအောင် ရယ်စရာ ကာရိုက်တာ တွေနဲ့ ဆွဲဆောင် မိတ်ဆက်ပေးထားပါတယ်။ ဒါကြောင့် မြန်မာဟာသဇာတ်ကားတွေ နှစ်သက်တဲ့ ပရိသတ်တွေ အတွက် ဧရာဝတီကနေ အမြည်းသဘော တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားအကြောင်း အမြည်းဟြေရရင်တော့ ရှေးဟောင်းပစ္စည်း မှောင်ခို ရောင်းဝယ်သူ ဦးရာမဟာ A.D (၆) ရာစုမှ သာကေတ တိုင်းပြည်၊ သုဝဏ္ဏမြို့စားကြီးရဲ့ လက်သုံးတော် ဆေးပုရပိုက်ကို ရောင်းချဖို့ ညှိနှိုင်းနေစဉ် သူခိုးကြီးစံစားက ခိုးနားထောင်ပြီး အဆိုပါ ပုရပိုက်ကို ရအောင် ခိုးမှာဖြစ်ကြောင်း ဖုန်းဆက် အကြောင်းကြားလိုက်တဲ့အခါ ဦးရာမ အလွန်ထိတ်လန့်သွားပြီး ပုရပိုက်လုံခြုံရေးအတွက် ရုပ်ရှင်လူကြမ်း မိုးသီးနဲ့အဖွဲ့ကို ငှားရမ်းလိုက်ရပါတယ်။
နေခ နဲ့ ကျော်ကြားတို့ဟာ ယောက်ဖ တဝမ်းကွဲများဖြစ်ပြီး နေခရဲ့ အဒေါ်ဖြစ်သူ ဒေါ်ကြာသစ်၊ အစ်မဖြစ်သူ ကြင်နာသစ် တို့နဲ့ အတူတကွ နေထိုင်ကြပါတယ်။ နေခမှာ အလုပ်အကိုင်မယ်မယ်ရရမရှိဘဲ ရုပ်ရှင်မင်းသားရူးဖြစ်ပြီး ကျော်ကြား ကတော့ တက္ကစီမောင်းသူပါ။ တက္ကစီပိုင်ရှင်က သူ့ကားကို ရောင်းလိုက်တဲ့ အခါမှာတော့ ကျော်ကြားတယောက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့အပြင် စပေါ်ငွေတွေလည်း ဘောလုံးပွဲရှုံးကုန်ပြီး အကျပ်ရိုက်သွား ပါတော့တယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတို့ကို အိမ်ပေါ်တင်ကျွေးထားရတာ ကြာလာပြီဖြစ်တဲ့ အဒေါ် ဒေါ်ကြာသစ်ဟာ သည်းမခံနိုင်တော့ဘဲ သမက်ကျော်ကြားနဲ့ တူဖြစ်သူ နေခကို အိမ်ပေါ်က နှင်ချလိုက်ပါတော့တယ်။
နေခနဲ့ ကျော်ကြားတို့နှစ်ယောက် မိုးသီးနဲ့ ဆက်သွယ်မိပြီး ပုရပိုက်စောင့်ရှောက်တဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင် ကြစဉ် သူခိုးကြီးစံစား လက်ချက်နဲ့ ပုရပိုက်ပျောက်ဆုံးသွားရာက နေခနဲ့ ကျော်ကြားတို့ ကြံရာပါအဖြစ် စွပ်စွဲခံရကာ ထွက်ပြေးကြရာကနေ သာကေတတိုင်းပြည်၊ သုဝဏ္ဏအုတ်မြို့ရိုးပျက်ကို ကားနဲ့ဝင်တိုက်မိပြီး ၂၁ ရာစုကနေ A.D ၆ ရာစုကို ရောက်ရှိသွားကြပါတော့တယ်။
A.D ၆ ရာစုကိုရောက်ရှိနေကြစဉ် နေခနဲ့ ကျော်ကြားတို့ တကွဲတပြားစီဖြစ်သွားကြကာ နေခက သုဝဏ္ဏမြို့စားကြီးရဲ့ သမီးတော်လေးဆီ ရောက်ရှိသွားပြီး ကျော်ကြားကတော့ ဒိဿပါမောက္ခဆရာကြီးထံ ရောက်ရှိသွားခဲ့ပါတယ်။ သမီးတော်လေး စောင့်ရှောက်ထားတဲ့ နေခဟာ ရဲမက်တို့ရဲ့ ဖမ်းဆီးခြင်းခံရ၊ သူလျှိုအဖြစ် သတ်မှတ်ပြီး သေဒဏ် ချမှတ်ခံရ ပါတယ်။ နေခအပေါ် မေတ္တာသက်ဝင်နေတဲ့ သမီးတော်လေးက နေခကိုကယ်တင်ဖို့ ကြိုးစားပေမယ့်လည်း တပ်မှူး ရဲသီဟနဲ့ အဖွဲ့က ပြန်ဖမ်းမိသွားပြီး သူသတ်ကုန်းကို ထုတ်ကာ နေခကို အဆုံးစီရင်ဖို့ ပြင်ဆင်နေစဉ်မှာ ကျော်ကြားက ကားနဲ့ရောက်လာပြီး ကယ်ထုတ်သွားပါတယ်။ ၂၁ ရာစုကို ပြန်နိုင်ဖို့ အုတ်နံရံကို ကားနဲ့ ပြန်ဝင်တိုက်ပြီး ကြိုးစားကြပေမယ့်လည်း ၂၁ ရာစုကိုမရောက်ဘဲ သတိလစ်မေ့မြောသွားခဲ့ ကြပါတယ်။
သတိလစ်နေတဲ့ နေခနဲ့ကျော်ကြားတို့ကို ဗေဒါရီ (ကြင်နာသစ်နဲ့ ရုပ်တူသူ) က၊ ကယ်တင်သွားပြီး သိဒ္ဓိရှင်ဆရာမကြီး (ဒေါ်ကြာသစ်နဲ့ ရုပ်တူသူ) ထံ ခေါ်ဆောင်သွားပါတယ်။ သိဒ္ဓိရှင်ဆရာမကြီးက သုဝဏ္ဏမြို့ အုတ်ရိုးအကြောင်း ရှင်းပြပြီး နက္ခတ်ကြုံချိန် နောက် ရှစ်ရက်ကြာတဲ့အခါမှ ၂၁ ရာစုသို့ ပြန်နိုင်မှာဖြစ်တဲ့အကြောင်း သူတို့ကို ပြောပါတယ်။
နေခနဲ့ ကျော်ကြားတို့ ဗေဒါရီ အကူအညီနဲ့ မြို့စားကြီးရဲ့ ဆေးပုရပိုက်ကို ခိုးယူရန်ကြံစည်နေကြစဉ်၊ သမီးတော်လေးမှာ လည်း နေခရဲ့စိတ်နဲ့ စိတ်ဝေဒနာ ခံစားနေရရှာပါတယ်။ နန်းတွင်းသမားတော်ကြီးက သမီးတော်လေးအတွက် ကြင်ဖက်တော် ရွေးချယ်ပေးရင် ဝေဒနာသက်သာနိုင်တဲ့အကြောင်း လျှောက်တင်တဲ့အခါ မြို့စားကြီးက လေးတင်ပွဲ ကျင်းပပြီး ကြင်ဖက်တော် ရွေးချယ်ဖို့ အမိန့်ချလိုက်ပါတယ်။ ကိုယ်ရံတော် တပ်မှူး ရဲသီဟကတော့ မြို့စားနေရာ လိုချင်နေသူဖြစ်တဲ့အတိုင်း မင်းညီမင်းသားများ လေးတင်လို့မရအောင် စီမံထားပါတယ်။
လေးတင်ပွဲအကြောင်း သိသွားတဲ့နေခက မင်းသားအယောင်ဆောင်ပြီး လေးတင်ပွဲဝင်ပြိုင်ရာ အနိုင်ရရှိသွားတာကြောင့် မြို့စားကြီးက သမီးတော်လေးနဲ့ စုံဖက်ပေးလိုက် ပါတော့တယ်။ ဒါကို တပ်မှူး ရဲသီဟက မကျေမနပ်ဖြစ်ပြီး မြို့စားကြီး၊ နေခနဲ့ ကျော်ကြားတို့ကို ဖမ်းဆီး အကျဉ်းချထားလိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သိဒိ္ဓရှင်ဆရာမကြီးရဲ့ အကူအညီနဲ့ နေခက တပ်မှူး ရဲသီဟကို နှိမ်နင်းလိုက်နိုင်ကာ မြို့စားကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။
မြို့စားကြီးက ဝမ်းသာအားရဖြစ်တာကြောင့် နေခကို တပ်မှူးချုပ်ဘွဲ့အပ်နှင်းပြီး ကိုယ်ရံတော်တပ်မှူး ခန့်ပေမယ့်လည်း နေခက လက်မခံနိုင်ဘဲ ၂၁ ရာစု ပြန်ခွင့်ပြုရန်၊ မြို့စားကြီးရဲ့ ဆေးပုရပိုက်နဲ့ သမီးတော်လေးကို ၂၁ ရာစုသို့ ခေါ်သွားခွင့်ပြုဖို့ တောင်းဆိုရာက မြို့စားမင်းအမျက်တော်ရှပြီး နေခနဲ့ကျော်ကြားတို့ကို ဖမ်းဆီးလိုက်ပါတော့တယ်။ သိဒ္ဓိရှင် ဆရာမကြီးကလည်း သူကိုယ်တိုင် နေခတို့ကို ၂၁ ရာစုကို ပို့ပေးမယ်လို့အာမခံပြီး နဂါးပတ်ကျော့ကွင်းနဲ့ ဖမ်းဆီးထားလိုက်ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ဗေဒါရီနဲ့ သမီးတော်လေးတို့ ပူးပေါင်းကြပြီး ဗေဒါရီကသိဒိ္ဓရှင်မကြီးရဲ့ ဆေးတောင်ဝှေးကိုခိုး၊ သမီးတော်လေးက မြို့စားကြီးရဲ့ ဆေးပုရပိုက်ကိုခိုးလို့ နေခနဲ့ ကျော်ကြားတို့ကို ကယ်တင်ကြပြီး နက္ခတ်ကြုံချိန်မှာ ၂၁ ရာစုကို ပြန်လည်ရောက်ရှိသွားကြ ပါတော့တယ်။ နေခတို့ ပျောက်နေတဲ့အချိန်မှာ မိုးသီးက အုတ်မြို့ရိုးထဲဝင်နိုင်ဖို့ ကြိုးစားနေရာက နက္ခတ်ကြုံချိန်မှာ A.D ၆ ရာစုကို ရောက်ရှိသွားပါတယ်။
A.D ၆ ရာစုမှာ မိုးသီးက သုဝဏ္ဏမြို့စားကြီး၊ သိဒိ္ဓရှင်ဆရာမကြီးတို့နဲ့ တွေ့ဆုံမိပြီး သိဒိ္ဓရှင်ဆရာမကြီးရဲ့ အကူအညီနဲ့ ၂၁ ရာစုကို မြို့စားကြီးနဲ့ မိုးသီးတို့ ပြန်လည် ရောက်ရှိသွားပါတော့တယ်။
နေခတို့နှစ်ဦး ပုရပိုက်ပြန်ပေးဖို့အတွက် ဦးရာမထံ ရောက်သွားစဉ် အခိုးခံရတဲ့ ပုရပိုက်ဟာ အတုဖြစ်ကြောင်း သိရှိသွားတဲ့ အခါ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ မြန်မာဟာသဇာတ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တွေက ငွေရောင်ပိတ်ကား ပြင်မှာ ဆက်လက် ရှုစားနိုင်ကြပါပြီ။
သရုပ်ဆောင်အင်အား ကောင်းကောင်း သုံးထားတဲ့အပြင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့မို့ ခါတိုင်းကြည့်နေကျ ဟာသ ကားတွေနဲ့တော့ ကွဲပြားတယ်လို့ ပြောရမှာပါ။ ဒီဇာတ်ကားကို မြို့လယ်၊ မြို့ပတ် ရုပ်ရှင်ရုံကြီးတွေမှာ ဇူလိုင် ၁၈ ရက်ကနေ စပြီး ရုံတင်ပြသနေပြီ ဖြစ်တဲ့အကြောင်း လက်တို့ သတင်းပေးလိုက်ရ ကြောင်းပါ။