နောနော်၊ သအိုတို့နဲ့ အတူ “စေလိုရာစေ” အတွဲခွေမှာ ကတည်းက သူ့သံနဲ့ သူ့သီချင်းတွေကို ပရိသတ်က သတိထားမိ ခဲ့သူ တယောက် ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ပရိသတ် လုံး၀ သတိ မထားမိလိုက်တဲ့ Album တချပ် ထွက်ခဲ့ဖူးပြီး “စေလိုရာစေ” Album နဲ့မှ ပရိသတ် သတိပြုမိသွား ကြတာမို့ “ကမ္ဘာတည်သရွေ့” ဆိုတဲ့ သူရဲ့ ဒုတိယမြောက် တကိုယ်တော် Album လို့ သတ်မှတ်ရမယ့် Album ကို ဆက်လက် ဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။
ဒီ Album ထွက်ရှိခဲ့တာ ကာလအတိုင်းအတာ တခုအထိ ကြာမြင့်ခဲ့ပြီလို့ ဆိုနိုင်ပေမယ့် ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်းပုံစံ တော်တော်များများက နားထောင်ပါများလေ စွဲမက်ဖွယ် ကောင်းလေ ဖြစ်တာမို့ ဒီ Album နဲ့ အလှမ်းဝေး နေသေးတဲ့ လူငယ်တွေ မြည်းစမ်း ခံစားကြည့်နိုင်ဖို့ ဒီ Album ထဲက သီချင်းတွေနဲ့ မိတ်ဆက်ပေးလိုပါတယ်။
ဖိုးသားကိုယ်တိုင် ဖန်တီးရေးဖွဲ့ထားတဲ့ “မိုး” ဆိုတဲ့ အဖွင့်သီချင်းလေးက နားဆင်မိတဲ့သူကို Emotional ဖြစ်စေမယ့် Pop Rock ဆန်ဆန် အချစ်သီချင်းတပုဒ်ပါ။ Intro အဝင်မှာ Bass နဲ့ Drum ကို အစပြုပြီး Guitar Riff တွေကို သေသေသပ်သပ်နဲ့ ချိတ်ဆက်ဖန်တီး တီးခတ်သွားတဲ့ Style က အဖွင့် သီချင်းကောင်းတပုဒ် အဖြစ် စီးဆင်းနိုင်ခဲ့ ပါတယ်။
မိုးကို တင်စားထားတဲ့ အချစ်သီချင်းတွေ အများကြီးရှိပေမယ့် ဒီသီချင်းမှာ တွေ့ရတဲ့ စကားလုံးတွေရဲ့ အားကောင်းမှုက သီချင်းရသကို ပိုမို ပေါ်လွင်စေခဲ့ပါတယ်။ ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ Chorus ချည်း သီးသန့် ခွဲထွက်သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Verse နဲ့ Chorus ကို မသိမသာ ချိတ်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ Solo အနေနဲ့ သိပ်မထူးခြား ပေမယ့် Ending ပိုင်းရဲ့ အဆုံးသတ် လှပမှုနဲ့ Backing ပိုင်းကို Keyboard နဲ့ အားဖြည့်သွားတဲ့ Arrangement ရဲ့ သေသပ်မှုကြောင့် နားဝင်လွယ်စေမယ့် အချစ်သီချင်းကောင်းလေး တပုဒ်အဖြစ် ဒီ Album တခုလုံးကို သက်ဝင် နိုးကြား စေခဲ့ပါတယ်။
လင်းလင်းရဲ့ “စိတ်ကူးယဉ်သူ” လို့ အမည်ရတဲ့ Slow Rock သီချင်းတပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းကို စကြားလိုက်တာနဲ့ လင်းလင်းရဲ့ လက်ရာဆိုတာ ရိပ်မိကြမှာပါ။ Intro အဖွင့်မှာ Guitar သံလွင်လွင်က ဒီသီချင်းအပေါ် စိတ်ဝင်စားမှု ပိုစေခဲ့ပြီး ဖိုးသား Vocal ရဲ့ Mood နဲ့ Expression ကလည်း သီချင်း Frame နဲ့ လိုက်ဖက်မှုရှိတာကို သတိထားဖြစ်ခဲ့ ပါတယ်။
ဒီသီချင်းရဲ့ Melodic ဖြစ်လှတဲ့ Chord Phrasing အပေါ်မှာ Backing ပိုင်းကို Piano နဲ့ အားဖြည့်ပေးထား တာက သီချင်းကို ပိုမိုအသက်ဝင်စေနိုင်ခဲ့ပါတယ်။ Solo အပိုင်းမှာ Piano၊ Drum နဲ့ Bass သုံးခုကို ပေါင်းစပ်ဖန်တီးထားတဲ့ Arrangement ရဲ့ လှပမှုကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်သလို၊ Ending အပိုင်းမှာ Harmony ရဲ့ စီးပိုင်မှုကလည်း Slow Rock သီချင်းကောင်း တပုဒ်ရဲ့ ရသကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
လူသစ်တန်း တေးရေးဆရာ ဇော်လင်းရဲ့ “လေထဲက အိမ်” သီချင်းကတော့ ဖိုးသားရဲ့ Vocal Color နဲ့ လိုက်ဖက်တဲ့ အချစ်သီချင်းကောင်းလေး တပုဒ်ပါပဲ။ Intro အဖွင့်မှာ Piano ရဲ့ ဆွဲဆောင်မှုက ဒီသီချင်းကို နိုးထလှပ စေခဲ့ပေမယ့် ထပ်ကာထပ်ကာ ကျော့ပြီး Verse နဲ့ Chorus အပိုဒ်ကို သီဆိုထားတဲ့ အတွက် သီချင်းက အနည်းငယ် အိုင်နေသလို ခံစားမိပါတယ်။ ဒါပေမယ့် Chorus အပိုဒ်ရဲ့ ထူးခြားမှုနဲ့ ချမ်းဟိန်းကြွယ်ရဲ့ Backing Violin တွေက အဓိက အသက် သွေးကြောတခု ဖြစ်ခဲ့တာကြောင့် Slow Rock ကို ရင်ခုန်တတ်တဲ့ ပရိသတ်တွေ အတွက်တော့ အကြိုက်တွေ့ စေမှာ မလွဲပါပဲ။
Title သီချင်းဖြစ်တဲ့ “ကမ္ဘာတည်သရွေ့” ကတော့ ဖိုးသားအပေါ် အနည်းငယ် လွှမ်းမိုးမှု ရှိနေတဲ့ နောနော်ရဲ့ ဖန်တီးမှု လက်ရာ သီချင်းတပုဒ် ဖြစ်ပြီး Pop Rock ဆန်တဲ့ သီချင်းကောင်းလေး တပုဒ်ဖြစ်ပါတယ်။ ဒီ Album ရဲ့ Title သီချင်း ဖြစ်တဲ့ အတိုင်း ထူးခြားတဲ့ သီချင်းတပုဒ်လို့ ဆိုရမှာပါ။
ရိုးရိုးစင်းစင်းလေး ရေးဖွဲ့ထားပေမယ့် စာသားအကြောင်းအရာ လေးနက်မှုကြောင့် အချစ်စကားလုံး လှလှလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ လူငယ်တွေအပေါ် လွှမ်းမိုးနိုင်မှာ မလွဲပါပဲ။ နောနော်ရဲ့ သီချင်းဖြစ်တဲ့ အတိုင်း ဖိုးသားရဲ့ ဆိုဟန်မှာ နောနော်ရဲ့ Influence အနည်းငယ် လွှမ်းမိုးနေတာက လွဲရင် ဖိုးသားရဲ့ Vocal နဲ့ သီချင်းပုံစံက လိုက်ဖက်မှု ရှိတာကို တွေ့ရပါတယ်။ Solo ပိုင်းကို Acoustic Mood ဆန်ဆန် တိကျသေသပ်စွာ တီးခတ်သွားတဲ့ ပုံစံကလည်း Guitar တီးနည်းကို လေ့လာနေကြတဲ့ ဂီတဝါသနာရှင်တွေကို အကြိုက်တွေ့စေမှာပါ။ တခါ နားထောင်မိရုံနဲ့ ရင်ထဲစွဲငြိ သွားစေမယ့် Title သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
“ပြောင်းလဲပေးပါ” ဆိုတဲ့ သီချင်းကတော့ ဖိုးသားကိုယ်တိုင် ရေးဖွဲ့ထားတာ ဖြစ်သလို ဒီ Album တချပ်လုံးရဲ့ အပြင်းစား Rock သီချင်းတပုဒ် လို့လည်း ပြောရမှာပါ။ ခပ်ကြမ်းကြမ်း Rock သီချင်းတပုဒ် ဖြစ်တဲ့အတိုင်း Intro ရဲ့ Guitar Vamp တွေက နားဆင်သူကို သွေးဆူစေမှာ မလွဲပါပဲ။
Solo Guitar Riff တွေကလည်း အင်နဲ့ အားနဲ့ စီးဆင်းနိုင်ခဲ့သလို Pitch တွေ မယိုင်အောင် သီဆိုသွားတဲ့ ဖိုးသားရဲ့Vocal Power က Rock အပြင်းစားတွေကို သီဆိုနိုင်ကြောင်း ဒီသီချင်းနဲ့ မီးမောင်း ထိုးပြထားပါတယ်။ ခပ်ကြမ်းကြမ်း Rock ကို ငြိတွယ်တတ်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် သီချင်းတပုဒ် ဖြစ်ပါတယ်။
“ကျေးဇူးပါ” ကတော့ ဒီ Album ထဲက ဖိုးသားရဲ့ နောက်ထပ် ဖန်တီးမှုလက်ရာ ဖြစ်တဲ့ Country Rock သီချင်း အမျိုးအစားတပုဒ်ပါ၊ Intro မှာ Guitar, Violin နဲ့ Percussion သုံးခုကို Hermony ဖြစ်အောင် တွဲဖက် ဖန်တီးထားတဲ့ Arrangement ရဲ့ ထူးခြားမှုက လွဲရင် သိပ်မထူးခြားတဲ့ သီချင်းတပုဒ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် ဖိုးသားရဲ့ Vocal Expression က သီချင်းကို စွဲဆောင်မှု ရှိစေပြီး Backing အနေနဲ့ ချမ်းဟိန်းကြွယ်ရဲ့ Violin Mood အားကောင်းမှု ကလည်း ဒီသီချင်းရဲ့ ရုပ်လုံးကို ဖော်ကျူးနိုင်ခဲ့တာကြောင့် Country Rock Music Style ကို နှစ်သက်သူများ အတွက် နားစွဲလွယ် စေမယ့် သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album ရဲ့ ၇ ပုဒ်မြောက်ဖြစ်တဲ့ “အရိုးသားဆုံး” ဆိုတဲ့ သီချင်းကတော့ နောနော်ရဲ့ ဒုတိယမြောက် ဖန်တီးရေးဖွဲ့ ပေးထားတဲ့ Alternative Rock သီချင်းတပုဒ်ပါ။ Alter Mood ပုံစံကို Acoustic Mood ဟန်နဲ့ ဖန်တီးတီးခတ်သွားတဲ့ Guitar သံလွင်လွင်လေးက ဒီသီချင်းရဲ့ ရသကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီသီချင်းရဲ့ Verse အပိုဒ်ကို နားထောင်တဲ့အခါ အီနေသလို ခံစားရပေမယ့် Melodic ဖြစ်လှတဲ့ Chorus အပိုဒ်ကြောင့် ဆန်းသစ်တဲ့ သီချင်းတပုဒ်အဖြစ် သက်ဝင်စေခဲ့ ပါတယ်။
စာသား အကြောင်းအရာက သီချင်းပုံစံနဲ့ လိုက်ဖက်မှုရှိပြီး ဖိုးသား Vocal ရဲ့ Mood နဲ့ Expression ကလည်း သေသပ်ကောင်းမွန် နေတာကြောင့် Alternative Acoustic Mood Music Style ကို နှစ်သက်သူများ အတွက် အကြိုက်တွေ့စေ ပါလိမ့်မယ်။
Music Style ကောင်းကောင်းလေးတွေကို အနုပညာစွမ်းအား ကောင်းကောင်းနဲ့ ဖန်တီးတတ်တဲ့ ရယ်ဂျီရဲ့ သီချင်းတပုဒ် ဖြစ်သလို၊ ဒီ Album ထဲမှာ ဖိုးသားရဲ့ ဟန်တခု အဖြစ် ဖောက်ထွက်နိုင်ခဲ့တဲ့ သီချင်းတပုဒ် လို့လည်း ဆိုနိုင်မယ့် “အချစ်ရူး” လို့ အမည်ရတဲ့ သီချင်းလေးကိုတော့ Melodic ဖြစ်လှတဲ့ Acoustic Mood ပုံစံ ဖန်တီးထားတာကြောင့် သီချင်းပုံစံက စွဲမက်ဖွယ်ဖြစ်စေခဲ့ပြီး Solo Guitar Riff တွေနဲ့ Harmony တွေရဲ့ အားကောင်းမှုကြောင့်လည်း Slow Rock သီချင်းကောင်းကောင်းလေး တပုဒ်အဖြစ် နားဆင်ခံစားသူရဲ့ရင်ကို လှုပ်ခတ်စီးဆင်းနိုင်ခဲ့ပါတယ်။
အချစ်ကြောင့် အသည်းကွဲနေသူများ အတွက် ထိရှခံစားလွယ်စေမယ့် သီချင်းတပုဒ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ “ကျေနပ်တယ်” ဆိုတဲ့ သီချင်းကတော့ တေးရေး ဇော်လင်းရဲ့ ဒုတိယမြောက် လက်ရာမွန် သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။ Intro ကို စနားထောင် ကတည်းက သီချင်းကောင်း တပုဒ ်ဖြစ်မှန်း သိသာပေါ်လွင် စေခဲ့ပါတယ်။ Verse နဲ့ Chorus နှစ်ခုလုံးကို အချိတ်ဆက်မိမိ သီဆိုသွားတဲ့ ဖိုးသားရဲ့ Mood ကလည်းသီချင်းအပေါ် ပိုမို သက်ဝင်လှုပ်ရှားစေ ခဲ့ပါတယ်။
Chorus အပိုဒ်မှာ Vocal ကို Breathing Mood ဆန်ဆန် အရှူအရှိုက်တွေနဲ့ Expression အပြည့် ဆိုသွားတဲ့ဟန်က ဖိုးသားရဲ့ Vocal Stamina အားကောင်းမှုကို သိသာ ထင်ဟပ်စေခဲ့ပါတယ်။ သီချင်းအကြောင်းအရာက အသည်းကွဲ သီချင်း ဖြစ်ပေမယ့် အခြားအသည်းကွဲ အချစ်သီချင်း အကြောင်း အရာတွေကနေ ခွဲထွက်နိုင်ခဲ့တဲ့ အချစ်သီချင်း ကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album ရဲ့ အပိတ်သီချင်းဖြစ်တဲ့ အရိပ်ဆိုတဲ့ သီချင်းကတော့ ဖိုးသားရဲ့ သီချင်းရေးဖွဲ့မှု အတတ်ပညာ စွမ်းရည်ကို ပြသထားတဲ့ သီချင်းတပုဒ်လို့ ဆိုရမှာပါ။ Intro ကို 6 x 8 Timing ဆန်ဆန်နဲ့ အစပြုထားပြီး Intro အဝင်မှာ မလိုအပ်ဘဲ ပေရှည်နေသလို ခံစားရပါတယ်။ Verse အပိုဒ်ရဲ့ Melodic ဖြစ်လှတဲ့ Chord Phrasing တွေနဲ့ အတူ Backing အနေနဲ့ ချမ်းဟိန်းကြွယ် တီးခတ်ပေးသွားတဲ့ Violin Mood ကလည်း သီချင်းအကြောင်းအရာနဲ့ လိုက်ဖက်အောင် လွမ်းမောစရာ ကောင်းလှပါတယ်။
Verse အပိုဒ်နဲ့ Chorus အပိုဒ်ကို ချိတ်ဆက်သွားတဲ့ ဟန်ကလည်း Melodic ဖြစ်လှပြီး ဖိုးသားရဲ့ Vocal နဲ့လည်း လိုက်ဖက်မှု ရှိတာကြောင့် ဒီ Album ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပိတ်သီချင်း ကောင်းလေးတပုဒ် အဖြစ် လူငယ်တွေ ရဲ့ Rock Album စင်မြင့်ပေါ်မှာ ရှိနေသင့်တဲ့ Album တချပ်ဖြစ်ပါကြောင်း ညွှန်းဖွဲ့ဖော်ပြပေး လိုက်ရပါတယ်။ ။