မိုးသည်းထန်လွန်းလှသည့် ဇူလိုင် ၁၈၊ ၁၉၊ ၂၀ … မိုးက သည်းလွန်း ထန်လွန်းသည်ထက် ပိုသည်။ ဇူလိုင် ၂၀ တွင် ကျင်းပသည့် Iron Cross (IC) ၏ Forever Rock Iron Show တေးဂီတ ဖျော်ဖြေပွဲကို လူဝင်မည်ဟု မထင်ခဲ့။ သို့သော်လည်း အထင်နှင့်အမြင် ပါစင်အောင် လွဲချော်သွားသည်။ IC ပွဲဟု ဆိုလိုက်သည်နှင့် ကြော်ငြာသည်ဖြစ်စေ၊ မကြော်ငြာသည် ဖြစ်စေ၊ တစွန်းတစ ကြားလိုက်ရုံဖြင့် သွားမည်ဆိုသူက အများသား။ ပရိသတ်က ပွဲကျင်းပမည့် ဝင်းရှေ့တွင် အုံခဲနေသည်။
အဓိကကတော့ IC ထုံးစံအတိုင်း ပရိသတ်နှင့် တသားတည်း ကျတာကို ကြည့်ကြမည်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နှင့် အတူ သီချင်းတွေ လိုက်ဆိုကြမည်၊ ကခုန်မည်၊ ရော့ခ်ဂီတနှင့် စီးမျောရင်း ပေါက်ကွဲ ဟစ်အော်ကြမည်။
ကျပ် ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း အသီးသီးသော လက်မှတ်များကို ဝယ်ကာ အားပေးသူ ပရိသတ်က ရှင်စောပု ကားရပ်ကွင်းထဲရှိ မိုးလုံလေလုံ ခန်းမကြီးထဲတွင် ပြည့်လုနီးပါး။ ၃ သောင်းတန်နှင့် ၂ သောင်းတန် လက်မှတ်များက ခုံနှင့်၊ ထိုင်ပြီးလျှင် ပြန်ထရန်မလွယ်၊ ၁ သောင်းတန်ကတော့ မတ်တပ်။ တကယ်တော့ ရော့ခ်ရှိုးဆိုတာ မတ်တပ်ရပ်ကြည့်ရမှ ပိုပျော်စရာကောင်းသည်ဟု ထင်သည်။ ခုန်ကြ ပေါက်ကြ ကကြ …၊ ထိုင်ခုံတွင် ထိုင်ရင်း မြူးရတာ အားရစရာ မကောင်းလှ။
တနေကုန် သည်းလိုက် စဲလိုက် ဖြစ်နေသော မိုးက ပွဲမစခင်မှာ ဖွဲဖွဲခန့်ပင် ရွာသည်။ ဒီတော့ ပရိသတ်အတွက် ပွဲခင်းထဲ ဝင်ရတာ အဆင်ပြေသည်။ လက်မှတ် မှောင်ခိုများက ကားဝင်းကြီး ဝင်ပေါက် အရှေ့တွင် “ပိုရင်ဝယ်တယ်၊ လိုရင် ရောင်းတယ်” ဟု လက်မှတ်ဝယ်ရောင်း လုပ်နေကြသည်။ မှောင်ခိုလက်မှတ်ခကတော့ ၁ သောင်းတန်ကို ၁ သောင်းခွဲတဲ့။ အဝင်ဝတွင် ဆေးလိပ်၊ ကွမ်း၊ ဘီယာ၊ အရက် ဝင်းအတွင်းသို့ မယူရ ဆိုသည့် စာကပ်ထားသလို လုံခြုံရေးကလည်း လူတွေကို စစ်ဆေးနေသည်။ ရေကိုလည်း ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ယူရသည်။ အိတ်များကို ရှာဖွေသည်။ မိန်းမသပ်သပ် ယောက်ျားသပ်သပ် ဝင်ရသည်။ လက်မှတ်က စမတ်ကတ် အရှည်များ။ ဝင်းထဲကတဆင့် မိုးလုံလေလုံ အဆောက်အအုံ ထဲကို တခါ ထပ်ဝင်ရပြန်သည်။ အထဲဝင်တော့ လက်မှတ်ဖြတ်ရင်း လူကိုပါ ထပ်မံရှာဖွေသည်။
IC ထုံးစံ … စမည်ဆိုသည့် အချိန် ည ၇ နာရီ တိတိတွင် ပွဲစသည်။ အချိန်တိကျသည့် မူကို IC က ထိန်းထားဆဲ။
ပထမဆုံး အပြင်းစား ရိုက်ချက်များ၊ တေးသွားများဖြင့် ဝိုင်ဝိုင်းစဆိုသည်။ အားလုံး ထုံးစံအတိုင်းပါပဲ။ ဝိုင်ဝိုင်း သုံးလေးပုဒ် ဆိုပြီးတော့ မျိုးကြီး၊ ပြီးတော့ အငဲ … ပရိသတ်က “လေးဖြူ၊ လေးဖြူ” ဟု ထုံးစံအတိုင်း အော်ကြမြဲ။ သို့သော်လည်း ဝိုင်ဝိုင်း၊ မျိုးကြီးနှင့် အငဲကို အားမပေးတာ မဟုတ်။ သူတို့သီချင်းများကိုလည်း လိုက်ဆိုသည်၊ ကခုန်ကြသည်။ ဒါပေမယ့် တခါ နားသွားတိုင်း “လေးဖြူ … လေးဖြူ” ကြပြန်သည်။ အသက် ဘယ်လောက်ကြီးကြီး … ဒီရော့ကာကြီးကို သူ့ပရိသတ်တွေ ညည်းငွေ့ပုံမရသေး။ နောက်တော့ လေးဖြူတက်လာပြီ …။ ဇူလိုင်လ မိုးထဲလေထဲ လာအားပေးသည့် ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောသည်။ ပြီးတော့ ပရိသတ်နှင့် ရင်းနှီးပြီးသား သီချင်းများ ဆိုသည်။ ပရိသတ် အော်ကြဟစ်ကြ ကခုန်ကြသော်လည်း ရန်ဖြစ်တာ၊ တဦးကိုတဦး မကျေမနပ်ဖြစ်တာ မတွေ့ရ၊ အားလုံး ညီညွတ် မျှတနေသည်။ အဆိုတော်များနှင့် ပရိသတ် သီဆိိုနေကြသည်က လမ်းဘေးအုတ်ခုံမှာ ထိုင်ပြီး ဝိုင်းအော်ဆို ကြသည်နှင့်ပင် တူသေးတော့ …။ ပရိသတ်က IC အဖွဲ့ တီးသမျှ ဆိုသမျှ သီချင်း အားလုံးကို ရနေကြသည်။ လေးဖြူက အပြင်းစား ရော့ခ်နေရာမှ “ငွေလမင်း” လို့ဆိုလိုက်ပြန်တော့ အားလုံးက ဝေးခနဲအော်ကြသည်။ ဒီသီချင်း ကတော့ လေးဖြူအသံကို ပရိသတ်အသံက ဖုံးအုပ်သွားသည်။
ပထမပိုင်းကတော့ ဘာမှသိပ်ထူးထူးခြားခြားမရှိ … တယောက် သုံးလေးပုဒ်စီ ဆိုပြီး ပြီးသွားသည်။ ပထမပိုင်းပြီးတော့ ဒရမ်မာ ခရမ်း၏ ရိုက်ချက်ဆန်းများကို ပြသည်။ ပြနေကြ အကွက်များ အပြင် ထူးထူးခြားခြား လုပ်ပြသည်။ သူ့ရိုက်ချက် ပြီးခါနီးတော့ ပရိသတ်ကို စကားပြောသည်။ သြဂုတ်လထဲတွင် ကျင်းပမည့် IC နှစ် ၂၀ ပြည့်ပွဲအတွက် ကြိုတင် ဖိတ်ခေါ်ခြင်း ဖြစ်သည်။
ပြီးတော့ ဝိုင်ဝိုင်း ပြန်စသည်။ ဝိုင်ဝိုင်းသီချင်းများက အသစ်များသည်။ ထို့ကြောင့် ပရိသတ်နှင့် သိပ်ရင်းနှီးပုံမရ … ဝိုင်ဝိုင်း ဆိုနေချိန်တွင် ပရိသတ်က အပြင်ထွက်သူထွက်၊ ခဏတဖြုတ် ကြမ်းပေါ်ထိုင်နားသူနားနှင့် …။ သူ သုံးလေးပုဒ် ဆိုပြီး ချစ်စမ်းမောင်၏ ဂစ်တာပြချက်များ …။ အသစ် ထူးထူးခြားခြား မပါပေမယ့် သူ့စတိုင်နှင့် ဟန်ကတော့ ပရိသတ်ကို ဆွဲဆောင်မြဲ …။ အဆုံးသတ် ပြချက်က ထုံးစံအတိုင်း မြနန္ဒာ တေးသွား … ပြီးတာနဲ့ သူက ဂစ်တာကို ကိုင်မြှောက်ကာ ပြန်ဖမ်းပြပြီး တိခနဲဖြတ်ချလိုက်ကာ ပရိသတ်၏ လက်ခုပ်သံကို ရယူသွားသည်။ IC ပရိသတ်တွင် လူငယ်များ ပါဝင်သော်လည်း လူလတ်အရွယ်က များသည်၊ နိုင်ငံခြားသား တော်တော်များများလည်း တွေ့ရသည်။ သူတို့လည်း မြန်မာပရိသတ်နှင့် ရောနှောကခုန် မြူးတူးနေသည်ကို တွေ့ရသည်။
မျိုးကြီးတက်လာပြန်သည်။ မျိုးကြီးကျတော့ ပရိသတ်နှင့် အပေးအယူ ပြန်မျှသွားသည်။ သဘောအကျ ဆုံးကတော့ ဒုတိယပိုင်းတွင် ပြန်ဝင်လာသည့် အငဲ …။ “ဒွေးမယ်နော် အချစ်လေး …” ဟု ဆိုလိုက်သည်နှင့် ပရိသတ်နှင့် ဟာမိုနီဖြစ်သွားသည်။ သူ့သီချင်းများကို ပရိသတ် လိုက်ဆိုပေမယ့် ဒုတိယပိုင်းတွင် အငဲ၏ Mood က တော်တော် ကောင်းသည်။ သူ၏ အောင်မြင်ထူးခြားသည့် အသံကို ပရိသတ်အသံက မလွှမ်းနိုင် …။
ဒီအထိတော့ IC ၏ ပွဲတပွဲပွဲတိုင်းတွင် လုပ်ပြတတ်သော အသစ်တခုခု မတွေ့ရသေး …။ အငဲပြီးတော့ လေးဖြူ တက်လာပြီ …။
ဒရမ်ရိုက်ချက်များ … ဂစ်တာသံများနှင့်အတူ “ထွက်ပေါက်” ကို လေးဖြူဆိုပြီ။ ပရိသတ်သိပြီးသား သီချင်း … အားလုံး လိုက်အော်ဆို ကခုန်ကြ … ချစ်စမ်းမောင်၏ ဂစ်တာဆိုလိုမှာ အော်ဟစ်ကြနှင့် သီချင်းပြီးခါနီးမှာ ပရိသတ် ထင်မှတ် မထားတာတခု IC က လုပ်ပြလိုက်သည်။ အဆုံးသတ်တေးသွားကို တီးနေရင်း ချစ်စမ်းမောင်က ရုတ်တရက် လေးဖြူကို ဂစ်တာ လွှဲပေးလိုက်သည်။ လေးဖြူက အဆုံးသတ်တေးသွားကို ဆက်တီးစဉ် ချစ်စမ်းမောင်က မိုက်ခရိုဖုန်းကို ယူကာ “ထွက်ပေါက်များ …” ဆိုသည့် ထပ်ကျော့ Ending ကို ဆိုချလိုက်တော့သည်။ ပရိသတ် အတော်လေး စိတ်လှုပ်ရှား သွားသည်။ သူတို့၏ ဆရာချစ် သီချင်းဆိုသံကို ကြားလိုက်ရရုံမက ရော့ကာကြီး လေးဖြူ၏ ဂစ်တာလက်သံကိုပါ ကြားလိုက်ရသည်ကိုး။
ဒုတိယပိုင်းတွင် ပရိသတ်နှင့် အဆိုတော်များ ပိုပြီး ထိစပ်သွားသည်။ လေးဖြူက သူ့သီချင်းဟောင်းများ အပြင် အင်တာနက် ပေါ် တင်ရောင်းသော ဒိုင်ယာရီနှင့် စိတ်ပူတယ် သီချင်း အသစ်နှစ်ပုဒ်ပါ ဆိုသွားသည်။ သီချင်းအသစ်များ ဆိုပေမယ့် ပရိသတ်ကတော့ အကုန်လုံး ရတာပါပဲ။
ဒုတိယပိုင်းတွင် ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူ အစဉ်လိုက် ၃ ပုဒ်စီ ဆိုပြီးနောက်မှာ တတိယနှင့် နောက်ဆုံးအပိုင်း ရောက်ပြီဆိုတာ ပရိသတ်က သိလိုက်သည် …။ အဆိုတော်အားလုံး စင်ပေါ် တက်လာကြပြီကိုး …။ တယောက် တပုဒ်စီ ဆိုကာ ပွဲသိမ်းတော့မည်။
ဝိုင်ဝိုင်းဆိုဖို့ပြင်စဉ်မှာ နောက်ထပ် အသစ်တခု IC က လုပ်ပြပြန်သည်။ အငဲက လိဒ်ဂစ်တာကို ကိုင်လိုက်သည်၊ လေးဖြူက ဘေ့စ် ဂစ်တာ။ ဝိုင်ဝိုင်း၏ တယ်လီဖုန်း သီချင်းနှင့် အငဲ၏ ဂစ်တာသံ၊ ပရိသတ်၏ လိုက်ဆိုသံ … အားလုံး ညီညွတ်မျှတစွာ …။ ပရိသတ်ထဲက “ဒါအသစ် … ဒါအသစ်” ဟု အော်သံကြားရသည်။ ဝိုင်ဝိုင်းဆိုပြီးတော့ မျိုးကြီး၊ အငဲ တပုဒ်စီ ဆိုကြသည်။ အငဲက “အကြည့်” မျိုးကြီးက ထုံးစံအတိုင်း “နားနားပြီးပြော” …။
လေးဖြူအလှည့်ကျတော့ အဆုံးသတ်ပြီဆိုတာ အားလုံးသိလိုက်သည်။ တချို့ ပြန်ဖို့ပြင်ကြသည်။ ပရိသတ် အများစု ကတော့ ပွဲကိုကြည့်ရတာ အားရပုံမရ …။ IC ၏ မထင်မှတ်သော အသစ်တချို့ကြောင့် ဖြစ်နိုင်သည်။
“ပြန်ကြစို့ … အချစ်လေး …”
လေးဖြူ၏ အဆုံးသတ်သီချင်း … ပရိသတ် ပြန်ကြဖို့ သီချင်း … ။ ထိုသို့ဖြင့် ကြည့်လို့၊ နားထောင်လို့ အားမရခင် IC ပွဲ ပြီးဆုံးသွားသည်။
စိတ်မကျေနပ်မှုကလေး အနည်းငယ်တော့ ရှိသည်။ အဲဒါကတော့ ပထမပိုင်းမှာ အသံပိုင်း အားနည်းချက် တချို့နှင့် မီးအလင်းအမှောင် သိပ်စိတ်တိုင်းမကျတာပဲ ဖြစ်သည်။ ပထမပိုင်းမှာ အသံက ဆူညံပြီး ပြဲထွက်နေသလို၊ မီးကလည်း ပေးချင်သလို ပေးထားသည်ဟု ထင်သည်။ သို့သော်လည်း ဒစ်စကိုလိုက်တွေ ပြူးပြူးပြဲပြဲ သုံးမထားသည်ကိုတော့ ကျေးဇူးတင်မိသည်။ အဲဒါလောက်ကလေးက လွဲလျှင် အဆင်ပြေသည့်ပွဲ ဖြစ်သည်။ IC ၏ ထုံးစံအတိုင်းများနှင့်် အသစ်တချို့ ရောယှက်ထားသည့် ရော့ခ်ရှိုးပွဲ ပြီးပါပြီ။
ပွဲအစကနေ ပွဲပြီးသည်အထိ ငြိမ်နေသော မိုးက … ပွဲအပြီး အိမ်ပြန်ချိန်ကျမှ သည်းချလိုက်သည် … မိုးကော၊ လေပါ … တဝုန်းဝုန်း တအုန်းအုန်း …။