အုပ်ရေ – ၅၀၀
တန်ဖိုး – ၂၀၀၀ ကျပ်
သူက စကားပြောလျှင် အသံကြည်လွင် ချိုသာသလောက် ပွင့်ပွင့်လင်းလင်း ရှိလှသည်။ အပြုံးပန်း လှိုင်လှိုင်ပွင့် နေလေ့ ရှိသော မျက်နှာက အစဉ် ဝင်းပနေတတ်သည်။ သူနှင့် တွေ့ဆုံ စကားပြောဖူးသူသည် တခဏချင်းမှာပင် မိတ်ဟောင်း ဆွေဟောင်းနှယ် ရင်းချာနှီးနွှယ်သွားတတ်သည်။ သူက စာရေးဆရာမ နီနီနိုင် (သထုံ) ဖြစ်သည်။
သူက ကျမနှင့် ဇာတိမြို့တူသဖြင့် လေယူလေသိမ်း အသံလည်းတူ၊ အတွေးအခေါ် အယူအဆချင်းလည်း တူလေရာ ရင်ဘတ်ချင်းတူရာ သွေးသောက် ညီအစ်မများဟု ယူသော်ရပေသည်။ သူကား မြန်မာပြည် တနံတလျား အနေများ သောမြို့ ရှိသော်ငြား ဇာတိလေသံ မပျောက်၊ အစဉ် သထုံသံပေါက်နေခြင်းက ချစ်ခင်နှစ်လိုဖွယ်တမျိုး ကောင်းနေ သည်။
မွန်ပြည်နယ်တွင် မော်လမြိုင်သံနှင့် သထုံသံ မတူပါ။ လူအများ ကြားထဲတွင် လေယူလေသိမ်း နားထောင်ရုံနှင့် သထုံသံမှန်း သိနိုင်သည်။ သူကား ဇာတိမြေကို လေးမြတ်ဂုဏ်ယူစွာ ထိုလေယူလေသိမ်းကို ထိန်းထား၏။
“ဒီနေ့ ဘာဟင်းချက်လဲ သိလား၊ အိမ်မှာ ငါးပေါင်းထုပ် လုပ်စားတယ်” သူက ဒေသစာကို နှစ်ခြိုက်စွာ ဖုန်းထဲမှ ကျမဆီ လှမ်းကြွားလေ့ရှိသည်။ ကျမကလည်း အားကျမခံ “သူများတို့ အိမ်မှာလည်း သစ်တိုသီး ငါးပိချက် ချက်ပါတယ်နော်” သည်သို့ ဇာတိမြေ အလွမ်းဖြင့် သူငယ်ပြန်လေ့ ရှိကြသည်။ တခါတရံ သူက အတိတ်ကို လှန်ချင်သေးသည်။
“ညီမလေးရေ တို့သထုံမှာ သကြားလုံးကို ပယ်ပယ်မင်းလို့ ခေါ်တယ်နော် သတိရသေးလား” ဟု လှမ်းတို့ တတ်သည်။
“ဟုတ်ပါရဲ့ မမရယ်၊ တနေ့က လမ်းပေါ်မှာ လမ်းကြိတ်စက်ကြီး မောင်းလာတာကို ဟိုမှာ “ဘေလေဆာကြီး” လာနေပြီ လို့ ပြောမိလို့ အိမ်က ကလေး တွေ ဝိုင်းရယ်တာ ခံရတယ်”
သထုံမှာ နေစဉ်တုန်း ကတော့ သူနှင့်ကျမ မဆုံဖြစ်ကြ။ တရပ်ကွက်တည်း နေကြသော်လည်း တက်သည့်ကျောင်းချင်း မတူသည့် အတွက် မတွေ့ဆုံ၊ မသိကျွမ်းကြ ပေမယ့် လူကြီးမိဘတွေက ရပ်ဆွေရပ်မျိုးတွေပင်။
စာပေလောကမှာ ပြန်ဆုံတော့ ကျမက ပန်းအလင်္ကာ မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာ ဖြစ်နေစဉ် သူက နီနီနိုင် (သထုံ) အနေဖြင့် ပြန်ဆုံကြသည်။ အစ်ကိုကြီး ဦးကြည်မြင့်ထံမှ သူဖန်တီးသည့် အနုပညာတွေ အကြောင်း ကြားရသည်။
သူဝတ္ထုတွေ မကြာခဏ ရုပ်ရှင်ရိုက်ရသည့် အကြောင်း။ သူ့ဝတ္ထု တွေက အကြောင်းအရာစုံသည်။ ဇာတ်ကောင်စရိုက် ပီသည်။ ဒိုင်ယာလော့ဂ်တွေ သွက်သည်။ သူက လူကြီးကတော် (ရဲမှူးကြီးကတော်) ဖြစ်ပြီး အောက်ခြေ လူတန်းစား တွေနှင့် နီးနီးကပ်ကပ်ရှိသည်။ ထို လူတန်းစားများ အကြောင်းကို စေးစေးပိုင်ပိုင် ရေးနိုင်သည်။ သူ့ဝတ္ထုတွေကို ရွှေအမြုတေ မဂ္ဂဇင်းမှာ အတွေ့ရများသည်။ နောက်တော့ ရနံ့သစ်၊ ကလျာ၊ မဟေသီ။ သူ့ဝတ္ထုတို “နွားသုံးကောင်” ကို ကျမ စွဲလမ်းဖူးသည်။
၂၀ဝ၈ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည်ဆုကို သူရတော့ ကျမ မအံ့ဩတော့။ သထုံမြို့၏ အထင်ကရ ငါးပိရေကျို လုပ်ငန်းကို အခြေခံ ဇာတ်အိမ်တည် ထားသည့် ဝတ္ထုအမည်က “လှိုင်းလေကြားက ပန်း ရွှေကြာ”။ ဪ… ဇာတိသွေးတို့ တသွင်သွင် စီးဆင်းနေတဲ့ နှလုံးသားနှင့် သူပါတကား။
နောက်ထပ် ကြိုးပမ်းအားထုတ်မှု အနေနဲ့ “ကမ်းမဲ့ ပင်လယ်” လုံးချင်းဝတ္ထု ထွက်လာသည်။ ထို ဝတ္ထုသည် မဟေသီ မဂ္ဂဇင်းမှာ အခန်းဆက်ပါစဉ်က ပြတ်တောင်း ပြတ်တောင်း ဖတ်ခဲ့ရသည်။ ပြီးခဲ့သည့်နှစ်က ရွှေအမြုတေ အခန်းဆက် ဝတ္ထုရှည်ဆု အဖြစ် လူကြိုက်များ “တစ်” ပေးခြင်း ခံရသည်။
ဖတ်ဖြစ်သောအခါ သူ့ကြိုးပမ်းမှုကို မချီးကျူးဘဲ မနေနိုင်။ သူက ဇာတ်အိမ်ချရာ ဇာတ်ကို ဆွဲခေါ် ရာမှာ အကွက်စေ့ သည်။ သူ့မူဟန် အတိုင်း အခြေခံ လူတန်းစားကို အခြေခံထားသည်။
အထည်ချုပ်စက်ရုံ အလုပ်သမကလေး ငုဝါထွန်း၊ သူ့ချစ်သူ ဖိုးဇော်၊ ရီရီထွေး၊ စန်းစန်းရှိန်။ အဓိကဇာတ်ကောင် ငုဝါ၏ အိမ်တွင်းရေး စီးပွားရေး မွန်းကျပ်မှုများ၊ လက်ရှိဘဝထက် တိုးတက်ချင်မှု၊ မိသားစုအခက်အခဲကို ဖြေရှင်း ပေးလိုမှု အရင်းခံဖြင့် စွန့်စားကာ ထိုင်းနိုင်ငံသို့ အဆက်အသွယ်မှ တဆင့် အလုပ်လုပ်ရန် ထွက်သွားကြသည်။
အသားထဲမှ လောက်ထွက်သော မြန်မာအချင်းချင်း ယုတ်မာပက်စက်မှုနှင့် တကယ်တမ်းကျတော့ သူတို့ အားလုံး တဖက်နိုင်ငံသို့ ရောင်းစားခံရခြင်း ဖြစ်သည်။ ယောက်ျားလေးတွေက ငါးဖမ်းလှေပေါ်၊ မိန်းကလေးတွေက ပုစွန်စက်ရုံ။ လုပ်အားခကို လူပွဲစား ခေါင်းပုံဖြတ်တာခံရ။ စန်းစန်းရှိန် ဆိုသော သူငယ်ချင်းလေး ဖျားတော့ ငုဝါက ဆေးလိုချင်၍ တခါ၊ နောက်ထပ် မြန်မာပြည်သို့ ဖုန်းဆက်ချင်၍ တခါ၊ နှစ်ခါ ဘဝပျက်ရသည်။ အလစ်ချောင်းနေသော ရမ္မက်မုဆိုး၏ တိုက်ခိုက်ခြင်း ခံရသည်။ အဆီစား အသားမျိုသော ပေါရိသာဒ ခြေရင်းမှာ ဝပ်စင်းရသည်။
ငုဝါလို မိန်းကလေးတွေ သူတပါးမြေမှာ ဘယ်လောက်ကြွေလေပြီမသိ။ နောက်ဆုံး ငရဲခန်းမှ လွတ်မြောက်လာ ကြသော်လည်း သူငယ်ချင်း တယောက် ပါမလာတော့။ အသက်ဆုံး ကျန်ရစ်သည်။ ငုဝါမှာလည်း နှလုံးသားမှာ ကြီးစွာသော စိတ်ဒဏ်ရာနှင့် မကြာသော ကာလတွင် ခန္ဓာကိုယ်မှာပါ နုတ်ပယ်မရ၊ ကုမရသော ရောဂါဆိုးပါလာမှန်း သိရသည်။ ထို ရောဂါကြောင့်ပင် ငုဝါ လူ့လောကမှ ထွက်ခွာသွား ရသည်။
“သမီး ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။ အသက်ရှူ နေတာလည်း ကိုယ်ရှူတာ မဟုတ်ဘူး။ သူ့အလုပ် သူ လုပ်နေတယ်လို့ သဘောထား။ နှလုံးကလည်း သူ့အလုပ် သူလုပ်တာ။ သမီးခန္ဓာထဲ ရှိနေတဲ့ အရာ အားလုံးဟာ သူ့တာဝန်သူ ထမ်းဆောင် နေတာပဲ။ ဒါပေမယ့် ဘယ်အရာမှ မမြဲဘူး။ မမြဲတဲ့ သဘော တရားကို အသိ သတိနဲ့ မှတ်ပါ။
ခန္ဓာကိုယ်ကြီးဟာ အနှစ်မရှိတဲ့ အခွံကြီးပဲ ဖြစ်တယ်။ ဒုက္ခနဲ့ သုခဆိုတာ ဒွန်တွဲနေတာပဲ။ သုခပြီးရင် ဒုက္ခလာမယ်၊ အို-နာ-သေ ဘေးဆိုတာ ဘုရားရဟန္တာတွေလည်း ရှောင်လွှဲ လို့ မရပါဘူး။ သမီးလည်း တရားထိုင်ဖူးတာပဲ။ ပူရင် ပူတယ် မှတ်၊ အေးရင် အေးတယ်မှတ်၊ နာရင် နာတယ်မှတ်ပါ။ ကိုယ့်နောက်ပါမှာက ဒါန၊ သီလ၊ ဘာဝနာပဲ ရှိတယ်။ သည်းခံ နိုင်သူဟာ အောင်မြင်မှု ရရှိတာပဲ။ ကိုယ်ခံရတာ အရှုံးမဟုတ်ဘူး။ သံသရာ ကြွေး အတွက် အနိုင်ရလိုက်တယ် လို့ မှတ်ပါသမီး”
ငုဝါ ရောဂါသည်းချိန် သီလရှင်ဆရာကြီး၏ တရား ပြမှုသည် ငုဝါတဦးတည်း အတွက်သာ မဟုတ် လူသား အားလုံး အတွက် ပြသည့်တရားဖြစ်သည်။
ဝတ္ထုအမည် “ကမ်းမဲ့ပင်လယ်” နှင့် လိုက်ဖက် စွာပင် မြန်မာပြည်၏ ပန်းကောင်း အညွန့်ကလေးတွေ ခေတ်ရေစီး ပင်လယ်ထဲ ယက်ကန် ကူးခပ်ကြရ ပုံကို ပြညွှန်သည်။ ပင်လယ်ကား အစဉ်အမြဲ ရေလွှာ သင်ဖြူးခင်းသည် မဟုတ်။ အချိန်ရာသီ မရွေး ဖောက်ပြန်ကာ လှိုင်းကြီး လေထန်တတ်သည်။ မုန်တိုင်း လေပွေ မွှေနှောက်တတ်သည်။ ကမ်းသို့ အရောက် ကူးနိုင်သူ နည်းပါးလှချေသည်။
ကျမသည် တနင်္သာရီတိုင်း မြန်မာပြည်တောင် ဘက်စွန်း မြိတ်၊ ကော့သောင်းမြို့များ၌ ကျင်လည်ခဲ့ ဖူးသူဖြစ်ရာ ဆရာမ နီနီနိုင် (သထုံ) ၏ ဇာတ်ကောင်များနှင့် မကြာခဏ တွန်းတိုက်မိရဖူး၏။ ရနောင်းမှာ အလုပ်သွား လုပ်သော မိန်းကလေးတို့ ဘဝနိဂုံး အမှောင်ဇာတ်သိမ်းကြတာ များသည်။ အေအိုင်ဒီအက်စ် ရောဂါဖြစ်၍ ကုမရသော အခြေအနေ ကျမှ ကော့သောင်းမြို့ သချိုင်းအုတ်ဂူတွေကြားမှာ မသေမရှင် လာရောက်စွန့်ပစ် ထားသည်။ ထို အနိဋ္ဌာရုံ မြင်ကွင်းမျိုး၊ သတင်းမျိုး မကြာခဏ မြင်တွေ့ကြား သိရသည်။
ခေတ်သည် ရွေ့လျားစီးသွန် နေသဖြင့် အနုပညာ ဖန်တီးမှုတို့ သည်လည်း ခေတ်နှင့်အတူ တွန်းတိုက် မျောပါကြရ သည်။ ဆရာမြသန်းတင့်က “လူ့ အဖွဲ့အစည်း ဒါမှမဟုတ် ခေတ်နဲ့စာပေဟာ ခွဲမရဘူး။ စာပေအနုပညာဟာ သူ့သဘောသူ သီးခြားနေတာ မဟုတ်ဘူး။ ခေတ်ရဲ့ အရောင် ရိုက်ခတ်မှုတော့ အနည်းနှင့်အများ ရှိတာပဲ” ဟု ဆိုခဲ့ဖူးသည်။
ဆရာမ နီနီနိုင် (သထုံ) ၏ ကမ်းမဲ့ပင်လယ်ကို ဖတ်ပြီး သားသမီးချင်း စာနာမှုတွေဖြင့် နှလုံးသွေး အလျဉ် အေးခဲ မတတ် ခံစားရသည်။ သူတပါး တိုင်းပြည်မှာ ငွေစကြေးစအတွက် အနှိမ်ခံ အနိုင်ကျင့်ခံ လူ့အခွင့်အရေးတွေ ကျိုးပဲ့ပျက်ကြွေတာတွေ ဖတ်ရတော့ ဆိုနင့်ကြေကွဲခြင်း တို့ဖြင့် ရင်ဗလောင်ဆူ ခဲ့ရသည်။
ထိုသောအခါ အင်တာဗျူးတခုမှာ ဆရာနေဝင်းမြင့် ဖြေသွားဖူးသော စကားတွေကို အမှတ်ရမိသည်။
“ပြန်လွမ်းရင်သာ ပြန်လွမ်းခွင့်ရှိပေမယ့် ယနေ့ ဝတ္ထုတွေဟာ အရင်ဝတ္ထုမျိုး မဖြစ်နိုင်တော့ဘူး။ ကနေ့ဝတ္ထု တွေဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေ၊ ဖြစ်စဉ်တွေ၊ လူမှုဘဝမှာ ဒီလူတွေရဲ့ ပကတိဘဝ၊ ပကတိဆန္ဒတွေနှင့် အတူ ရှေ့သို့ ရွေ့ လျားနေတာ အမှန်ပဲ”
ခေတ်ပြောင်းလျှင် ခံစားမှုပါပြောင်း၊ ခံစားမှု ပြောင်းလျှင် အနုပညာပါ ပြောင်းလဲလာသော သဘောကို ပြဆိုသည်။ ဆရာမနီနီနိုင် (သထုံ) သည် ခေတ်ရေစီးကြောင်း ပင်လယ်ထဲ အားကုန် ကူးခပ်နေသော လူငယ်တို့၏ မျှော်လင့်ခြင်း အားမာန်ကို ရေးသည်။ စွန့်စားအနစ်နာခံမှုကို ရေးသည်။ မိဘ နှင့် သားသမီး တို့ကြား ချစ်ခြင်းတရား အုံဖွဲ့မှုကို ရေးသည်။ သူကား ခေတ်အပေါ် တာဝန်ကျေပွန်သူ ဟု ဆိုချင်သည်။
“ကမ်းမဲ့ပင်လယ်” ဝတ္ထုကိုဖတ်ပြီး ကျမတို့ မျိုးဆက်သစ် လူငယ်လေးတွေ အတွက် မိဘပြည်သူနှင့် တာဝန်ရှိသူတို့ လက်တွဲကာ ထူထဲခိုင်မာ လုံခြုံသည့် ကမ်းခြေတခုတော့ တည်ဆောက် ပေးသင့်သည်ဟု တွေးနေမိသည်။