ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက် လာသည့် အနုပညာရှင်များ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
မစပ်စုတို့ မြန်မာပြည်ကြီးက အနုပညာလောကကြီး တိုးတက်ထွန်းကားလာဖို့အတွက် လိုအပ်တဲ့ အခန်းကဏ္ဍတွေ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတကြီးက အနုပညာရှင် အတတ် ပညာရှင်ပေါင်း ၁၈၀ ကျော်ကို ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ခေါ်ယူတွေ့ဆုံခဲ့တယ် ဆိုတာ အားလုံးလည်းအသိပါပဲ။
အဲ့ဒီပွဲကို ပိုပြီးသိသွားစေတဲ့အထဲမှာ အဆိုပါ ပွဲကျင်းပနေစဉ် အပြင်ဘက်မှာ ယူနတီ သတင်းထောက်ကို ထောင် ၁၀ နှစ်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ မီဒီယာသမားတွေက အသံတိတ်ဆန္ဒပြခဲ့ကြတာ ကြောင့်လည်း ပါဝင်ခဲ့ပါတယ်။
ဒီလို အနုပညာရှင်တွေ တရုန်းရုန်း တက်ရောက်ခဲ့ကြပြီး သမ္မတကြီးထံ မိမိတို့လောကရဲ့ လိုအပ်ချက်တွေ ကို တောင်းဆို တင်ပြခဲ့ကြလို့ ဒီ့အပေါ် အမျိုးမျိုးသော ဝေဖန်သံတွေကလည်း ထုံးစံအတိုင်း ညံလို့ပေါ့လေ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာကာစမှာလည်း အခုလိုပဲ ရုပ်ရှင် ဂီတ၊ သဘင် အနုပညာရှင်တွေ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ တအုန်းအုန်း တရုန်းရုန်းဖြစ်ခဲ့ကြဖူးလေတော့ အခုလို သမ္မတကြီး နဲ့လည်း တွေ့ရမယ်လည်းဆိုရော အုန်းအုန်းထနေတဲ့ အနုပညာရှင်တွေကို facebook လေလှိုင်း သတင်းဌာနကြီးက ပေါက်ကွဲကြပါလေရော။
ထိုစဉ်ကာလတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနုပညာရှင်တွေကို ခေါ် ယူတွေ့ဆုံပြီး သူရဲ့ NLD ပါတီအတွက် တေးသီချင်းတွေ ဖန်တီးဖို့၊ အနုပညာရပ်တွေ ဖန်တီးဖို့ ဆိုတဲ့အနေအထားနဲ့ အနုပညာရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်လို့ အဲဒီကာလဟာလည်း ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာဆိုတော့ ဒါလည်း တနည်းအားဖြင့် မဲဆွယ် စည်းရုံးမှု တခုလို့ ပြောလို့ရပါတယ်။ အဲဒီ အချိန်တွေတုန်းကတော့ အနည်းနဲ့အများဆိုသလို “အမေစု၊ အန်တီစု” ရယ်လို့ ဖြစ်သွားခဲ့ကြ သေးတာကိုး။
သမ္မတကြီးအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးလည်း နီးလာပြီဆိုတော့ ဒီလမ်းစဉ်ကိုများ လိုက်လေသလားဆိုတဲ့ မေး ခွန်းတွေကလည်း မနည်းမနော တွေ့ကြရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်းမှာ နိုင်ငံ အုပ်ချုပ် မင်းလုပ်တဲ့ အကြီးအကဲတွေအနေနဲ့ ပြည်သူတွေ မျက်စိဒေါက်ထောက် ကြည့်နေတဲ့ အနုပညာသမားတွေကို အခုလို အရေးတယူတွေ့ဆုံပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုလာမယ့် အသံတွေကို နားထောင် ပေးမယ်ဆိုတာဟာ အတော်လေး အံ့အားသင့်စရာ မယုံနိုင်စရာဖြစ်နေတာကိုး။ အမှတ်တွေများ ယူနေပြီ လားဆိုတာလိုပေါ့လေ။
ဒီအပေါ်ကို အနုပညာရှင်တွေက ဘယ်လိုမြင်ကြလဲ ဆိုတာကိုတော့ မစပ်စုလိုပဲ ဧရာဝတီ စာဖတ်ပရိသတ်လည်း သိချင်မယ် ထင်ပါရဲ့။
အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ သဘင်ပညာရှင် မိုးဝင်းက “ဒါကတော့ သမ္မတကြီး ရိုးရိုးသားသား လုပ်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ အပေါ်မှာတော့ အသုံးမချဖို့ပဲ လိုပါတယ်။ ဒါကလည်း ကျနော် ပြည်သူတယောက်အနေနဲ့၊ အနုပညာသည် တယောက်အနေနဲ့ ပြောချင် တာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းက ရွေးကောက်ပွဲတွေ ဘာတွေကလည်း ရှိသေးတယ် ဆိုတော့ ကျနော်တို့ကို အခု တော်တော်များများကကို အထင်လွဲ အမြင်လွဲ ဖြစ်ချင်ကြပါတယ်။ အဲဒီအတွက် ကျနော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့ကို ရိုးရိုးသားသားနဲ့ ခေါ်တွေ့ပြီးတော့ ရိုးရိုးသားသားနဲ့ လက်ခံပေးဖို့ ပြောလိုပါတယ်။ ကျနော်တို့ကိုခေါ်ယူပြီး အသုံးချတာကို မကြိုက်ပါဘူးလို့ ပြောချင်ပါတယ်” လို့ သူ့ခံစားချက်နဲ့ ပတ်သက်လို့ ဧရာဝတီကို ပြောပါတယ်။
တိုင်းပြည်အတွက် တကယ်ကောင်းအောင် လုပ်ခဲ့သလား၊ လုပ်နိုင်သလား ဆိုတာတွေနဲ့သာ တိုင်းထွာပြီး ပြည်သူတွေ အနေနဲ့ ထောက်ခံဖို့အသင့်ရှိတဲ့ အကြောင်း၊ ဒီလိုမျိုး လုပ်ရုံနဲ့တင် မဲဆွယ်စည်းရုံးလို့ ရမယ်လို့ မထင်ကြောင်းကိုတော့ သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းက ဆိုပါတယ်။
“ကျနော့်အမြင်ကတော့ မဲဆွယ်တယ်ဆိုတာက ဒီလိုမျိုးလုပ်ရုံနဲ့ မဲဆွယ်လို့ ရမယ်လို့ မထင်ပါဘူး။ ကျနော်တို့ လောကတင် မကဘူး။ လောကပေါင်းစုံကတော့ နှစ်ပေါင်းများစွာဆိုတော့ ယိုယွင်းမှုတွေကတော့ များစွာ၊ လိုအပ်မှုတွေ များစွာရှိနေတာပဲ။ ဆိုတော့ ဒီလိုတွေ့တဲ့အခါမှာ ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်လောကအတွက် တောင်းကြတယ်ဆိုတာက ကောင်းတာပါပဲ။ လုပ်ပေးနိုင်ရင်လည်း ကောင်းပါတယ်။ ဒီလို လုပ်ပေးလိုက်လို့ မဲဆွယ်တယ်လို့လည်း မဟုတ်ဘူးခင်ဗျ။ ကျနော့ အယူအဆပေါ့နော်။ ကျန်တဲ့သူ တွေတော့ မပြောတတ်ပါဘူး။ ကျနော့် အယူအဆကတော့ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်ဆိုရင် ဘယ်သူဖြစ်ဖြစ်ပါ။ သူ့အပေါ်ပဲကြည့်မှာပဲ။ ဒီပုဂ္ဂိုလ်ဟာ တိုင်းပြည်အပေါ် တကယ် ကောင်းအောင် လုပ်ခဲ့သလား၊ လုပ်နိုင်သလား။ ဒီ ငါးနှစ်အတွင်းမှာ။ အဲဒီလိုဆိုရင် ထောက်ခံဖို့ပါ။ မလုပ်နိုင်ဘူး ဆိုရင်လည်း ကျနော်တို့က လုပ်နိုင်မယ်လို့ ထင်တဲ့သူကို ရွေးချယ်ဖို့ပါ။ ဒီဟာနဲ့ မဲဆွယ်လို့ရမယ်လို့တော့ မထင်ပါဘူး” လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
အနုပညာရှင်တွေအနေနဲ့ မိမိတို့ လောကရဲ့ လိုအပ်ချက်တွေအတွက် သွားရတာဖြစ်ပြီး လူကြီးက တွေ့ဖို့ ခေါ်တာကို မသွားရင် မကောင်းတာကြောင့် သွားတွေ့ပြီး စကားပြောလိုက်တာပါလို့ ရုပ်ရှင်အစည်းအရုံးရဲ့ နာယက ဦးအောင်လွင်က ပြောပါတယ်။
“အဲဒီလောက်ထိ ကျနော်လည်း နားမလည်ဘူး မပြောတတ်ဘူး။ ကျနော်တို့မှာလည်း ရုပ်ရှင် အစည်းအရုံးအနေနဲ့ လိုအပ်ချက်တွေ လောလောဆယ်မှာ အများကြီးရှိတယ်။ အဲဒီအတွက်ကို ကျနော်တို့ ရုပ်ရှင်ဆိုတာက ကလေးတွေလိုပဲလေ။ ကလေးတွေလိုပဲ ဆိုတာက လူကြီးကခေါ်တယ်ဆိုရင် အနုပညာ အဖွဲ့အစည်းအနေနဲ့ မသွားလို့မှ မကောင်းပဲ။ နောက်တော့ လည်း ကိုယ့်မှာ လိုအပ်ချက်တွေကလည်း ရှိနေတာဆိုတော့ လူကြီးခေါ်တော့ သွားတွေ့ပြီးစကားပြောလိုက်တာပါပဲ။ ရုပ်ရှင် အစည်းအရုံးအတွက်က လွဲလို့ တခြား ဘာမှ မမြင်ပါဘူး။ မြင်လည်း မမြင်ချင်ပါဘူး” လို့ ဦးအောင်လွင်က ဆိုပါတယ်။
ဒီလို ခေါ်ယူတွေ့ဆုံတာဟာ မဲဆွယ်စည်းရုံးခြင်းဟုတ် မဟုတ်ဆိုတာကို မသိပေမယ့် လက်ရှိ နိုင်ငံတော်ရဲ့ အကြီးအကဲ ပုဂ္ဂိုလ် တယောက်အနေနဲ့ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မေးမြန်းဖြည့်ဆည်းပေးတာဟာ မင်္ဂလာရှိတဲ့ ကိစ္စလို့ မြင်မိတာက ဇာတ်မင်းသား ဖိုးချစ်ပါ။
“အဲဒါကိုတော့ ကျနော်မသိပါဘူး။ သိတာကတော့ နိုင်ငံတော်မှာ လက်ရှိ တာဝန်အရှိဆုံးပုဂ္ဂိုလ် တယောက်က နိုင်ငံ အကြီးဆုံးပုဂ္ဂိုလ် အကြီးအကဲက အနုပညာသမားတွေ အပေါ် တန်ဖိုးထားပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တကူးတက အချိန်ပေးပြီး လာတယ်ဆိုတာကတော့ ဒါ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ကောင်းတဲ့နိမိတ်ပါပဲ။ ဒါကတော့ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တွေ့သင့် ဆုံသင့် အောက်ခြေက ကိစ္စတွေ မေးသင့် ဖြည့်ဆည်းပေးသင့်တယ်။ အဲဒီအချိန်မှာ ဖြည့်ဆည်း ပေးဖို့ စေတနာလေးနဲ့ မေးလာပြီဆိုတော့ ကျန်တာတွေထားပြီး အဲဒါလေးကတော့ မင်္ဂလာရှိတဲ့ ကိစ္စလို့ မြင်ပါတယ်” လို့ ဖိုးချစ်က သူ့အမြင်ကို ပြောပြပါတယ်။
ကဲ ဒါတွေကတော့ အနုပညာရှင်တွေရဲ့ ဒီပွဲအပေါ်မြင်တဲ့ အမြင်တွေပါ။ ဒါနဲ့ အဲဒီနေ့မှာ သူတို့တွေ သမ္မတကြီးထံ ဘာတွေ တောင်းဆို ဆွေးနွေးသွားခဲ့သလဲ။
ရုပ်ရှင်အစည်းအရုံးက ဦးလူမင်း သမ္မတထံ တင်ပြထားတဲ့အချက်တွေက ၁၉၈၈ ခုနှစ် မတိုင်ခင်က မြန်မာပြည်မှာ ရုပ်ရှင်ရုံပေါင်း ၂၉၈ ရုံ နဲ့ စတူဒီယိုပေါင်း ၆၁ ခုထိ ရှိခဲ့ကြောင်း၊ နဝတ၊ နအဖ လက်ထက်မှာတော့ အဆိုပါ ရုပ်ရှင်ရုံ နေရာတွေမှာ အိမ်ရာစီမံကိန်းတွေ၊ ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေဖြစ်သွားခဲ့ရကြောင်း၊ တချို့ဆို ဂိုဒေါင်များပင် ဖြစ်သွားကြောင်းနဲ့ လက်ရှိမှာ ပြသနေတဲ့ ရုပ်ရှင်ရုံ ၂၉ ရုံသာ ကျန်ခဲ့တော့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယနေ့အခါ ရုပ်ရှင်စတူဒီယို လုံးဝမရှိတော့ဘဲ ရုပ်ရှင်အနုပညာရပ်အနေနဲ့ အရှေ့တောင်အာရှမှာ အနိမ့်ဆုံး တိုင်းပြည်ဖြစ်နေရပြီလို့ ဆိုပါတယ်။ အခုထက်ထိလည်း ရုပ်ရှင်ဥပဒေဆိုတာ မပေါ်ပေါက်သေးကြောင်းနဲ့ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာများဟာ နိုင်ငံတော်ကို နှစ်စဉ် ပုံမှန်အခွန်ဆောင်နေသူများ ဖြစ်လို့ နိုင်ငံသားတာဝန် ကျေပွန်ကြပါတယ်လို့လည်း ဆိုပါတယ်။ ဒါ့ထက် ပုဂံဘုရားနဲ့ တက္ကသိုလ်များမှာ ရုပ်ရှင်ရိုက်ကူးခွင့်မရခြင်းစတဲ့ အချက်တွေနဲ့အတူ တင်ပြဆွေးနွေးသွားခဲ့တာပါ။
ဂီတ အစည်းအရုံးက ဦးတင်ဦးလေးရဲ့ တင်ပြဆွေးနွေးချက်တွေကတော့ ခိုးကူးခွေကိစ္စကို ထိထိရောက်ရောက် ရဲက အရေးမယူခြင်း၊ လက်တွေ့သွားဖမ်းလိုက်တဲ့အချိန်မှာ ခိုးကူးနေသူတွေက စခန်းမှူးရဲ့သား ဖြစ်နေတဲ့အတွက် တိုင်းကို တိုင်ကြားသော်လည်း အခုထက်ထိ အမှုမဖွင့် အရေးမယူခဲ့ကြောင်း၊ ဒါ့အပြင် ဂီတအစည်းအရုံးအောက်ထပ်ကို ငှားရမ်းထားသူက ပြည်ထဲရေးဝန်ကြီးရဲ့ ဆွေမျိုးဆိုပြီး ဖယ်မပေးလို့ တရားစွဲရာ အနိုင်ရခဲ့သော်လည်း ယခုထက်ထိ တရားရုံးက ဖယ်မိန့်ထုတ်မပေးခြင်း၊ မူပိုင်ခွင့်ဥပဒေ မပြီးသေးခြင်း စတဲ့ အချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
သဘင်အစည်းအရုံးမှ ပန်တျာမြကြည်ရဲ့ တင်ပြမှုတွေက ဇာတ်သဘင်အစည်းအရုံး အဆောက်အဦမရှိခြင်း၊ ပွဲမိန့်ရရန် ခက်ခဲခြင်းတို့ကို တင်ပြထားပါတယ်။ ဒါ့အပြင် သဘင်ပညာရှင် ဦးချမ်းသာက သဘင်သမားတွေအတွက် ကဇာတ်ရုံမရှိခြင်း၊ ရန်ကုန် ၊မန္တလေး ၊မော်လမြိုင်စတဲ့နေရာတွေမှာ မိုးလုံလေလုံရုံတွေ ယခင်က ရှိပြီး ယခုမရှိတော့ခြင်း၊ ပွဲမိန့်တခုရဖု့ိ အနည်းဆုံးတလ စောင့်ဆိုင်းရလို့ ဇာတ်သူဇာတ်သားတွေ စားဝတ်နေရေး အခက်အခဲတွေ့ရခြင်း၊ လုံခြုံရေးအတွက် မြို့နယ်အုပ်ချုပ်ရေးကို ပိုက်ဆံပေးရသော်လည်း လုံံခြုံရေးတာဝန်မယူပေးခြင်း၊ ဆီးဂိမ်းလို ပွဲကြီးမျိုးတွေလုပ်ပြီး သဘင် အနုပညာရှင်တွေကို တယောက်မှ မဖိတ်ခေါ်ခြင်း၊ ဘုရားပွဲတွေမှာ ဇာတ်ရုံဆောက်ဖို့ မြေလေလံတွေ အဆမတန် တောင်းတဲ့အတွက် မကနိုင်ခြင်း စတဲ့ အချက်တွေကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။
ဒီလို ရုပ်ရှင်၊ ဂီတ၊ သဘင် အားလုံး တင်ပြဆွေးနွေးသွားပြီးတဲ့နောက်မှာရော ဘယ်သူတွေက သူတို့တောင်းဆိုသွားခဲ့တဲ့ ဘာအချက်တွေ ရကုန်ကြပြီလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
လတ်တလောမှာတော့ ရုပ်ရှင်အစည်းအရုံးအတွက် ရုပ်ရှင်မြို့တော် တည်ဆောက်နိုင်ဖို့ ရန်ကုန်မြို့ လှော်ကားမှ မြေဧက ၅၀ နဲ့ ညောင်နှစ်ပင်နားမှ မြေဧက ၈၀၊ အဲဒီနှစ်နေရာအနက် ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကြိုက်နှစ်သက်ရာ တနေရာကို ရွေးချယ်ပြီး ရုပ်ရှင်မြို့တော်ပြုလုပ်ဖို့ သမ္မတက ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။ ဒီနှစ်နေရာထဲကမှ တနေရာကို ရွေးချယ်နိုင်ဖို့ရန် ရုပ်ရှင် အစည်းအရုံးအနေနဲ့ စဉ်းစားတုန်းပဲလို့ သိရပါတယ်။ ညောင်နှစ်ပင်က ဟိုတချိန် နအဖ ခေတ်က အမျိုးသားညီလာခံ ဆိုတာကြီး ကျင်းပခဲ့ရာနေရာကြီးလို့ ဝေဖန်သံတွေ ညံနေတာ မစပ်စု ကြားမိပါတယ်။ ဒါပေမယ့် မြေဧက အနေနဲ့က အဲဒီနေရာက ပိုကျယ်နေပါတယ်။ ဂီတနဲ့သဘင် အတွက်ကတော့ လတ်တလောမှာ ဘာမှ ထူးမခြားလာသေးဘူးလို့ သိရပါတယ်။
“ကျနော်တို့ တွေ့တာလည်း မနေ့တနေ့က ဆိုတော့လေ၊ ဘာမှတော့ ကျနော်တို့ဆီကို မလာသေးပါဘူး။ ကျနော်တို့သက်တမ်း တနှစ်ခွဲကျော်ကျော်၊ သူတို့ရဲ့ သက်တမ်းသုံးနှစ်ကျော်ကျော်မှာ ကျနော်တို့ကို အခုမှ မအားလပ်တဲ့ကြားက တွေ့ခွင့်ပေးတဲ့ အတွက် ကျနော်တို့ကလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ တောင်းဆိုတာတွေလည်း အဆင်ပြေချောမွေ့မယ်လို့ ကျနော်က ဆုတောင်းပါတယ်” လို့ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးက ဆိုပါတယ်။
အဲဒီလိုဆိုတော့ကာ အနုပညာရှင်တွေကတော့ သူတို့ တကိုယ်ရည်အမြင်တွေနဲ့ သမ္မတထံ သူတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မစပ်စုကို အခုလို ပြောသွားခဲ့ကြပြီး ရသင့်ရထိုက်တဲ့ တချို့ကိစ္စ အနည်းငယ်ကိုလည်း သမ္မတကြီး အနေနဲ့ ဖြည့်ဆည်းပေးနေပြီ ဆိုတော့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်သွားတဲ့ ဒီတွေ့ဆုံခြင်းက သမ္မတကြီးအနေနဲ့ အနုပညာရှင်တွေကို ၂၀၁၅ အတွက် တကယ်ပဲ မဲဆွယ်စည်းရုံးခြင်း ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကတော့ သမ္မတကြီးသာ အသိဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။